Things To Do

ရန်ကုန်နဲ့ အနီးတဝိုက်မှာ မြေငလျင် အသေးစားတွေ ဆက်တိုက်လှုပ်ခတ်နေ

Earthquake Alert

မိုးဇလက ထုတ်ပြန်ထားတဲ့ မြေငလျင်သတင်းတွေအရ စက်တင်ဘာ (၂၃) ရက်နေ့ကနေ (၂၅) ရက်နေ့ မနက်ပိုင်းအထိ ရန်ကုန်နဲ့ ပဲခူးတဝိုက်တို့မှာ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင် (၄) ကြိမ် လှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့ ညနေ (၅) နာရီ (၃၃) မိနစ်ခန့်က ဒိုက်ဦးဘက်ကို ဗဟိုပြုပြီး တစ်ကြိမ်၊ ည (၈) နာရီ (၅၄) မိနစ်ခန့်က ပဲခူးဘက်ကို ဗဟိုပြုပြီး တစ်ကြိမ်၊ စက်တင်ဘာ (၂၄) ရက်နေ့ ညနေ (၅) နာရီ (၄၄) မိနစ်ခန့်က တိုက်ကြီးဘက်ကို ဗဟိုပြုပြီး တစ်ကြိမ်၊ စက်တင်ဘာ (၂၅) ရက်နေ့ မနက် (၇) နာရီ မိနစ် (၂၀) မှာ မှော်ဘီဘက်ကို ဗဟိုပြုပြီး တစ်ကြိမ် စုစုပေါင်း (၄) ကြိမ် လှုတ်ခတ်ခဲ့ကြောင်း မိုးဇလက ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် ရန်ကုန်မြို့မှ မိုင် (၈၀) ပတ်လည်အတွင်း ကျရောက်သော မြို့တချို့မှာ အင်အားနည်းတဲ့ မြေငလျင် အသေးစားလေးတွေ လှုပ်ခတ်တာ အကြိမ်စိပ်လာတဲ့အတွက်ကြောင့် ရန်ကုန်၊ ပဲခူး၊ ဧရာ၀တီ စတဲ့ တိုင်းဒေသကြီးတွေမှာ ငလျင်အန္တရာယ် သတိပြုဖို့ လိုအပ်ပါတယ်။ 

ငလျင်ဘေးအန္တရာယ်ဆိုတာ ငလျင်လှုပ်မယ့် ရက်နဲ့ အချိန်ကို ကြိုတင်ခန့်မှန်းလို့ မရနိုင်တဲ့အပြင် အပျက်အစီးများတဲ့ ဘေးအန္တရာယ်တစ်ခု ဖြစ်တဲ့အတွက် မြေငလျင်နဲ့ ပတ်သက်ပြီး လိုက်နာဆောင်ရွက် သတိပြုမူသင့်တဲ့ အချက်တွေကို အကြံပြုလိုက်ပါတယ်။ 

သိထားသင့်တဲ့ ငလျင်ပြင်းအားများ

----------------------------

ငလျင်ရစ်ချတာစကေး >> သက်ရောက်မှု

၂ အောက်          >>      မသိမသာအခြေအနေ

၂ နှင့် ၄ ကြား       >>      လူတချို့ သတိထားမိ

၄ နှင့် ၄.၉ ကြား    >>      လူတိုင်းလိုလို ခံစားမိ 

၅ နှင့် ၅.၉ ကြား    >>      မပြောပလောက်တဲ့ ပျက်စီးမှုဖြစ်

၆ နှင့် ၆.၉ ကြား    >>      သိသာတဲ့ ပျက်စီးမှုဖြစ်

၇ နှင့် ၇.၉ ကြား    >>      ဆိုးရွားတဲ့ ပျက်စီးမှုဖြစ်

၈ နှင့်အထက်       >>       အဆောက်အဦးများ ပြိုကျ ပျက်စီး

ငလျင်မလှုပ်မီ သတိပြုရမည့်အချက်များ

----------------------

၁။ ခိုင်ခံ့သော စားပွဲခုံအောက်၊ ကုတင်အောက်၊ အခန်း၏ထောင့်နေရာများ၊ တံခါးပေါင်အောက် စသည့် လုံခြုံသောနေရာများကို သိရှိထားပါ။

၂။ ပြတင်းပေါက်များ၊ မှန်များ၊ တွဲလောင်းချိတ်ထားသောပစ္စည်းများ၊ မြင့်သော/ယိုင်လဲနိုင်သော ပရိဘောဂများ၊ ပစ္စည်းများစွာတင်ထားသောစင်များ စသည့် အန္တရာယ်ရှိနိုင်သော နေရာများကို သိရှိထားပါ။

၃။ အဆောက်အဦးအတွင်းမှ ထွက်ပြေးရန် လမ်းကြောင်းများ၊ အရေးပေါ်ထွက်ပေါက်များ ကြိုတင်လေ့လာထားပါ။

