Shopping & Promos

အင်ဗာတာတစ်လုံး မှန်ကန်စွာ ရွေးချယ်ဝယ်ယူနိုင်ဖို့ သိထားသင့်သည့် အချက်များ

How to choose the right inverter & battery for your home

အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ လျှပ်စစ်မီးပျက်တာက ပိုဆိုးလာတော့ မီးပျက်တဲ့ အချိန်မှာ ဖုန်းအားသွင်းဖို့၊ ရေတင်ဖို့၊ ထမင်း၊ ဟင်းချက်ဖို့၊ ရာသီဥတုပူတော့ ပန်ကာဖွင့်ဖို့၊ အဲကွန်းဖွင့်ဖို့၊ ဝိုင်ဖိုင်သုံးဖို့ စတဲ့ အိမ်မှုကိစ္စ လိုအပ်ချက်တွေကြောင့် အင်ဗာတာနဲ့ ဘက်ထရီတွေ အဝယ်များလာကြပါတယ်။ ဒီလိုဝယ်တဲ့အခါမှာ ကိုယ်အသုံးပြုမယ့် လျှပ်စစ်ပစ္စည်းတွေနဲ့ အချိန်ပေါ်မူတည်ပြီး အင်ဗာတာအမျိုးအစားကို ရွေးချယ်ဝယ်ယူတတ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အင်ဗာတာရဲ့ အခြေခံသဘောတရားတွေနဲ့ သိထားသင့်တဲ့ အချက်တွေကို မျှဝေပေးလိုက်ပါတယ်။

အင်ဗာတာဆိုတာဘာလဲ?

===================

အရိုးရှင်းဆုံးပြောရရင် အင်ဗာတာဆိုတာ မီးပျက်နေတဲ့အချိန်မှာ ဘက်ထရီနဲ့ ချိတ်ဆက်ပြီး လျှပ်စစ်ပစ္စည်းတွေကို အသုံးပြုနိုင်တဲ့ ပစ္စည်းလေးတစ်ခုပါ။ နောက်တစ်နည်း ပြောရမယ်ဆိုရင် အင်ဗာတာဆိုတာ Direct Current (DC) ကနေ Alternating Current (AC) စနစ် ကို ပြောင်းလဲပေးတဲ့ စနစ်ဖြစ်ပါတယ်။

အင်ဗာတာ အမျိုးအစားများ

====================

အင်ဗာတာတွေကို အမျိုးအစား ခွဲခြားမယ်ဆိုရင် အခြေခံအားဖြင့် -

 ၁။ Square Wave Inverter

 ၂။ Modified Sine Wave Inverter

 ၃။ Pure Sine Wave Inverter ဆိုပြီး (၃) မျိုး ခွဲခြားနိုင်ပါတယ်။

6.4. Inverters: principle of operation and parameters | EME 812: Utility  Solar Power and Concentration

၁။ Square Wave Inverter

Square Wave Inverter ကတော့ အရိုးရှင်းဆုံး အင်ဗာတာ စနစ်ပါဘဲ။ သူ့ရဲ့ Output အနေနဲ့ကတော့ AC Waveform ပုံစံဖြစ်တဲ့ Sine Wave နဲ့ ပုံစံတူတဲ့ Square Wave ဖြစ်ပါတယ်။ ဈေးနှုန်းသက်သာပါတယ်။ Square Wave ထွက်တဲ့ အင်ဗာတာက ဘက်ထရီ နိမ့်ရင် အထွက်ဗို့ လိုက်နိမ့်သွားပါတယ်။ တီဗွီနဲ့ မီးချောင်းအတွက်ပဲ သုံးလို့ ကောင်းပါတယ်။ ပန်ကာဖွင့်ရင် ပန်ကာပျက်တတ်ပါတယ်။ ရေမော်တာတွေ၊ အဲယာကွန်းတွေအတွက်တော့ မသုံးသင့်ပါဘူး။

