Health & Beauty

ထမင်းစားပြီးပြီးချင်း လုံး၀ မလုပ်သင့်သည့် အပြုအမူ (၁၀) ခု

10 Things That You Should Never Do After A Meal

ထမင်းစားပြီးပြီးချင်း မသိဘဲ အမှတ်တမဲ့ ပြုလုပ်လိုက်တဲ့ အပြုအမှုတချို့က သင့်ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ အခုမျှဝေပေးသွားမယ့် အပြုအမူတွေကို အစာစားပြီးချိန်မှာ အလေ့အကျင့်တစ်ခုလို လုပ်နေမိတယ်ဆိုရင် ချက်ချင်းပြင်ဆင်လိုက်ဖို့ အကြံပြုချင်ပါတယ်။

ကိုယ်မှားယွင်းစွာ လုပ်နေမိတဲ့ အရာတွေ ဘယ်နှစ်ခုတောင် ပါလဲဆိုတာ အောက်မှာ ဆက်ကြည့်လိုက်ရအောင်နော်။

၁။ ဆေးလိပ် မသောက်ပါနှင့်။

ထမင်းစားပြီးတဲ့အခါ ပါးစပ်ချဉ်လို့ဆိုပြီး ဆေးလိပ်သောက်တဲ့ အလေ့အကျင့်ရှိတယ်ဆိုရင် အခုပဲ ဖျောက်လိုက်ပါ။ ထမင်းစားပြီးနောက် စီးကရက် ၁ လိပ်သောက်တာက သာမန်အချိန် စီးကရက် ၁၀ လိပ်သောက်တာနဲ့ ညီမျှပြီး၊ ကင်ဆာရောဂါဖြစ်နိုင်ချေ အလားအလာ ပိုများကြောင်း  ဆေးသိပ္ပံပညာရှင်များက သတိပေးထားပါတယ်။ အရမ်းသောက်ချင်တယ်ဆိုရင်တော့ ထမင်းစားပြီးချိန်နဲ့ နာရီဝက်လောက် ခွာပြီးမှ သောက်ပါ။

၂။ သစ်သီးများ အလျင်စလို မစားပါနှင့်။

ထမင်းစားပြီးနောက် အချိုတည်းမယ်ဆိုပြီး သစ်သီးစားလိုက်တာဟာ မှားယွင်းတဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ အမှန်တကယ်က ထမင်းစားပြီးပြီးချင်း သစ်သီးစားခြင်းက လေပွစေပြီး၊ အစာအိမ်ကို ဘေးဥပါသ်ဖြစ်စေပါတယ်။ ဒါကြောင့် ထမင်းစားပြီး အနည်းဆုံး ၁ နာရီလောက်ကြာမှသာ သစ်သီးကို စားသုံးသင့်ပါတယ်။

၃။ ရေနွေးကြမ်း/လက်ဖက်ရည် မသောက်ပါနှင့်။

တချို့လူတွေ ရေနွေးကြမ်းလေးသောက်လိုက် ထမင်းစားလိုက် လုပ်တာမျိုးတွေ ရှိပါတယ်။ တကယ်တော့ လက်ဖက်ခြောက်ထဲမှာ အက်ဆစ်ဓာတ်တွေ အမြောက်အများ ပါရှိပါတယ်။ လက်ဖက်ခြောက်က အစားအစာတွေထဲမှာ ပါဝင်သော ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်နဲ့ သံဓာတ် စုပ်ယူမှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

၄။ ခါးပတ်ကြိုး မလျော့ပါနှင့်။

ထမင်းစားပြီးပြီးချင်း ဗိုက်အရမ်းတင်းသွားလို့ဆိုပြီး ခါးပတ်ကြိုး (သို့မဟုတ်) ပုဆိုး၊ လုံချည်လျော့ဝတ်တာမျိုးက အူသိမ်၊ အူမကြီးတို့ကို လိမ်ခေါက်စေပြီး အူလမ်းကြောင်းကို ပိတ်ဆို့စေတဲ့ ကျန်းမာရေးထိခိုက်မှုတွေ ရှိပါတယ်။

Advertisement

Click Here > High Tech

၅။ ရေမချိုးပါနှင့်။

ထမင်းစားပြီးပြီးချင်း ရေချိုးတာက အစာခြေစနစ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို နှေးကွေးသွားစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အစာခြေစနစ်အတွက် အစာအိမ်ဆီကို ရောက်ရှိရမယ့် သွေးတွေက ရေချိုးလိုက်တဲ့အခါ အစာအိမ်စီကို မရောက်ရှိတော့ဘဲ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိဖို့အတွက် ခန္ဓာကိုယ်အနှံ့ကို စီးဆင်းသွားလို့ပါ။ ဒါကြောင့် အစာခြေစနစ်ရဲ့ လုပ်ဆောင်နိုင်စွမ်းက ကျဆင်းသွားရတာပါ။ ထမင်းစားပြီး အနည်းဆုံး နာရီဝက်လောက် နားပြီးမှ ရေချိုးသင့်ပါတယ်။ 

