Things To Do

ကိုယ်ယောင်ဖျောက်လို့ ရတဲ့အထိ အစွမ်းရှိတဲ့ ရှေးယခင် ဆေးမှင်ကြောင်များနဲ့ သူခိုးကြီးည

How a thief night came to be

Photo Credit to NASA

 

ရှေးယခင်က မြန်မာတွေ ကျီးမနိုးပွဲ (သူခိုးကြီးည) မှာ ဘာကြောင့် ပစ္စည်းတွေ ခိုးရသလဲဆိုတာ သိပါသလား။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အယူအဆအရ သူတစ်ပါးပစ္စည်း ခိုးယူခြင်းဟာ အပြစ်တစ်ခု ဖြစ်ပေမယ့် ကျီးမနိုးပွဲ (သူခိုးကြီးည) မှာတော့ တရားဝင် ပစ္စည်းခိုးယူခြင်းကို ရှေးတည်းက ပြုလုပ်ခဲ့ကြပါတယ်။ 

 

သူခိုးကြီးညရဲ့ တစ်ကယ့် အကြောင်းအရင်းအမှန်ကို သေသေချာချာ မသိသေးတဲ့ ဒီဘက်ခေတ် လူငယ်တွေ အတွက်တော့ သူခိုးကြီးညမှာ တစ်ကယ်ပဲ သူများပစ္စည်းတွေကို ခိုးယူကြပြီး ပစ္စည်းခိုးတဲ့ အပြစ်ကနေလည်း တစ်ကယ် လွတ်ကင်းတယ်လို့ ထင်မှားဖွယ်ရာ ရှိပါတယ်။ 

 

ဒါပေမယ့် တစ်ကယ့် ကျီးမနိုးပွဲအစစ်က သူတစ်ပါးပစ္စည်းကို တမင်တကာ ခိုးယူရတာမျိုး လုံးဝ မဟုတ်ပါဘူးနော်။ ကျီးမနိုးပွဲ ကျင်းပရတဲ့ တစ်ကယ့် ရည်ရွယ်ချက်က အင်မတန်မွန်မြတ်ပြီး မြန်မာလူမျိုးများရဲ့ ချစ်စရာဓလေ့ကို တွေ့ရှိနိုင်မယ့် အလေ့အထတစ်ခုပါပဲ။ 

 

ဒါဆိုရင် ကျီးမနိုးပွဲမှာ လူတွေဘာလို့ ပစ္စည်းခိုးကြတာလဲ? 

 

ရှေးတုန်းက ကာလသားတွေဟာ မိမိတို့ရဲ့ စွမ်းရည်သတ္တိကို သက်သေထူဖို့ ထိုးကွင်းမှင်ကြောင်တွေ ထိုးလေ့ ရှိကြပါတယ်။ မြန်မာ့မှင်ကြောင်ဟာ မှော်လိုအစွမ်း ထက်ပါတယ်။ တုတ်ပြီး ဓားပြီးတဲ့ ဆေး၊ ကိုယ်ပျောက်ဆေး၊ ပီယဆေး၊ အာဠာဝကဆေး စသဖြင့် အစွမ်းသတ္တိ မျိုးစုံ ရှိပါတယ်။ 

 

ဒီလိုမှော်အစွမ်းတွေ ရနိုင်ဖို့လည်း မှင်ကြောင်ထိုးသူတိုင်းက ကတိကဝတ်တွေ ပြုရပါတယ်။ ကိုယ်ကျိုးအတွက် မသုံးဖို၊ ရပ်ရွာကာကွယ်ဖို့ စသဖြင့် ကောင်းသော အသုံးပြုခြင်းနဲ့သာ အသုံးပြုမယ့်အကြောင်း ဆေးဆရာဆီမှာ ကတိခံရပါတယ်။ 

 

မှင်ကြောင်ကို သီတင်းကျွတ် လပြည့်ညမှာ ထိုးကြပြီး နက္ခတ်တာရာ စုံညီတဲ့ တန်ဆောင်မုန်း လပြည့်ညမှာတော့ ထိုးကွင်းမှာ ဆေးအုပ်မှော် ထပ်ကြပါတယ်။ ဆေးစမ်းထားတဲ့ ကာလသားများက ရပ်ရွာထဲမှာ ပစ္စည်းလိုက်ခိုးခွင့် ရှိပါတယ်။ 

 