၂။ Modified Sine Wave Inverter

Modified Sine Wave Inverter ကတော့ Pure Sine Wave Inverter လောက် မကောင်းပေမယ့် အသုံး ပြုလို့ သင့်တော်ပြီး ဈေးနှုန်းအနေအထားကလည်း သင့်တင့်ပါတယ်။ သူ့ရဲ့ Output အနေနဲ့ကတော့ Sine Wave စစ်စစ်မဟုတ်ဘဲ Waveform တစ်ခုလုံးကို လှေကားထစ် ပုံစံလေးတွေ ဖြစ်ပါတယ်။ ဘက်ထရီအား ကျသွားလည်း သိသိသာသာ အထွက်ဗို့ လိုက်မပြောင်းပါဘူး။ ကွန်ပျူတာ၊ တီဗီ၊ မီးချောင်းနဲ့ စီစီတီဗီတို့ အသုံးပြုနိုင်ပါတယ်။ တချို့ ပစ္စည်းကောင်းတဲ့ အင်ဗာတာဆို ရေစက်မော်တာပါ သုံးနိုင်ပါတယ်။ မော်တာစက်သံတော့ နည်းနည်းညံတဲ့ အနေအထား ပြောင်းပါတယ်။

၃။ Pure Sine Wave Inverter

Pure Sine Wave Inverter ကတော့ AC Waveform စစ်စစ် ဖြစ်ပါတယ်။ တည်ဆောက်ရာမှာ ရှေ့က (၂) မျိုးထက် ခက်ခဲပြီး ဈေးလည်း ပိုကြီးပါတယ်။ ဒါပေမယ့် အီလက်ထရောနစ်ပစ္စည်း အားလုံးအတွက်တော့ ဘာဆိုးကျိုးမှမရှိဘဲ အသုံးပြုနိုင်ပါတယ်။ 

Advertisement

Click Here > Astir Power

Low Frequency နှင့် High Frequency Type

==============================

အင်ဗာတာကို နောက်ထပ်အမျိုးအစား ထပ်ခွဲရမယ်ဆိုရင် -

၁။ Low Frequency  နဲ့

၂။ High Frequency ဆိုပြီး နှစ်မျိုးရှိပါတယ်။

Low Frequency အင်ဗာတာအနေနဲ့ သတ်မှတ်ပေးထားတဲ့ VA (Volt-Ampere) ရဲ့ သုံးဆအထိ ဝန်အားကို ခံနိုင်ရည်ရှိပြီး၊ High Frequency အင်ဗာတာကတော့ နှစ်ဆအထိပဲ ခံနိုင်ရည်ရှိပါတယ်။

Low Frequency နဲ့ High Frequency အင်ဗာတာကို အလွယ်တကူ ခွဲခြားနည်းကတော့ ဗို့အားချင်တူရင်တောင် ယှဥ်မကြည့်မယ်ဆိုရင် လေးတာက Low Frequency Type၊ ပေါ့တာက High Frequency Type အင်ဗာတာပါ။

အင်ဗာတာရောင်းဝယ်ရေးလုပ်ငန်း (၆၃) ခုကို ရှာဖွေရန်

> https://bit.ly/44d0oAm 

အင်ဗာတာ ဘယ်လိုအလုပ်လုပ်သလဲ?

==========================

အင်ဗာတာတစ်ခုအနေနဲ့ အဓိက လုပ်ငန်းစဉ် (၂) ရပ်ကို လုပ်ဆောင်ပေးပါတယ်။

၁။ ဘက်ထရီမှ DC ပါဝါစနစ်ကို ထုတ်ယူပြီး AC ပါဝါစနစ်သို့ ပြောင်းလဲပေးခြင်း

၂။ ဘက်ထရီအိုး အားသွင်းပေးခြင်းတို့ကို လုပ်ဆောင်ပေးပါတယ်။

အင်ဗာတာနဲ့ ဘက်ထရီ အချိုးညီညီ ဝယ်နည်း

===============================

- ဝိုင်ဖိုင်စက် တစ်လုံးတည်းကို (၆) နာရီကြာ အသုံးပြုမယ်ဆိုရင် 100W အင်ဗာတာနဲ့ 12V 7AH ဘက်ထရီကို တွဲသုံးနိုင်ပါတယ်။

- ဝိုင်ဖိုင်စက်နဲ့ ဖုန်းအားသွင်းတာကို (၆) နာရီကြာ အသုံးပြုမယ်ဆိုရင် 200W အင်ဗာတာနဲ့ 12V 14AH ဘက်ထရီကို တွဲသုံးနိုင်ပါတယ်။

