 
					
ဟယ်လိုဝင်း(Halloween)ပွဲတော် ဘယ်ကစပြီး ဖြစ်လာလဲဆိုတာ တစ်ချက်လေ့လာကြည့်ရအောင် … ပြောရမယ်ဆို ဒီပွဲဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ လောက်ကတည်းက စတင်ခဲ့တာလို့ မှတ်တမ်းတွေမှာ တွေ့ရတယ်။ အိုင်ယာလန်တို့၊ ယူကေတို့ဘက်မှာ နေထိုင်ကြတဲ့ ရှေးခေတ် (Celtic) လူမျိုးတွေရဲ့ (Samhain) လို့ခေါ်တဲ့ ပွဲတော်ကနေ ဆင်းသက်လာတာပေါ့။
(Celtic) လူမျိုးတွေဟာ အောက်တိုဘာ ၃၁ ရက်နေ့ညကို နွေရာသီကုန်ပြီး အေးစက်တဲ့ ဆောင်းရာသီစတင်တဲ့ ည၊ ဒါမှမဟုတ် နှစ်ဟောင်းကုန်ပြီး နှစ်သစ်စတင်တဲ့ အချိန်လို့ သတ်မှတ်ကြတယ်။ သူတို့ ယုံကြည်တာက အဲဒီညမှာ အသက်ရှင်တဲ့သူတွေရဲ့ကမ္ဘာနဲ့ သေဆုံးပြီးသား ဝိညာဉ်တွေရဲ့ကမ္ဘာကြားက အကန့်အသတ်(နယ်နိမိတ်)တွေက ပါးလွှာလာပြီး ဝိညာဉ်တွေဟာ ကမ္ဘာပေါ်ကို ခဏပြန်လာနိုင်တယ်ဆိုတာပဲ။ အဲဒီတော့ သူတို့က သေဆုံးသူတွေရဲ့ ဝိညာဉ်တွေကိုလည်း ဂုဏ်ပြုချင်တယ်။ တစ်ဖက်မှာလည်း မကောင်းဆိုးရွားတွေနဲ့ နတ်ဆိုးတွေက သူတို့ကို ဒုက္ခမပေးအောင် ကြောက်စိတ်နဲ့ ရှောင်ရှားချင်ကြတယ်။
 