၆။ ခပ်သွက်သွက် လမ်းမလျှောက်ပါနှင့်။

ထမင်းစားပြီးချင်း ခပ်သွက်သွက် လမ်းလျှောက်လိုက်မိရင် ဗိုက်အောင့်စေတတ်ပြီး၊ အစာမကြေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ထမင်းဟင်းထဲမှာ ပါဝင်တဲ့ အာဟာရကို စုပ်ယူရတဲ့ အစာခြေစနစ်ကို အနှောက်အယှက် ဖြစ်စေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စေဖို့အတွက် ထမင်းစားပြီးတဲ့အခါ အနည်းဆုံး (၁၅) မိနစ်ခန့် မတ်တပ်ရပ်နေပါ (သို့မဟုတ်) ဖြည်းဖြည်းမှန်မှန် လမ်းလျှောက်ပါ။ ခပ်သွက်သွက် လမ်းလျှောက်တာမျိုး လုပ်မယ်ဆိုရင်တော့ အစာစားပြီးချိန်နဲ့ ၁ နာရီလောက် ခွာပြီးမှ လမ်းလျှောက်ပါ။ 

၇။ မအိပ်ပါနှင့်။

နေ့လယ်စာစားပြီးလို့ တရေးတမော အိပ်လိုက်ဦးမယ်ဆိုပြီး မလုပ်ပါနဲ့။ ပြီးတော့ ညစာကိုလည်း အိပ်ချိန်နဲ့ ကပ်ပြီး အရမ်းနောက်ကျပြီးမှ မစားပါနဲ့။ ထမင်းစားပြီး ချက်ချင်း လှဲအိပ်ရင် အစာကို ကောင်းစွာ မကြေညက်စေတော့ဘဲ ရင်ပူစေပါတယ်။ အစာအိမ်ရောဂါဖြစ်နိုင်ချေ ပိုများစေနိုင်သလို အူထဲကို ကူးစက်ရောဂါပိုး ဝင်စေပါတယ်။ ဒါကြောင့် အစာစားပြီး ၂ နာရီကြာမှ အိပ်တာက အကောင်းဆုံးပါ။

၈။ အားကစား မလုပ်ပါနှင့်။

အားကစား မလုပ်ခင် အနည်းဆုံး ၁ နာရီကနေ အများဆုံး ၂ နာရီခန့်အရင် ကြိုတင် ထမင်းစားထားပါ။ ထမင်းစားပြီးပြီးချင်း လေ့ကျင့်ခန်းလုပ်ရင် ဗိုက်အောင့်တာ၊ အစာမကြေဖြစ်တာ၊ အော့အန်တာ၊ အကြောဆွဲတာ၊ ရုတ်တရက် နှလုံးခုန်နှုန်း ရပ်တန့်ပြီး အသက်သေစေနိုင်တဲ့အထိ ဖြစ်စေပါတယ်။

၉။ ကော်ဖီမသောက်ပါနှင့်။

ထမင်းစားပြီး ကော်ဖီသောက်တာက ကိုယ်စားလိုက်တဲ့ အစားအစာတွေထဲမှာ ပါဝင်တဲ့ ကယ်လ်စီယမ်နဲ့ သတ္တုဓာတ်တွေကို ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်း နှေးကွေးသွားစေပါတယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့ ကယ်လ်စီယမ် ပမာဏ မရရှိတဲ့အခါ အရိုး၊ သွားနဲ့ သွားဖုံးတွေရဲ့ သန်မာမှုကို ထိခိုက်လာစေနိုင်ပါတယ်။ နောက်ပြီး သံဓာတ်ချို့တဲ့မှုကို ဖြစ်စေတဲ့အတွက် အသားအရေ ခြောက်သွေ့တာ၊ ဆံပင်ကျွတ်တာမျိုးတွေလည်း ဖြစ်စေနိုင်ပါတယ်။ 

၁၀။ သွားမတိုက်ပါနှင့်။ 

အစာစားပြီးတဲ့အခါ သွားကြားညပ်လို့၊ ခံတွင်းနံ့မွှေးအောင်လို့ဆိုပြီး သွားတိုက်တာမျိုး မလုပ်ပါနဲ့။ အထူးသဖြင့် အက်ဆစ်ဓာတ်ပါတဲ့ အစားအစာတွေ၊ ချဉ်တဲ့အစားအစာတွေ စားပြီးပြီးချင်းမှာ သွားတိုက်လိုက်မယ်ဆိုရင် သင့်အပေါ်ယံ ကြွေသွားလွှာကို ပျက်စီးသွားစေနိုင်ပါတယ်။ အစာစားပြီး နာရီဝက်လောက် အချိန်ခြားပြီးမှ သွားတိုက်တာက အသင့်တော်ဆုံးပါ။

⇐ Previous Next

Read 1756 times