မနက်ပိုင်းမှာ အလုပ်လုပ်ရတာ အဆင်ပြေပေမဲ့ နေ့လယ်စာစားပြီးတဲ့နောက်ပိုင်းမှာတော့ မျက်လုံးက ခဏခဏမှေးလာတာ၊ ကိုယ်လက်မအီမသာဖြစ်လာတာ၊ စိတ်အာရုံမတည်ငြိမ်တော့တာတွေကို ရုံးသမားတို့ အများစု ကြုံတွေ့ဖူးကြပါလိမ့်မယ်။ ဒီလိုအခြေအနေကို အလွယ်သုံးစကားအဖြစ် “Food Coma” လို့ခေါ်ကြပြီး အစာစားပြီးနောက် ပျင်းရိစွာနဲ့ ငိုက်လာခြင်းကို ပြောလိုတာပါ။
တကယ်တော့ Food Coma ဖြစ်တာက ပျင်းနေတာကြောင့် မဟုတ်ပါဘူး။ အဓိကကတော့ နေ့လယ်စာမှာ ကာဗိုဟိုက်ဒရိတ်များလွန်းခြင်း၊ အဆီများလွန်းခြင်း၊ ပမာဏကြီးလွန်းခြင်းတွေကြောင့် ခန္ဓာကိုယ်က အစာချေဖျက်ဖို့ အလုပ်များသွားပြီး စွမ်းအင်ကျသလို ခံစားရတာပါ။ ရုံးမှာ အလုပ်ပြန်ဝင်ရမယ့် အချိန်နဲ့ တိုက်ဆိုင်နေတဲ့အတွက် အကျိုးသက်ရောက်မှု ပိုသိသာတတ်ပါတယ်။
Food Coma ကို လျှော့ချချင်ရင် နေ့လယ်စာကို မစားတော့ဘဲနေတာမျိုး လုပ်ဖို့မလိုပါဘူး။ အစားအစာကို ပိုပြီး ကိုက်ညီအောင် ရွေးချယ်စားခြင်းနဲ့ စားပုံစားနည်းကို နည်းနည်းပြောင်းလိုက်တာပဲ တော်တော်အဆင်ပြေသွားစေနိုင်ကြောင်း MY Yangon က ဒီဆောင်းပါးလေးကနေ မျှဝေလိုက်ပါတယ်။
Food Coma အများဆုံးဖြစ်စေတတ်တဲ့ အကြောင်းအရာတစ်ခုကတော့ ထမင်း၊ ခေါက်ဆွဲလိုမျိုး ကာဗိုဟိုက်ဒရိတ်အခြေခံအစားအစာကို ပမာဏများများစားပြီး အကြော်၊ အဆီများတဲ့ဟင်းတွေနဲ့ တွဲစားခြင်းပါ။ ဒီလိုစားလိုက်တဲ့အခါ ခဏအတွင်း သွေးချိုတက်လာပြီး မကြာခင်မှာ ပြန်ကျသွားတဲ့ သဘောထားကြောင့် စိတ်မလန်းတော့ဘဲ ငိုက်ချင်လာတတ်ပါတယ်။ ထို့ကြောင့် ရုံးသမားတွေ့ကြုံရတဲ့ Food Coma ကို လျှော့ချဖို့ဆိုရင် “ပိုစား၊ နည်းစား” မဟုတ်ဘဲ “ဘယ်လိုစားမလဲ” ကို အဓိကထားရမှာပါ။

နေ့လယ်စာစားပြီးရင် လန်းဆန်းစေမဲ့ ပထမဆုံးရွေးချယ်မှုက ပရိုတိန်းနဲ့ ဟင်းသီးဟင်းရွက်များတဲ့ အစားအစာတွေပါ။ ပရိုတိန်းက ဝမ်းဗိုက်ပြည့်စေပြီး စွမ်းအင်ကို တည်ငြိမ်စေပါတယ်။ ကြက်သား၊ ငါး၊ ကြက်ဥ၊ တိုဖူး၊ ပဲမျိုးစုံလိုမျိုး အလွယ်တကူရနိုင်တဲ့ ပရိုတိန်းတွေကို အရွက်သုပ်၊ ဟင်းသီးဟင်းရွက်ချက်များနဲ့ တွဲစားမယ်ဆိုရင် အလုပ်ပြန်ဝင်တဲ့အချိန်မှာ မငိုက်ပဲ နေစေမှာပါ။
ဒုတိယရွေးချယ်မှုက ဟင်းရည်အခြေခံတဲ့ နေ့လယ်စာတွေပါ။ စုပ်ပြုတ် သို့မဟုတ် အစာချေဖျက်လွယ်တဲ့ ဟင်းရည်ကြည်တွေဟာ လေးလံမှုမရှိဘဲ အာဟာရရစေတတ်ပါတယ်။ အထူးသဖြင့် အဆီမများတဲ့ ကြက်ဟင်းရည်၊ ငါးဟင်းရည်၊ ဟင်းသီးဟင်းရွက်ရည်တွေက သိပ်အိပ်မငိုက်စေဘဲ နေ့လယ်ခင်းအလုပ်ကို လန်းဆန်းစွာ ဆက်လုပ်နိုင်စေပါတယ်။
