Things To Do

၂၀၂၃ ခုနှစ်မှာ ယုန်နှစ်ဖွားတွေနဲ့ အတူ ကံကောင်းမည့် ရာသီဖွားများ

2023 Chinese Zodiac Years

ဒီတစ်ခေါက် ၂၀၂၃ ခုနှစ်အတွင်း ကျရောက်မယ့် တရုတ်နှစ်သစ်ကူးဟာ ယုန်နှစ်မှာ ဖြစ်ပါတယ်။ တရုတ်ရိုးရာ ရာသီခွင်အရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၉) ရက်နေ့အထိကို ယုန်နှစ်အဖြစ် သတ်မှတ်ထားပါတယ်။ ဒါကြောင့် ၂၀၂၃ ခုနှစ် ယုန်နှစ်မှာ ယုန်နှစ်ဖွားတွေရဲ့ ကံဇာတာက ဘယ်လိုရှိမလဲ၊ ယုန်နှစ်မှာ ဘယ်နှစ်ဖွားတွေ ကံဇာတာကောင်းပြီး ဘယ်နှစ်ဖွားတွေ အဆိုးဘက် သွားနေလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။  

တရုတ်လူမျိုးတွေရဲ့ ရာသီခွင် (၁၂) ခုကို တိရစ္ဆာန် (၁၂) မျိုးနဲ့ သတ်မှတ်ထားပြီး တိရစ္ဆာန် တစ်ကောင်ချင်းစီဟာ နှစ်တစ်နှစ်ကို ကိုယ်စားပြုပါတယ်။ နှစ်တွေကို ကိုယ်စားပြုတဲ့ တိရစ္ဆာန် (၁၂) မျိုးကတော့ -  

၁။ ကြွက်

၂။ နွား

၃။ ကျား

၄။ ယုန်

၅။ နဂါး

၆။ မြွေ

၇။ မြင်း

၈။ ဆိတ်

၉။ မျောက်

၁၀။ ကြက်

၁၁။ ခွေးနဲ့ 

၁၂။ ဝက်တို့ ဖြစ်ကြပါတယ်။

ရာသီခွင်တွက်ချက်နည်း

=============

ကိုယ်က ဘယ်နှစ်ဖွားလည်းဆိုတာကို သိချင်တဲ့ သူတွေအတွက် တွက်နည်းလေး ‌ဖော်ပြပေးလိုက်ပါတယ်။ တွက်နည်းလေးကတော့ လွယ်ကူရိုးရှင်းပါတယ်။

ဥပမာ - သင်က ၂၀၀၀ ခုနှစ်ဖွား ဆိုပါစို့။

- ကိုယ်မွေးတဲ့ခုနှစ် (၂၀၀၀) ထဲက (၃) ကို နုတ်ပါ။ 

- ကျန်တဲ့ ဂဏန်း (၁၉၉၇) ကို (၁၂) နဲ့ စားပါ။

- စားလို့ကြွင်းတဲ့ အကြွင်း (၅) က ကိုယ့်ရာသီနှစ် ဖြစ်ပါတယ်။

- အကြွင်းက (၅) ဆိုရင် အပေါ်မှာ ဖော်ပြထားတဲ့ နံပါတ် (၅) အကောင် နဂါးနှစ်ကို ယူရပါမယ်။

- အကယ်၍ အကြွင်းက (၀) ဆိုရင်တော့ ‌နောက်ဆုံးနှစ် ဝက်နှစ်ပါ။

ရာသီခွင်တွက်ချက်နည်း သိသွားပြီဆိုတော့ ဒီနှစ်ယုန်နှစ်မှာ ယုန်နှစ်ဖွားတွေအတွက် ကံဇာတာဘယ်လိုရှိမလဲဆိုတာ ဆက်ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