- ဝိုင်ဖိုင်စက်နဲ့ ဖုန်းတစ်လုံး၊ ကွန်ပျူတာ အားသွင်းတာကို (၆) နာရီ အသုံးပြုမယ်ဆိုရင် 300W အင်ဗာတာနဲ့ 12V 24AH ဘက်ထရီကို တွဲသုံးနိုင်ပါတယ်။

- ဝိုင်ဖိုင်စက်၊ ဖုန်း၊ ကွန်ပျူတာ၊ ၄ ပေ မီးချောင်းတစ်ချောင်း (၆) နာရီကြာအောင် အသုံးပြုလိုပါက 500W အင်ဗာတာနဲ့ 45AH ဘက်ထရီကို တွဲသုံးနိုင်ပါတယ်။

- မီးချောင်း အရေအတွက်နဲ့ အချိန်နာရီ ပိုသုံးလိုပါက 500W, 1000W အင်ဗာတာနဲ့ ဘက်ထရီ 70AH, 90AH, 100AH, 120AH,150AH, 200AH အထိ တိုး၍ တွဲဖက်အသုံးပြုနိုင်ပါတယ်။

ပစ္စည်းအရေအတွက်များများနဲ့ အချိန်ပိုသုံးချင်ရင် ဗို့အားများတဲ့ ဘက်ထရီနဲ့ အင်ဗာတာတွေကို ရွေးချယ် သုံးပေးရပါမယ်။

ပန်ကာများ အသုံးပြုလိုပါက Pure Sine Wave Inverter ဖြင့်သာ အသုံးပြုနိုင်ပါတယ်။ Pure Sine Wave Inverter က အီလက်ထရောနစ် ပစ္စည်းအားလုံးအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ 750VA, 850VA, 950VA, 1250VA, 1550VA, 2KVA, 3KVA, 5KVA ဆိုပြီး အမျိုးအစားတွေ ရှိပါတယ်။ ကိုယ်အသုံးပြုမယ့် လျှပ်စစ်ပစ္စည်း အနည်းအများပေါ် မူတည်ပြီး ရွေးချယ်အသုံးပြုနိုင်ပါတယ်။

Heavy Power များဖြစ်တဲ့ အဲယားကွန်း၊ ရေခဲသေတ္တာ၊ ရေမော်တာ စတာတွေ အသုံးပြုမယ်ဆိုရင် ကျွမ်းကျင် အင်ဂျင်နီယာများနဲ့ သေချာတွက်ချက်ပြီးမှသာ ဝယ်ယူသင့်ပါတယ်။

တွက်ချက်နည်း

=========

ဥပမာ - သုံးမယ့်လျှပ်စစ်ပစ္စည်းတွေက ၂ ပေ မီးချောင်း ၂ ချောင်း၊ ၄ ပေ မီးချောင်း ၂ ချောင်း၊  21” LCD TV ၁ လုံး၊ ပန်ကာ ၁ လုံး၊ DVD စက် ၁ လုံးနဲ့ ဖုန်း ၂ လုံး အားသွင်းတာကို တစ်ပြိုင်တည်း (၆) နာရီလောက် သုံးချင်တယ်ဆိုရင် Watt အား ဘယ်လောက်ရှိတဲ့ အင်ဗာတာ ဝယ်မလဲ၊ ဘက်ထရီကရော AH ဘယ်လောက်နဲ့ တွဲသုံးရမလဲဆိုတာ အောက်မှာ တွက်နည်းလေး ပြောပြပေးထားပါတယ်။

 ၁။ ၂ ပေ မီးချောင်း ၁ ချောင်း = 20 Watts

 ၂။ ၄ ပေ မီးချောင်း ၁ ချောင်း = 40 Watts

 ၃။ 21” LCD TV ၁ လုံး= 30 Watts

 ၄။ လေပန်ကာ ၁ လုံး = 60 Watts

 ၅။ DVD ၁ လုံး = 20 Watts

 ၆။ ဖုန်းအားသွင်းခြင်း ၁လုံး= 2 Watts

စုစုပေါင်းအသုံးပြုမည့် Watt အား = [ (20x2) + (40x2) + 30 + 60 + 20 +(2x 2) ] = 234 Watts

