ကမ္ဘာပေါ်တွင် အသက်အရှည်ဆုံး အာရှဆင်များစာရင်းတွင် ပါဝင်တဲ့ ဆင်မကြီး မိုမိုရဲ့ အသက်ကတော့ အခုဆိုရင် (၇၁) နှစ် ပြည့်ပြီပဲဖြစ်ပါတယ်။ ဒါကြောင့် မိုမိုရဲ့ အသက် (၇၁) ပြည့် မွေးနေ့ပါတီကို နို၀င်ဘာလ (၁) ရက်မှ (၃) ရက်ထိ (၃) ရက်တာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ဖျော်ဖြေရေး အစီအစဉ်များနဲ့တကွ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
မိုမိုရဲ့ အသက် ၆၀ ပြည့် မွေးနေ့မှ စပြီး နှစ်စဉ် သူမရဲ့ မွေးနေ့ပွဲကို ကျင်းပလေ့ရှိခဲ့ရာ အခု (၇၁) နှစ်ပြည့် မွေးနေ့ပွဲမှာတော့ -
- မိုမိုအတွက် မွေးနေ့အလှူ အာရုံဆွမ်းဆက်ကပ်လှူဒါန်းခြင်း (၃.၁၁.၂၀၂၄ ရက်၊ မနက် ၆ နာရီ)
- မိုမိုအတွက် သစ်သီးမွေးနေ့ကိတ်ခွဲခြင်း (၃.၁၁.၂၀၂၄ ရက်၊ မနက် ၁၁ နာရီ)
- မိုမိုနဲ့အတူ ဓာတ်ပုံရိုက်ကူးခြင်း
- ထိန်းကျောင်းသူတွေမှ မိုမိုအကြောင်း ပြောပြပေးမယ့် Keeper Talk
- ဂီတနဲ့ အက ဖျော်ဖြေရေး အစီအစဉ်
- မျက်လှည့်ပြပွဲ
- ချစ်စရာ တိရစ္ဆာန်အလိမ္မာလေးများနဲ့အတူ အမှတ်တရ ဓါတ်ပုံရိုက်ကူးခြင်းတို့အပြင်
- စျေးပွဲတော်နှင့်
- သားသားမီးမီးတို့အကြိုက် ပျော်ရွှင်စရာ ဂိမ်းအစီအစဉ်လေးတွေလည်း အများကြီး ပါဝင်ပါတယ်။
ဆင်မကြီးမိုမိုရဲ့ မွေးနေ့ပွဲကို တက်ရောက်ဂုဏ်ပြုရင်း မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့အတူ တိရစ္ဆာန်ဥယျာဉ်မှာ လည်ပတ်အနားယူနိုင်ပါတယ်။ ကျောင်းပိတ်၊ ရုံးပိတ်ရက် ဖြစ်တာကြောင့် ချစ်ရတဲ့ သားသားမီးမီးတို့နဲ့အတူ ဗဟုသုတလည်းရ အပန်းလည်းပြေတဲ့ တိရစ္ဆာန်ဥယျာဉ်ကို သွားရောက် လည်ပတ်ရင်း ဓာတ်ပုံလှလှလေးတွေလည်း အမှတ်တရ ရိုက်ကူးခဲ့နိုင်ပါတယ်။
ဆင်မကြီးမိုမိုကို ၁၉၅၃ ခုနှစ်မှာ ဖွားမြင်ခဲ့ပြီး ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ နေတဲ့ ဦးခွန်ဆန္ဒမှ မိသားစုနဲ့ ကွဲကွာနေတဲ့ (၇) နှစ်သား ဆင်မလေးကို တိရစ္ဆာန်ဥယျာဉ်သို့ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ထိန်းကျောင်းပေးခဲ့တဲ့ ဦးခွန်ဆန္ဒရဲ့ ဇနီးဖြစ်သူ နော်မိုမိုကို ဂုဏ်ပြုတဲ့အနေနဲ့ ဆင်မလေးရဲ့ နာမည်ကို မိုမိုလို့ အမည်ပေးခဲ့တယ်လို့ သိရပါတယ်။
မိုမိုဟာ နားလည်မှုစွမ်းရည် မြင့်မားတာကြောင့် ပြည်သူတွေကြားမှာ ဆင်လို့ ပြောလိုက်ရင်ကို မိုမိုနဲ့ တွဲမြင်ရလောက်တဲ့အထိ လူချစ်လူခင် ပေါပါတယ်။ မိုမိုလို့ ခေါ်လိုက်ရင် ပြန်ထူးတတ်တဲ့ အသံ၊ ခေါင်းငြိမ့်ပြတတ်တဲ့ ပုံစံ၊ နှာမောင်းကို ထောက်ပြီး ခန္ဓာကိုယ်ကို အောက်ငိုက်ရင်း နောက်ခြေကို မြှောက်ကာ ကင်းမြီးကောက်ထောင်ပြတဲ့ ပြကွက်၊ မမပုသိမ်သူ သီချင်းနဲ့ လမ်းလျှောက်အက စသဖြင့် မိုမိုဟာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို သွားရောက်လည်ပတ်တဲ့ မိဘပြည်သူတွေကို နှစ်ပေါင်းများစွာတိုင်အောင် ဖျော်ဖြေပေးခဲ့ပါတယ်။ နှစ်ပေါင်း ၅၀ ကျော်ကြာ ဖျော်ဖြေပေးခဲ့ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာတော့ အသက်အရွယ်နဲ့ ကျန်းမာရေးအရ အနားယူခဲ့ရပါတယ်။
အသက် (၇) နှစ်အရွယ်မှာ တိရစ္ဆာန်ဥယျာဉ်ကို စတင် ရောက်ရှိခဲ့ပြီး နှစ်ပေါင်း (၇၁) နှစ်တိုင်တိုင် ကျန်းမာစွာ သက်ရှိထင်ရှားရှိနေသေးတဲ့ ဆင်မကြီး မိုမိုရဲ့ မွေးနေ့ပွဲကို အတူတူ ဆင်နွှဲပျော်ရွှင်ကြဖို့ ဆန္ဒရှိတယ်ဆိုရင် မိဘပြည်သူတွေအနေနဲ့ တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်) ကို ကန်သာယာလမ်း (ဗဟန်း ၃ လမ်းမှတ်တိုင်အနီး) ဝင်ပေါက်မှ ဖြစ်စေ၊ ဗိုလ်မင်းရောင်လမ်း (ကျောက်တိုင်မှတ်တိုင်အနီး) ဝင်ပေါက်မှ ဖြစ်စေ သွားရောက်လည်ပတ်နိုင်ပါတယ်။
တိရစ္ဆာန်ဥယျာဥ်ကတော့ ရက်ကြီးအခါကြီးများနဲ့ အစိုးရရုံးပိတ်ရက်များပါမကျန် ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။ တိရစ္ဆာန်ဥယျာဥ်ကို နေ့တိုင်း မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ သွားရောက်လည်ပတ်နိုင်ပါတယ်။ ဝင်ကြေးအနေနဲ့ လူကြီးတစ်ဦးကို ငွေ (၂,၅ဝဝ) ကျပ်ဖြစ်ပြီး ကလေးငယ်တစ်ဦးကို ငွေ (၁,၅ဝဝ) ကျပ်ဖြစ်ကြောင်း သိရပါတယ်။
Read 1242 times