ခိုးတဲ့ကာလသားဟာ အိမ်ရှင်ကို မြင်တာနဲ့ သူ့ဆေးစွမ်းမစွမ်း စမ်းသပ်လို့ ရပါပြီ။ ‘ဟိတ်’ လို့ ဟန့်လိုက်တာနဲ့ ကိုယ်ရောင်ပျောက်သွားမလား၊ အိမ်ရှင်ပဲ ကြောင်စီစီ ဖြစ်သွားမလား၊ ကြောင်တစ်ကောင်လိုပဲ ပေါ့ပါးပြီး အတက်အဆင်း လွယ်ကူသွားမလား စသဖြင့် သူထိုးခဲ့တဲ့ မှင်ကြောင်ကို စမ်းသပ်ပါတယ်။ 

 

ဆေးအောင်တဲ့ ကာလသားဟာ အိမ်တွေမှာ ရှိတဲ့ ရာဝင်အိုးကြီးတွေ၊ လှည်းကြီးတွေ၊ ကျွဲ နွားတွေနဲ့ ပရိဘောဂ ပစ္စည်းတွေအပြင် တစ်ချို့ကာလသားတွေဟာ အိပ်မောကျနေတဲ့ အိမ်ရှင်တွေကိုတောင် ခိုးယူနိုင်ကြပါတယ်။ သက်ရှိတွေကို ခိုးယူနိုင်တဲ့ ကာလသားတွေဟာ အစွမ်းထက်ဆုံးလို့ မှတ်ယူကြပြီးတော့ ခိုးလို့ရသမျှ ပစ္စည်းတွေကို ရွာလယ်က ခိုးကွင်းမှာ အိမ်ရှင်နာမည်ကပ်ပြီး ထားခဲ့ရပါတယ်။ 

 

အခိုးခံရတဲ့ အိမ်ရှင်တွေဟာ သူတို့ရဲ့ ပစ္စည်းတွေကို သင်္ဃန်း ပရိက္ခရာနဲ့ ပြန်ရွေးယူရပါတယ်။ ကထိန်ပွဲကျင်းပဖို့ အလှူအဖြစ် ပရိက္ခရာတွေနဲ့ ကထိန်ပွဲကို ပျော်ပျော်ပါးပါး ဆင်နွှဲကြပါတယ်။ ဒီနေရာမှာ တစ်ခု မေးစရာ ရှိတာက ဆေးမအောင်လို့ ပစ္စည်းခိုးတာ လူမိတဲ့ ကာလသားတွေပါ။ 

 

 

ဆေးမအောင်လို့ အိမ်ရှင်မိသွားတဲ့ ကာလသားကိုတော့ ခိုးကွင်းမှာ ကတုံးတုံးကာ ပြာလူးထားပြီး မနက်ရောက်တဲ့အခါ လူအများရှေ့မှာ ရာဇဝတ်သားလိုမျိုး (အပျော်တမ်း) ရုံးထုတ် စစ်ဆေးခံရပါတယ်။ ပြစ်ဒဏ်အနေနဲ့ သားသည်မိခင် တစ်ဦးရဲ့ နို့ရည်နဲ့ရောထားတဲ့ ထမင်းကို စားရပါတယ်။ ပြီးရင်တော့ အဲ့ဒီကာလသားကို ရဟန်းဝတ်ပေးပြီး ကထိန်ပွဲကို ခြိမ့်ခြိမ့်သဲ ဆင်နွဲကြပါတယ်။ 

 

ဒီလိုမျိုး ကထိန်အလှူပွဲကို ဦးတည်ပြီး ကျီးမနိုးပွဲ ကျင်းပရာကနေမှ ယခုခေတ် အခေါ်အတိုင်း သူခိုးကြီးညဆိုပြီး ခေါ်တွင်စေလာတာ ဖြစ်ပါတယ်။ ဒါကတော့ တန်ဆောင်မုန်း လပြည့်ကျော် တစ်ရက်နေ့မှာ ကျီးမနိုးပွဲ (သူခိုးကြီးည) ကျင်းပရတဲ့ အကြောင်းအရင်းပါပဲ။ 

 

ဒီဘက်ခေတ် လူငယ်အများစုက သူခိုးကြီးညရဲ့ အဓိက ရည်ရွယ်ချက်ကို ဂဃနဏ မသိရှိဘဲ အထင်မှားတာမျိုး ဖြစ်နေတာမို့ မွန်မြတ်တဲ့ အစဉ်အလာကို နှောင်းလူတို့ အသိမမှားစေဖို့ ရည်ရွယ်ပြီး တင်ဆက်ပေးလိုက်ပါတယ်။ စာဖတ်သူတွေကရော သူခိုးကြီးညမှာ ဘယ်လိုပျော်စရာတွေ၊ ဘယ်လိုအမှတ်တရတွေ ရှိခဲ့တယ်ဆိုတာကို Comment Box မှာ မျှဝေပေးခဲ့ပါဦး။

⇐ Previous Next

Read 3007 times