၄။ လျှပ်စစ်မိန်းခလုတ်ချခြင်း၊ ပိတ်ခြင်းတို့ကို စမ်းသပ်လေ့ကျင့်ထားပါ။ 

၅။ လေးလံသည့် ပရိဘောဂပစ္စည်းများ၊ ကွဲတတ်သည့်ပစ္စည်းများကို ယိုင်လဲပြီး ထိခိုက်မှုမဖြစ်စေရန် အနိမ့်ပိုင်းနေရာတွင် ချထားခြင်းတို့ ပြုလုပ်ပါ။

၆။ အရေးကြီးစာရွက်စာတမ်းများ၊ အစားအစာ၊ သောက်ရေ၊ ဓာတ်မီး၊ ရေဒီယို၊ ဆေးဝါး စသည့် အရေးပေါ်သုံး ပစ္စည်းများ ကြိုတင်စုစည်းထားပါ။

ငလျင်လှုပ်နေစဉ် လိုက်နာဆောင်ရွက်ရမည့် အချက်များ

------------------------------

၁။ ကြောက်ရွံ့ထိန့်လန့်မှုမဖြစ်ပါနှင့်။ သတိရှိပါ၊ တည်ငြိမ်ပါ။

၂။ အဆောက်အအုံထဲတွင် ရှိနေပါက ဘေးကင်းသောနေရာတွင် (ဝပ်၊ ကာ၊ ကိုင်) ပုံစံဖြင့်နေပါ။

ဝပ် = ဘေးကင်းသောနေရာအောက်တွင် ဝပ်နေပါ။

ကာ = ခိုင်ခံ့သော စားပွဲခုံ၊ ခုတင်အောက်တို့တွင် မိမိကိုယ်ကို အကာအကွယ်ယူပါ။

ကိုင် = ခိုင်ခံ့သော စားပွဲ၊ ခုံ၊ ခုတင်များကို သေချာမြဲမြံစွာ ကိုင်ထားပါ။ 

၃။ အဆောက်အအုံမှ ထွက်ခွာရမည်ဆိုပါက ဓာတ်လှေခါး အသုံးမပြုပါနှင့်။ ရိုးရိုးလှေခါးမှ ဆင်းပါ။

၄။ အဆောက်အအုံအပြင်တွင်ရှိပါက အဆောက်အအုံထဲသို့ ပြေးမဝင်ပါနှင့်။ မြင့်မားသော အဆောက်အအုံ၊ လျှပ်စစ်မီးကြိုး၊ ဓါတ်တိုင်၊ သစ်ပင် စသည့် ပြိုကျနိုင်သောအရာများနှင့် ဝေးရာတွင် နေပါ။

၅။ ဆိုင်ကယ်၊ ကားစသည်တို့ မောင်းနှင်နေချိန်ဖြစ်ပါက အရှိန်လျှော့ပြီး ဘေးကင်းရာနေရာတွင် ရပ်ထားပါ။

၆။ ကမ်းခြေ (သို့) မြစ်ကမ်းစပ်တွင် ရောက်နေပါက ကုန်းမြေမြင့်သို့ ရွှေ့ပြောင်းပါ။

၇။ မီးဖိုအသုံးပြုနေစဉ် ငလျင်လှုပ်ပါက မီးခလုတ်များကို ပိတ်ပါ။ လျှပ်စစ်မိန်းခလုတ် ချလိုက်ပါ။

ငလျင်လှုပ်ပြီးနောက် လိုက်နာဆောင်ရွက်ရမည့် အချက်များ

-------------------------------

၁။ နေထိုင်ရာ အိုးအိမ်၊ အဆောက်အအုံများတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်ခြင်း ရှိ/မရှိ၊ ယိုင်နဲ့ခြင်း ရှိ/မရှိ စစ်ဆေးပါ။ ထိုသို့ဖြစ်ပေါ်နေပါက ထိုနေရာများမှ ခေတ္တရှောင်ရှားနေပါ။

၂။ လျှပ်စစ်မီးကြိုးများကို စစ်ဆေးပါ။ ပြုတ်ကျ/ပြတ်ကျနေသော လျှပ်စစ်မီးကြိုးများကို မကိုင်ပါနှင့်၊ သက်ဆိုင်ရာသို့ သတင်းပို့ပါ။

၃။ ငလျင်ကြီးလှုပ်ပြီးနောက် ငလျင်လတ်နှင့် ငလျင်ငယ်များသည် နာရီပိုင်း၊ ရက်ပိုင်း၊ သီတင်းပတ်ပိုင်းမှသည် လပိုင်းအထိ ဆက်လက်ဖြစ်ပွားနိုင်ပြီး ကွဲအက်ယိုင်နဲ့သွားသော တိုက်တာ အဆောက်အအုံများ၊ လမ်း၊ တံတားများသည် နောက်ဆက်တွဲ မြေငလျင်များကြောင့် ထပ်မံပျက်စီးပြိုကျတတ်ကြောင်း သတိပြုပါ။

၄။ မီးလောင်ခြင်း၊ ရေကာတာကြီးများ ကျိုးပျက်၍ ရေလွှမ်းခြင်း၊ တောင်ပြိုခြင်း၊ မြေပြိုခြင်း၊ ဆူနာမီ စသည့် နောက်ဆက်တွဲအန္တရာယ်များကို သတိပြုပါ။

⇐ Previous Next

Read 654 times