Things To Do

ဖေဖော်ဝါရီ (၁၄) ရက်နေ့မှ စပြီး (၆၄) ရက်ကြာ ကျင်းပမယ့် မန်းရွှေစက်တော်ဘုရားပွဲ

Mann Shwe Settaw Pagoda Festival 2024

မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် (တပို့တွဲလဆန်း ၅ ရက်) နေ့မှစပြီး (၆၄) ရက်အကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ပွဲတော်အတွက် ကြိုတင်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရပါတယ်။ 

မန်းရွှေစက်တော်ဘုရားသွားရာ (၃) မိုင်အဝင်လမ်းနဲ့ လမ်းတစ်လျှောက်တွင် (Landscape) အလှပန်းခြံ၊ (Flower Box) ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ ဘုရားဖူးများ သွားလာရေး အဆင်ပြေစေရန် (Box Culvert) တံတားနှစ်စင်း တည်ဆောက်ခြင်း၊ ပွဲတော်ကွင်းအတွင်းရှိ မန်းချောင်းအတွင်း ရေလမ်းကြောင်းလွှဲခြင်း၊ တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ ဆောက်လုပ်ခြင်း၊ လင်းနို့တောင် စတီးပန်းဆွဲများကို မြန်မာမှုရှေးမူလက်ရာမပျက် ပြုပြင်ခြင်း၊ အောက်စက်တော်ရာနှင့် အထက်စက်တော်ရာ အမိုး၊ မျက်နှာကြက်အလှဆင်ခြင်းနှင့် ဘုံအဆင့်တိုင်လုံးများ ဆေးသုတ်ပြုပြင်ခြင်း စတဲ့ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပါတယ်။

မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့ထိ ရက်ပေါင်း (၈၀) ကြာ ကျင်းပပြုလုပ်လေ့ရှိပြီး ၂၀၂၄ ခုနှစ်က မြန်မာလ ဝါထပ်တဲ့နှစ်ဖြစ်တဲ့အတွက် ပွဲတော်ရက်ကာလကို (၆၄) ရက်သာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးသွားရောက်ကြမယ့်သူတွေအတွက် ညအိပ်တည်းခိုရေး အဆင်ပြေစေဖို့ တည်းခိုဆောင် အလုံးပေါင်း (၈၀၀) ခန့်နဲ့ ဈေးဆိုင်ခန်းပေါင်း (၄၀၀) ခန့်ကို ဆောက်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မန်းရွှေစက်တော်ဘုရားပွဲတော်နဲ့အတူ ဆင်ပြတိုက်ရှိတဲ့ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကိုလည်း ဖွင့်လှစ်ပေးသွားမှာပါ။ မန်းရွှေစက်တော် ဘုရားပွဲတော်ကို စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေ၊ တပေါင်းလပြည့်နေ့နဲ့ သကြင်္န်ပိတ်ရက်တွေမှာ ဘုရားဖူးတွေ အများဆုံး လာရောက်လေ့ရှိပါတယ်။

ဘုရားပွဲတော်ကာလအတွင်း သွားလာရေးအဆင်ပြေစေဖို့ မင်းဘူး-ရွှေစက်တော်နဲ့ တောင်ပေါ်-တောင်အောက်ခရီးစဉ်တွေကို ယာဉ်အစီးရေ (၃ဝ) နဲ့ ပြေးဆွဲသွားမယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ပွဲတော်ကာလအတွင်း ယာဉ်အစီးရေ လုံလောက်မှုမရှိပါက ထပ်မံဖြည့်တင်းဆောင်ရွက်ပေးသွားဖို့လည်း ရှိပါတယ်။ 

ယာဉ်လိုင်းပြေးဆွဲရာတွင် Starex နဲ့ Vongo ကားအမျိုးအစား မှန်လုံယာဉ်ငယ်ယာဉ် (၁ဝ) စီးနဲ့ မင်းဘူး-ရွှေစက်တော်ခရီးစဉ်ကိုလည်းကောင်း၊ တောင်ပေါ်-တောင်အောက် (အတက်အဆင်း) ခရီးစဉ်ကို ယာဉ်အစီး (၂ဝ) နဲ့လည်းကောင်း စုစုပေါင်း မော်တော်ယာဉ်အစီးရေ (၃ဝ) နဲ့ ပြေးဆွဲပေးသွားမှာပါ။

မန်းရွှေစက်တော်ဘုရားပွဲတော်ကာလ ယာဉ်စီးခနှုန်းထားတွေကိုတော့ မင်းဘူး-ရွှေစက်တော် ခရီးစဉ်တွင် အသွား ၆,ဝဝဝ ကျပ်၊ အပြန် ၆,ဝဝဝ ကျပ်နှုန်းနဲ့ တောင်ပေါ်-တောင်အောက် ခရီးစဉ်တွင် အတက် ၁,ဝဝဝ ကျပ်၊ အဆင်း ၅ဝဝ ကျပ်နှုန်းဆိုပြီး အသီးသီး သတ်မှတ်ထားပါတယ်။

သမိုင်းဝင် မန်းရွှေစက်တော်ဘုရားပွဲရဲ့ ထူးခြားချက်မှာ တခြားအထင်ကရ နေရာတွေနဲ့လည်း နီးတာကြောင့် နှစ်စဉ်နှစ်တိုင်း သွားရောက်လည်ပတ်ကြသူတွေ များလှပါတယ်။ စက္ကိန်းတဲဘုရား၊ နဂါးပွက်တောင်၊ မန်းချောင်းအပန်းဖြေဆင်စခန်း၊ ရွှေစက်တော် ဘေးမဲ့တောဥယျာဉ်ရှိ ကြယ်လိပ်နဲ့ ရွှေသမင်ခြံများ၊ ငှက်မျိုးစိတ်များ ကြည့်ရှုလေ့လာနိုင်တဲ့အပြင် မဟာပုဏ္ဏရဟန္တာ အရှင်မြတ် တည်ထားကိုးကွယ်ခဲ့တဲ့ အောက်ကျောင်းသမုတ္တဂီရိ မြစေတီဘုရား၊ ရေပုတ်ကလေးရွာမှ ရွှေမြင်တင်စေတီနဲ့ စကုမြို့မှ ထေရ်ကြီးစေတီများ၊ ရုပ်စုံကျောင်းများမှာလည်း တဆက်တည်း ဖြစ်တာကြောင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများက ဘုရားပွဲလာရင်း အထင်ကရနေရာတွေကို ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါတယ်။ 

⇐ Previous Next

Read 440 times