ဒီဇင်ဘာဟာ နှစ်တစ်နှစ်ရဲ့ လတွေထဲ ပျော်ရွှင်စရာ၊ တက်ကြွစရာ၊ ကျေနပ်စရာတို့နဲ့ ပြည့်စုံတဲ့ လတစ်လ ဆိုလည်း မမှားပါဘူး။ ဒီဇင်ဘာလမှာ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်ရှည်တွေရှိသလို လက်ဆောင်တွေ အပြန်အလှန် လဲလှယ်ကြတယ်။ အဝေးရောက်နေတဲ့ မိသားစုဝင်တွေ ပြန်လည်ဆုံဆည်းကြတယ်။ အလုပ်တွေကနေ ဘောနပ်စ်တွေရကြတာမို့ ပြီးပြည့်စုံတဲ့ လတစ်လလို့တောင် ဆိုနိုင်ပါတယ်။ ပြီးတော့ ဒီဇင်ဘာလရဲ့ ပြည့်စုံမှုထဲမှာ ခရစ္စမတ်ပွဲတော် ရှိနေခြင်းက အထူးခြားဆုံး၊ အကောင်းမွန်ဆုံး ဖြစ်ပါလိမ့်မယ်။
အခုအချိန် ညချမ်းတွေမှာ ဒီဇင်ဘာလရဲ့ လေအေးအေးလေးက ရန်ကုန်မြို့မှာ တနော့နော့နွဲ့ပြီး ခရစ္စမတ်ရဲ့ အငွေ့အသက်တွေကလည်း တစ်မြို့လုံးကို လွှမ်းခြုံလာပါပြီ။ မီးရောင်စုံတွေ၊ ခရစ္စမတ်သီချင်းသံတွေနဲ့အတူ ရန်ကုန်မြို့ဟာ ပျော်ရွှင်မှုတွေနဲ့ တောက်ပနေတဲ့ ပွဲတော်မြို့တော်ကြီးအဖြစ် ပြောင်းလဲသွားမဲ့ ဒီအချိန်အခါဟာ တကယ့်ကို ထူးခြားပြည့်စုံလှပါတယ်။
ခရစ္စမတ်ဆိုတာ ယေရှုခရစ်တော်ရဲ့ ဖွားတော်မူရာနေ့ကို ဂုဏ်ပြုကျင်းပရာကနေ အစပြုခဲ့တဲ့ ဘာသာရေးပွဲတော်တစ်ခု ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ကြာမြင့်လာတဲ့အခါမှာတော့ ခရစ္စမတ်ဟာ ဘာသာတရားရဲ့ အမှတ်အသားတစ်ခုအဖြစ်သာမက ကမ္ဘာတစ်ဝှမ်းက လူသားတွေရဲ့ ချစ်ခြင်းမေတ္တာ၊ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုကို ဖော်ကျူးတဲ့ ယဉ်ကျေးမှုပွဲတော်ကြီးတစ်ခုအဖြစ်ပါ ကျယ်ပြန့်လာခဲ့ပါတယ်။ ခရစ္စမတ်သစ်ပင်လေးတွေ၊ လက်ဆောင်ဖလှယ်ကြတာတွေ၊ မိသားစုတွေ ဆုံစည်းကြတာတွေဟာ ဒီပွဲတော်ရဲ့ အလှပဆုံးသော အမှတ်သင်္ကေတတွေပါပဲ။

ရန်ကုန်မြို့မှာလည်း ခရစ္စမတ်ကို နွေးထွေးပျော်ရွှင်စွာ ကြိုဆိုကျင်းပကြပါတယ်။ ဒီအထဲမှာမှ အထင်ရှားဆုံးကတော့ ရန်ကုန်မြို့တော် ခရစ္စမတ်ပွဲတော် (Yangon City Christmas Festival) ဖြစ်ပါတယ်။ ဒီပွဲတော်ကြီးဟာ ဘာသာပေါင်းစုံ ချစ်ကြည်ရေးနဲ့ ငြိမ်းချမ်းရေးရဲ့ သက်သေတစ်ခုအဖြစ် ရန်ကုန်မြို့လယ်ကောင်မှာ ထည်ဝါစွာ တည်ရှိခဲ့ဖူးပါတယ်။ ကြီးမားခန့်ညားတဲ့ ခရစ္စမတ်သစ်ပင်ကြီးတွေ၊ မီးအလှဆင်တာတွေနဲ့ ဈေးရောင်းပွဲတော်တွေကလည်း မြို့ပြရဲ့ ခရစ္စမတ်ကို ပိုပြီး အရောင်အသွေးစုံလင်စေပါတယ်။ ညဘက် Downtown လမ်းတွေပေါ်က သမိုင်းဝင် ဘုရားကျောင်းတွေမှာ မီးရောင်စုံတွေနဲ့ လင်းလက်နေတာကို မြင်တွေ့ရခြင်းကလည်း ခရစ္စမတ်ရဲ့ ငြိမ်းချမ်းမှုကို အပြည့်အဝခံစားစေနိုင်မှာပါ။
ဒီလို ပျော်ရွှင်စရာကောင်းတဲ့ ခရစ္စမတ်အချိန်အခါသမယမှာ MY Yangon Guide ရဲ့ ပရိသတ်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပြီး ချစ်ခင်ရတဲ့ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့အတူ အမှတ်တရကောင်းတွေ ဖန်တီးနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ မီးရောင်စုံတွေကြားမှာ ငြိမ်းအေးပျော်ရွှက်စွာ လျှောက်လှမ်းရင်း၊ ခရစ္စမတ်သီချင်းသံလေးတွေကို နားဆင်ရင်း၊ စိတ်ချမ်းမြေ့စရာ ခရစ္စမတ်အချိန်အခါလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
“Merry Christmas To You All … hope you have a restful break and a prosperous and healthy New Year”

Read 50 times