ဒါဆိုရင် 300W အင်ဗာတာကို ဝယ်ရပါမယ်။ 

300W အင်ဗာတာနဲ့ တွဲပြီး (၆) နာရီကြာ သုံးဖို့ ဘက်ထရီတန်ဖိုးကို တွက်ကြည့်မယ်ဆိုရင် -

ဘက်ထရီ (AH) = (စုစုပေါင်းသုံးမည့် Watts x အသုံးပြုလိုသည့် ကြာချိန်) / ဘက်ထရီဗို့အား

         =  (234 x 6) / 12

         = 117AH

ဒါဆိုရင် 120AH ဘက်ထရီကို သုံးရပါမယ်။

အီလက်ထရောနစ်ပစ္စည်းဆိုင် (၂၁၀) ခုကို ရှာဖွေရန်

> https://bit.ly/41LivvQ 

Advertisement

Click Here > Shwe Lamin Electrical

 

အင်ဗာတာကို ကြာရှည်ခံအောင် ဘယ်လို အသုံးပြုရမလဲ?

==============================================

အင်ဗာတာတွေကို အချိန်နာရီများစွာ တဆက်တည်း အသုံးပြုချင်တယ်ဆိုရင် စက်ပေါ်တွင် သတ်မှတ်ရေးသားထားတဲ့ Watt ရဲ့ တန်ဖိုး တစ်ဝက်ကိုသာ အသုံးပြုသင့်ပါတယ်။

ဥပမာ - 1000W အင်ဗာတာ ဆိုပါက 500W လောက်သာ အသုံးပြုသင့်ပါတယ်။

ဘယ်လို ဘက်ထရီအိုးမျိုး ဝယ်ရမလဲ?

===========================

ဘက်ထရီအိုး ဝယ်မယ်ဆိုရင် ဘက်ထရီအိုး အစို (Dry  Charge/ FLA) နဲ့ ဘက်ထရီအိုး အခြောက် (Maintenance Free/ SLAB) ဆိုပြီး အမျိုးအစား နှစ်မျိုးရှိပါတယ်။ 

ကိုယ်အသုံးပြုမယ့် နေရာ (သို့) အိမ်က လေအဝင်အထွက် သိပ်မကောင်းဘူး၊ အိမ်မှာ ပန်းနာရင်ကြပ် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာသည် ရှိတယ်ဆိုရင် ဘက်ထရီ အခြောက်ကို အသုံးပြုသင့်ပါတယ်။ (၃) နှစ်အောက် ကလေးသူငယ် ရှိတယ်ဆိုရင်လည်း ဘက်ထရီ အခြောက် SLAB ကို အသုံးပြုသင့်ပါတယ်။ ဘက်ထရီအိုး အခြောက်က  Maintenance Free အမျိုးအစား ဖြစ်တာမို့ ဝယ်ယူပြီးချိန်ကနေစပြီး ပြုပြင်ထိန်းသိမ်းစရာ မလိုပါဘူး။

ဘက်ထရီအိုး အစို  FLA ကို အသုံးပြုမယ်ဆိုရင် လေဝင်လေထွက် ကောင်းဖို့ လိုပါတယ်။ ကိုယ့်ရဲ့ သုံးစွဲမူပေါ် မူတည်ပြီး ၃ လ နဲ့ ၅ လကြား ဘက်ထရီ မိုးရေကို တိုင်းတာ စစ်ဆေးပြီး ထည့်ပေးဖို့ လိုပါတယ်။ ဘက်ထရီ အက်ဆစ်အရည်ကို Low Level နဲ့ High Level ကြားမှာ ဂရုတစိုက်ထားပေးဖို့ လိုပါတယ်။ အားသာချက်ကတော့ ဘက်ထရီအိုး အခြောက် SLAB တွေထက် အစို FLA တွေက ဈေးပိုသက်သာပါတယ်။

ဘက်ထရီကို ဘယ်လို ထိန်းသိမ်း အသုံးပြုရမလဲ?

