Things To Do

RS တွေကို အပြတ်ချေလို့ရမယ့် Singles’ Day (11.11) ဖြစ်ပေါ်လာပုံ

Singles' Day 2022

တစ်ဂဏန်းလေးလုံးပါတဲ့ (11.11) နိုဝင်ဘာလ ၁၁ ရက်နေ့က အပြည်ပြည်ဆိုင်ရာ Singles’ Day ဖြစ်ပါတယ်။ Singles’ Day ကို ၁၉၉၃ ခုနှစ်လောက်မှာ တရုတ်နိုင်ငံ၊ နန်ကျင်းတက္ကသိုလ်က ကျောင်းသား (၄) ဦးအစုကနေ ရည်းစားမရှိတာကို ထိုင်ပူဆွေးနေမယ့်အစား သူငယ်ချင်း (၄) ယောက် ချစ်ချစ်ခင်ခင် နေထိုင်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စခဲ့တာဖြစ်ပါတယ်။

ဒီလိုနဲ့ တဖြည်းဖြည်း တခြားတက္ကသိုလ်တွေထိပါ ပျံ့သွားခဲ့၊ အင်တာနက်တွေမှာပါ တစ်ခေတ်ထခဲ့ရင်း နောက်ဆုံးမှာတော့ တခြားနေ့တွေလို တရားဝင်သတ်မှတ်ထားတာမျိုးတော့ မဟုတ်ပေမယ့် Singles’ Day ဆိုပြီး ပေါ်လာခဲ့တာပါ။

ဘာကြောင့်နေ့တွေ အများကြီးထဲကမှ နိုဝင်ဘာ ၁၁ ရက်ကို ရွေးရသလဲဆိုတော့ တစ်ဂဏန်းဆိုတာ တစ်ကိုယ်တည်း၊ တစ်ယောက်တည်းကို ကိုယ်စားပြုတာကြောင့်ဖြစ်ပြီး တစ်လေးလုံးကတော့ ထိုကျောင်းသား လေးဦးကို ကိုယ်စားပြုတာဖြစ်ပါတယ်။

ကမ္ဘာတဝှမ်းလုံးက Single တွေကို ဘယ်တော့မှ အားငယ်စရာမလိုကြောင်း အားပေးတဲ့အနေနဲ့ သတ်မှတ်ထားတာဖြစ်လို့ ဒီကနေ့ (11.11) ကို Singles’ Day ဆိုတာအပြင် Anti-Valentine's Day လို့လည်း ခေါ်ဆိုကြပါသေးတယ်။

Rs တွေရဲ့ Valentine's Day လိုပဲ Singles’ Day မှာလည်း သတ်မှတ်ထားတဲ့ Celebration တွေ ရှိပါတယ်။ တကယ်လို့ သင်က Single တစ်ဦးဆိုရင် ဒီကနေ့မှာ "Singles Stick Together" ဆိုတဲ့ ဆောင်ပုဒ်လေးကို အော်ဆိုရပါမယ်။ အဓိပ္ပါယ်ကတော့ Single အချင်းချင်း စည်းစည်းလုံးလုံး နေကြမယ်ဆိုပြီးဖြစ်ပါတယ်။ 

ဒီနေ့မှာ Single တွေက Single သူငယ်ချင်း အချင်းချင်း လက်ဆောင်ပေးကြတာမျိုး၊ ကိုယ့်ကိုယ်ကိုယ် လက်ဆောင်ပြန်ပေးတာမျိုး၊ Single သူငယ်ချင်းတွေစုပြီး စျေးဝယ်ထွက်ကြတာမျိုး၊ မုန့်စုစားကြတာမျိုး တစ်နေ့တာကို အရသာရှိရှိ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြပါတယ်။

ဒါ့အပြင် ဒီနေ့ Singles’ Day ဟာ ကမ္ဘာ့အကြီးမားဆုံး Online Shopping Day လည်း ဖြစ်တာကြောင့်မို့ နိုင်ငံအချို့မှာဆိုရင်တော့ Single တွေအတွက် သီးသန့် ဈေးချရောင်းပေးလေ့ရှိပါတယ်။ အွန်လိုင်းရှော်ပင်ကုမ္ပဏီကြီး အလီဘာဘာရဲ့ သူဌေးဖြစ်သူ ဂျက်မားဟာ ၂၀၀၉ ခုနှစ်ရဲ့ Singles’ Day မှာ လျော့ဈေးတွေ ဝက်ဝက်ကွဲချခဲ့ရာကစပြီး Single များနေ့ဟာ အလုအယက် ရှော်ပင်ထွက်၊ ဈေးဝယ်ကြတဲ့ နေ့တစ်နေ့ဖြစ်လာခဲ့ပါတယ်။

တစ်ယောက်တည်းနေရတဲ့အခါ တစ်ခါတစ်လေမှာ အထီးကျန် အားငယ်ရတယ် ဆိုပေမယ့်လည်း မှားယွင်းတဲ့ အချစ်ရေး ဇာတ်ရှုပ်ထဲမှာ ကျင်လည်နေရတာထက်စာရင် စိတ်သွားတိုင်း ကိုယ်ပါတဲ့ Single ဘဝလေးက နေပျော်တာ အမှန်ပါ။ Right time, right person မရှိလာသေးခင်ထိတော့ Single ဘ၀မှာ အပျော်ဆုံးနေကြပါလို့ တိုက်တွန်းချင်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ (11.11) Single များနေ့မှာ ကိုယ့်ကိုယ်ကိုယ် လက်ဆောင်ပြန်ပေးရင်း Single ဘ၀နဲ့ အပျော်ကြီးပျော်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

 

Next

Read 872 times