တရုတ်ယဉ်ကျေးမှုမှာ ယုန်က လကို ကိုယ်စားပြုပြီး ယုန်ရဲ့ ဖြူစင်တဲ့ အသွင်အပြင်က လနဲ့တူတယ်လို့ တချို့က ဆိုကြပါတယ်။ လိုက်ဖက်တဲ့ အိမ်ထောင်နှစ်ဖွားတွေကတော့ ခွေးနှစ်ဖွား၊ ယုန်နှစ်ဖွား၊ ဆိတ်နှစ်ဖွားတို့ ဖြစ်ပါတယ်။ မလိုက်ဖက်တဲ့ အိမ်ထောင်နှစ်ဖွားတွေကတော့ ကြက်နှစ်ဖွား၊ နဂါးနှစ်ဖွား၊ ကြွက်နှစ်ဖွားတို့ ဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ်အတွင်း ယုန်နှစ်ဖွားတွေအတွက် ကံကောင်းစေတဲ့ အရောင်ကတော့ အနီရောင်၊ ပန်းရောင်၊ အပြာရောင်နဲ့ ခရမ်းရောင်တို့ဖြစ်ပြီး ကံမကောင်းစေတဲ့ အရောင်ကတော့ အညိုရောင်၊ ခဲရောင်နဲ့ အဖြူရောင်တို့ ဖြစ်ပါတယ်။ ကံကောင်းစေတဲ့ နံပါတ်ကတော့ ၃၊ ၄၊ ၉ တို့ဖြစ်ပြီး ကံမကောင်းစေတဲ့ နံပါတ်ကတော့ ၅ နဲ့ ၁၁ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်က ယုန်နှစ်ဖွားတွေအတွက် ထိုက်စွေ့ နတ်မင်းရဲ့  လွှမ်းမိုးမှုကို ခံရတာကြောင့် အရင်နှစ်က ကံကောင်းခြင်းတွေက သိသိသာသာ ကျဆင်းလာပါလိမ့်မယ်။ ဒီနှစ်ဟာ ယုန်နှစ်ဖွားတွေအတွက် ခက်ခဲတဲ့နှစ်တစ်နှစ်ဖြစ်ပြီး ကျန်းမာရေးကို အထူးဂရုစိုက်ရပါမယ်။ အရင်က ဖြစ်ဖူးတဲ့ ရောဂါ အဟောင်းတွေ ပြန်ဖြစ်တတ်ပါတယ်။ 

ထိုက်စွေ့ လွှမ်းမိုးတဲ့ နှစ်တစ်နှစ်က ကံဆိုးနိုင်ပေမဲ့လည်း အချစ်ရေးမှာ တည်ငြိမ်ချောမွေ့စေဖို့ အလားအလာတွေရှိပါတယ်။ တစ်ကိုယ်ရည် ယုန်နှစ်ဖွားတွေအတွက် လုပ်ငန်းနဲ့ ပတ်သတ်ဆက်နွယ်တဲ့ ဆက်ဆံရေးအသစ်တစ်ခု စတင်ခြင်းဖြင့် မေတ္တာရေးလမ်းကြောင်းမှာ ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်မှာပါ။ လက်တွဲဖော်ရှိတဲ့ ယုန်နှစ်ဖွားတွေကတော့ မနာလိုတဲ့ ပတ်ဝန်းကျင်ကြောင့် လက်တွဲဖော်နဲ့ ရန်ဖြစ်တာ၊ ကွဲကွာတာမျိုးတွေအထိ ဆိုးရွားသွားနိုင်ပါတယ်။

လုပ်ငန်းခွင်မှာတော့ တစ်ဦး (သို့) တစ်ဦးထက်ပိုတဲ့ လမ်းညွှန်ဆရာတွေရဲ့ ကူညီမှုတွေကြောင့် သိသိသာသာ တိုးတက်လာပါလိမ့်မယ်။ ဒီနှစ်က အတက်ရော၊ အကျရောရှိမယ့် နှစ်တစ်နှစ်အဖြစ် ကုန်ဆုံးသွားပါလိမ့်မယ်။ အသက်မွေးဝမ်းကြောင်းလုပ်ငန်းမှာ အခွင့်အလမ်းများစွာ ရရှိခံစားရပါမယ်။ အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာကတော့ သင့်ကြိုးစားမှုအပေါ် မူတည်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ယုန်နှစ်ဖွားတွေ ပိုရုန်းကန်ကြိုးစားရမယ့် နှစ်ဖြစ်ပါတယ်။ လုပ်ငန်းက တိုးတက်နေပေမဲ့လည်း အမြတ်အစွန်းတွေက ရနိုင်ခြေ သိပ်မရှိလို့ ထွက်ငွေက ဝင်ငွေထက် များပြားပြီး ငွေကြေးပူပန်မှုကို ခံစားရပါလိမ့်မယ်။  

ဒီနှစ် ယုန်နှစ်မှာ ဘယ်နှစ်ဖွားတွေ ကံဇာတာကောင်းမလဲ?