ဒါကြောင့် သူတို့ဟာ မီးပုံကြီးတွေ မွေးပြီး ပူဇော်ပသတယ်။ ဝိညာဉ်တွေနဲ့ ရောထွေးသွားအောင်၊ ဒါမှမဟုတ် နတ်ဆိုးတွေက မမှတ်မိအောင်ဆိုပြီး တိရစ္ဆာန်အရေခွံတွေနဲ့ ထူးထူးခြားခြား ဝတ်စုံတွေကို ဝတ်ဆင်ကြတယ်။ ဒီအလေ့အထကနေပဲ အခုခေတ်မှာ ဝတ်စုံတွေ ဝတ်ဆင်ကြတဲ့ ထုံးတမ်းစဉ်လာတွေ ပေါ်ပေါက်လာတာပေါ့။ နောက်ပိုင်းကျတော့ ခရစ်ယာန်ဘာသာဝင်တွေက နိုဝင်ဘာ ၁ ရက်နေ့ကို သူတော်စင်နေ့ (All Saints’ Day) အဖြစ် သတ်မှတ်ခဲ့တော့ ဒီပွဲတော်ညကို 'All Hallows' Eve' လို့ ခေါ်ဆိုရာကနေ 'Halloween' လို့ ဖြစ်လာတာပါ။
ဒီလိုနဲ့ ရာစုနှစ်ပေါင်းများစွာ ကြာလာတဲ့အခါ ဥရောပက ရွှေ့ပြောင်းလာတဲ့ လူတွေကတစ်ဆင့် အမေရိကန်ပြည်ထောင်စုကို ရောက်လာပြီး Halloween ပွဲတော်ဟာ ပိုပြီး ခေတ်စား၊ ပိုပြီး အရောင်အသွေးစုံလာခဲ့တယ်။ အဓိကအားဖြင့် အခုလို ကျင်းပနေကြတာပေါ့-
Halloween ညမှာ ကလေးတွေက ထူးဆန်းတဲ့ဝတ်စုံတွေ ဝတ်ကြပြီး အိမ်တံခါးတွေကို လိုက်ခေါက်ပါတယ်။ “Trick or Treat!” လို့ အော်ကြတယ်။ အဲဒီအခါ အိမ်ရှင်တွေက ချောကလက်တို့၊ သကြားလုံးတို့ ပေးရတာပေါ့။ ဒါမှမဟုတ်ရင် သူတို့ကို ကလေးတွေက ချောက်ချောက်ချားချား လှည့်စားတာမျိုး လုပ်တတ်ကြတယ်။ နောက်တစ်ခုကတော့ ဖရုံသီးထွင်းတာ (Jack-O'-Lanterns) ပဲ။ ဖရုံသီးပေါ်မှာ မျက်နှာပုံစံမျိုးစုံ ထွင်းပြီး မီးထွန်းထားတာ မြင်ဖူးမှာပါ။ ဒါကလည်း မူလက မုန်လာဥဝါကို ထွင်းရာကနေ အမေရိကားကို ရောက်တော့ ဖရုံသီးနဲ့ အစားထိုးလိုက်တာပါ။ မကောင်းဆိုးရွားတွေ မလာအောင် မောင်းထုတ်တဲ့ သဘောမျိုးနဲ့ လုပ်ကြတာလို့ ဆိုကြတယ်။
အရာရာတိုးတက်ပြီး ကမ္ဘာဟာ အင်တာနက် ရွာကြီးတစ်ရွာ ဖြစ်လာတဲ့ ယနေ့အချိန်မှာတော့ Halloween ဆိုတာ မူရင်းဘာသာရေးဆိုင်ရာ အဓိပ္ပာယ်တွေထက် ကလေးရောလူကြီးပါ ပျော်ရွှင်စရာ၊ ဖန်တီးမှုအသစ်တွေနဲ့ ဝတ်စုံဆန်းတွေ ဝတ်ဆင်ပြီး ပါတီပွဲလုပ်ဖို့အတွက် အားလပ်ရက်ချိန်တစ်ခုလို ဖြစ်လာပါပြီ။ ရန်ကုန်မှာဆို Nightclub တွေ၊ ဘားတွေ၊ စားသောက်ဆိုင်တွေမှာ ဝတ်စုံပါတီတွေလုပ်ကြတာ၊ နိုင်ငံတကာကျောင်းတွေမှာ ကလေးတွေ ပျော်ပျော်ပါးပါး ကျင်းပကြတာမျိုးတွေ ပိုတွေ့လာရပါပြီနော်။

ဒီတော့ ဟယ်လိုဝင်းဆိုတာ တစ္ဆေတွေ၊ သရဲတွေနဲ့ စိုးရိမ်ပူပန်ရတာမျိုး မဟုတ်ဘဲ ပျော်စရာကောင်းတဲ့ အတွေ့အကြုံသစ်တွေကို ရယူတဲ့ အချိန်တစ်ခုအဖြစ် သတ်မှတ်လာကြပါပြီ။ ၂၀၂၅ ခုနှစ်ရဲ့ Halloween ညမှာ မိတ်ဆွေအနေနဲ့ ဘာလုပ်ဖို့ ပလန်ထားတာရှိလဲ။ ဒီနှစ်က Halloween ညပြီးတဲ့ နောက်ရက်တွေမှာ ပိတ်ရက်တွေ ဆက်တိုက်လာဖို့ ရှိတာကြောင့် Yangoners တို့ Halloween ပါတီတွေကို သွားမယ်ဆိုရင်လည်း တော်တော်အဆင်ပြေပါတယ်နော်။ ရန်ကုန်က Nightclub တွေ၊ ဘားတွေ၊ စားသောက်ဆိုင်တွေမှာလည်း Halloween Event တွေ ပြုလုပ်ကြတာတွေ့တော့ သွားမဲ့အစီအစဉ်တွေ ရှိရင် အခြားသူတွေ သိရှိရအောင် MY Yangon Guide ရဲ့ ကွန်မန့်မှာ မျှဝေပေးခဲ့ကြပါဦး ….
MY Yangon Guide မှ Happy Halloween ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
MY Yangon Guide – Yangon Live-Style
Read 72 times