=================================

ဘယ်လို ဘက်ထရီ အမျိုးအစား ဖြစ်ပါစေ Over Charging မဖြစ်ဖို့နဲ့ အားအကုန် မသုံးမိဖို့ အထူး သတိထားပေးရပါမယ်။ 12V ဘက်ထရီတစ်လုံးကို အားသွင်းတဲ့အခါ 14.4V နဲ့ 15V  ကြားရောက်ရင် အားပြည့်ပြီ ဖြစ်ပါတယ်။ 14.4V လောက် ရောက်တာနဲ့ အားသွင်းထားတာ ပိတ်လိုက်ရပါမယ်။

ဘက်ထရီကို အင်ဗာတာနဲ့ အသုံးပြုနေတဲ့အခါ 11.9V ထိ ဗို့အား ကျလာရင် ဘက်ထရီ အားနည်းလာပြီလို့ ယူဆနိုင်လို့ ပြန်လည် အားသွင်းနိုင်ပါတယ်။ 12.6V နဲ့ 12V ကြားသည် 12V ဘက်ထရီများအတွက် နာရီအကြာဆုံး အသုံးပြုနိုင်တဲ့ Level ဖြစ်ပါတယ်။ 10.7V အောက်ကျတဲ့အထိတော့ လုံး၀ အသုံးမပြုသင့်ပါဘူး။ ဘက်ထရီ ခဲပလိပ်ပြားများ ကြွေကျကုန်တာမျိုး ဖြစ်တတ်ပါတယ်။

ဘက်ထရီအိုးအသစ်များကို အက်စစ်ထည့်ပြီးပါက ချက်ချင်း အားသွင်းခြင်း မပြုလုပ်ဘဲ နာရီအနည်းငယ် စောင့်ဆိုင်းပြီး ဘက်ထရီအိုး  ပုံမှန်အပူချိန် ရှိလာမှ အားသွင်းသင့်ပါတယ်။ တချို့ ဘက်ထရီအိုးများက ဝယ်လာပြီး အနည်းဆုံး ၁၀ နာရီကျော်ခန့် အားသွင်းပြီးမှသာ အသုံးပြုနိုင်ပါတယ်။ ပုံမှန် C20 ဘက်ထရီအိုးအသစ်များကတော့ ၂ နာရီခန့် အားသွင်းရုံနဲ့ အသုံးပြုနိုင်ပါပြီ။ ဘက်ထရီအိုးများကို အသုံးပြုပြီး ပြန်လည်အားသွင်းရာမှာ အချိန်တိုအတွင်း ဘက်ထရီအိုး ပူနွေးလာရင်၊ ရေဆူသလိုမျိုး ဆူပွက်လာရင် ဆက်လက် အားသွင်းရန် မသင့်တော်ပါဘူး။

ဒီလောက်ဆို အင်ဗာတာနဲ့ ဘက်ထရီအကြောင်း ထိုက်သင့်သလောက် နားလည်သဘောက်ပေါက်သွားပြီလို့ ယူဆပါတယ်။ အင်ဗာတာနဲ့ ဘက်ထရီဝယ်တဲ့ နေရာမှာလည်း အပေါ်မှာ ပြောပြပေးခဲ့တဲ့ အချက်တွေက များစွာ အသုံးဝင်မှာပါ။

ဒါ့အပြင် ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ အင်ဗာတာနဲ့ အီလက်ထရောနစ်ပစ္စည်း ရောင်းဝယ်ပြုပြုရေးစင်တာများရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို ရန်ကုန်လမ်းညွှန်ဝက်ဆိုဒ်မှာ အလွယ်တကူ ဝင်ရောက်ရှာဖွေနိုင်ပါပြီ။ 

> https://bit.ly/44d0oAm (အင်ဗာတာရောင်းဝယ်ရေးလုပ်ငန်း ၆၃ ခု)

> https://bit.ly/41LivvQ (အီလက်ထရောနစ်ပစ္စည်းဆိုင် ၂၁၀ ခု)

> https://bit.ly/40M4e0v (လျှပ်စစ်ပစ္စည်းရောင်းဝယ်ပြုပြင်ရေးလုပ်ငန်း ၁၇၅ ခု)

⇐ Previous Next

Read 2129 times