(၁) ဝက်နှစ်ဖွားများ

ယုန်နှစ် တစ်နှစ်တာကာလပတ်လုံး ဝက်နှစ်ဖွားတွေဟာ ကျန်းမာချမ်းသာခြင်းတွေနဲ့ ပြည်စုံနေမှာပါ။ လုပ်ငန်းစီးပွား အောင်မြင်မှုတွေ ရရှိတတ်ပါတယ်။ မတ်လနောက်ပိုင်းကစလို့ ငွေကြေး ကံဇာတာ မြင့်မားလာပြီး အခွင့်ကောင်းတွေ ပေါ်လာပါလိမ့်မယ်။ ဥစ္စာဓန စုမိဆောင်းမိလာပြီး ရင်းနှီးမြှုပ်နှံမှုတွေ အကျိုးပြုလာပါမယ်။ ပျိုရွယ်သူတွေအတွက် ချစ်ခြင်းမေတ္တာကိစ္စတွေမှာ ရင်ခုန်အံ့ဩစရာတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။

(၂) မျောက်နှစ်ဖွားများ

တစ်နှစ်တာအတွင်း အလုပ်တွေ တစ်ခုပြီး တစ်ခု ဆက်တိုက် လုပ်ရင်း အောင်မြင်မှုကို ရယူနိုင်ပါလိမ့်မယ်။ အဆက်အသွယ်တွေ ပိုများလာပြီး လူမှုရေးကနေတစ်ဆင့် စီးပွားဖက်တွေအဖြစ် ကူးပြောင်းသွားနိုင်ပါတယ်။ လုပ်နေကျ မဟုတ်တဲ့ အသစ်တွေ စမ်းသပ်ခွင့် ရပြီး မိတ်ဆွေအသိုင်းအဝိုင်းလည်း ကြီးမားလာပါမယ်။ ဒါကို အခွင့်အရေးတစ်ရပ်လိုလည်း အသုံးချနိုင်ပါမယ်။ မေတ္တာရေးမှာတော့ စိတ်သောကလေးတွေ ရှိနိုင်ပါတယ်။

(၃) ခွေးနှစ်ဖွားများ

ပျိုရွယ်သူ လူပျိုလူလွတ်တွေအနေနဲ့ ဒီနှစ်အတွင်း အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ ရည်မှန်းချက်တွေကို ပြည့်ဝစွာ အကောင်အထည်ဖော်ခွင့် ရပါလိမ့်မယ်။ ချစ်သူ ရှာနေသူတွေ ချစ်သူရတာမျိုး၊ လက်ထပ်ဖို့ ရည်ရွယ်သူတွေ မင်္ဂလာပွဲ ဆင်နွှဲရတာမျိုး ဖြစ်တတ်ပါတယ်။ နှစ်ဆန်းပိုင်းမှာ စတွေ့ခဲ့သူက နှစ်လယ်နောက်ပိုင်းမှာ ကိုယ့်ဘ၀ လက်တွဲဖော်အထိ ဖြစ်သွားတတ်ပါတယ်။ အလားတူ အလုပ်နဲ့ ငွေကြေးမှာပါ အောင်မြင်မှု ရတတ်ပါတယ်။

ဒီနှစ် ယုန်နှစ်မှာ ဘယ်နှစ်ဖွားတွေ အဆိုးဘက်သွားနေလဲ?

ကံဇာတာ နိမ့်ပါးတတ်သူတွေ (တစ်နည်းဆိုရရင်) ယုန်နှစ်နဲ့ သဟဇာတ မဖြစ်သူတွေကတော့ ကြွက်နှစ်ဖွားတွေရယ်၊ ကျားနှစ်ဖွားတွေရယ်၊ ကြက်နှစ်ဖွားတွေပဲ ဖြစ်ပါတယ်။ ဒီနှစ်ဖွားတွေဟာ ၂၀၂၃ ခုနှစ်အတွင်း အစစအရာရာ သူများထက် ပိုသတိထားရပါမယ်။ တခြားနှစ်ဖွားတွေကတော့ ယုန်နှစ်မှာ ကံဇာတာ အဆိုးအကောင်း မထင်ရှားဘဲ ပုံမှန်အတိုင်း ဖြတ်သန်းရဖို့ မြင်ပါတယ်။

⇐ Previous Next

Read 2426 times