နှလုံးသားပျိုးခင်းစာတည်းအဖွဲ့မှ ၎င်းတို့၏ Facebook စာမျက်နှာတွင် ရွေးချယ်ဖော်ပြမည့် ဝတ္ထုတိုတစ်ပုဒ်အား ဉာဏ်ပူဇော်ခငွေ (၃)သိန်းကျပ် ကန်တော့မည့်အကြောင်း ဖော်ပြထားပါသည်။ ရွေးချယ်ဖော်ပြမည့် ဝတ္ထုတိုကို တစ်လလျှင် နှစ်ကြိမ်၊ တစ်ကြိမ်လျှင် ဝတ္ထုတို တစ်ပုဒ်စီ ရွေးချယ်ဖော်ပြမည် ဖြစ်ပါသည်။ နှလုံးသားပျိုးခင်း ဝတ္ထုတိုကဏ္ဍကို ၂၀၂၅ စက်တင်ဘာလမှ စတင်ဖွင့်လှစ်ခဲ့ပြီး အကောင်းဆုံး လက်ရွေးစင်ဝတ္ထုတို (၇) ပုဒ်ကို ၎င်းတို့၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
ဝတ္ထုတိုစာမူပြိုင်ပွဲဝင်ရာတွင် လိုက်နာရမည့် စည်းကမ်းအနေဖြင့် အခြားမည်သည့် မဂ္ဂဇင်း၊စာစောင်တွင်မျှ ပေးပို့ဖော်ပြထားခြင်းမရှိသော ကိုယ်တိုင်ရေး စာမူဖြစ်ရပါမည်။ (ဘာသာပြန်စာမူများ လက်မခံပါ) ပြည်ထောင်စုဖောင့် (၁၂) ကိုသုံးပြီး A4 စာမျက်နှာ (၄) မျက်နှာ မကျော်စေရပါ။ (စာလုံးရေ သုံးထောင်ခန့်ရည်ရွယ်ပါတယ်။ အတိုး အလျှော့ အနည်းငယ်ရှိရင်လည်း ထည့်သွင်းစဉ်းစားပါမည်) ဝတ္ထုစာမူနှင့်အတူ ကလောင်အမည်၊ အမည်ရင်း၊ ဖုန်းနံပါတ်တို့ကို [email protected] ထံ ပို့ပေးရပါမည်။
လစဉ်ဝတ္ထုစာမူများ ရွေးချယ်ဖော်ပြသွားမည်ဖြစ်သောကြောင့် သတ်မှတ်ထားသည့်ပိတ်ချိန်မရှိပဲ အဆင်ပြေသည့်အချိန်တွင် စာမူများပေးပို့နိုင်ကြောင်းလည်း စာတည်းအဖွဲ့က ကြေညာထားပါသည်။ စာပေဝါသနာရှင်များ ဝတ္ထုတိုများရေးပြီး ဉာဏ်ပူဇော်ခငွေများ ဆွတ်ခူးနိုင်ရန် MY Yangon မှ ဂုဏ်ယူစွာ မျှဝေလိုက်ပါသည်။

.

Read 95 times