ထမင်းဆိုင်မှာ နေ့လယ်စာစားလေ့ရှိတဲ့သူတွေအတွက်လည်း Food Coma ကို လျှော့ချနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အဓိကက ဟင်းရွေးချယ်မှုကို မျှတအောင်လုပ်ခြင်းပါ။ ဟင်းတစ်မျိုးကို အဆီများလွန်းတဲ့ပုံစံမရွေးဘဲ အရွက်ချက် သို့မဟုတ် ဟင်းသီးဟင်းရွက်တစ်မျိုးကို ထပ်တွဲလိုက်ရင် ပိုကောင်းပါတယ်။ ထမင်းကို စားနေကျထပ် နည်းနည်းလျှော့စားပြီး ဟင်းသီးဟင်းရွက်ကို ပိုထည့်စားမယ်ဆိုရင် နေ့လယ်စားပြီး ငိုက်လာတာကို သိသာစွာ လျှော့ချနိုင်ပါတယ်။
အချိန်မရတဲ့နေ့တွေမှာတော့ Sandwich လိုမျိုး ပေါ့ပေါ့ပါးပါး စားနိုင်တဲ့ အစားအစာတွေကလည်း ရုံးသမားတွေအတွက် ကောင်းတဲ့ရွေးချယ်မှုတစ်ခုပါ။ အဓိကက မယွင်းမယိုင်အောင် အရွက်များများ ပါဝင်တဲ့ပုံစံ၊ Mayonnaise လိုအဆီပိုတဲ့ sauce များမနေတဲ့ပုံစံကို ရွေးချယ်သင့်ပါတယ်။ ဒီလိုပုံစံနဲ့ စားလိုက်ရင် အစာချေဖျက်ဖို့ ခန္ဓာကိုယ်အလုပ်များလွန်းတာ မဖြစ်သွားဘဲ နေ့လယ်ခင်းအလုပ်မှာ သတိကောင်းကောင်းနဲ့ ဆက်လုပ်နိုင်ပါတယ်။
ခေါက်ဆွဲကြိုက်သူတွေကလည်း ခေါက်ဆွဲစားတာကို တားဆီးစရာမလိုပါဘူး။ ပြဿနာက ခေါက်ဆွဲတစ်ပန်းကန်လုံးကို အဆီများများ၊ အချိုအငံပြင်းပြင်း၊ ပမာဏကြီးကြီး စားလိုက်တဲ့အခါ ဖြစ်တတ်တာပါ။ ဒါကြောင့် ဟင်းရည်ကြည်ခေါက်ဆွဲလိုမျိုး ပေါ့ပေါ့ပါးပါးဖြစ်တဲ့ပုံစံ၊ ခေါက်ဆွဲသုပ်ဆိုရင်လည်း အရွက်များများထည့်ပြီး အဆီနှစ်နည်းတဲ့ပုံစံကို ရွေးချယ်မယ်ဆိုရင် Food Coma ဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။

အစားအစာရွေးချယ်မှုနဲ့အပြင် စားပုံစားနည်းကလည်း အရေးကြီးပါတယ်။ အလျင်အမြန်စားလိုက်တာ၊ အချိုရည်နဲ့တွဲသောက်လိုက်တာ၊ မနက်စာမစားဘဲ နေ့လယ်စာမှာ အလွန်အကျွံစားလိုက်တာတွေက Food Coma ကို ပိုဆိုးစေနိုင်ပါတယ်။ အစားစားချိန်ကို နည်းနည်းပိုယူပြီး အစာကို ဖြည်းဖြည်းစားခြင်းဟာ အစာချေဖျက်မှုကိုလည်း သက်သာစေတတ်ပါတယ်။
နေ့လယ်စာစားပြီးနောက်ပိုင်းမှာ စိတ်လန်းချင်ရင် အလွယ်တကူလုပ်နိုင်တဲ့ အလေ့အထတွေရှိပါတယ်။ ရေကို အချိန်မီ ခဏခဏသောက်ပေးခြင်း၊ စားပြီးနောက် ၁၀ မိနစ်လောက် လမ်းလျှောက်ပေးခြင်းဟာ စိတ်ထိန်းညှိမှုနဲ့ သွေးလည်ပတ်မှုကို ကူညီပေးနိုင်ပါတယ်။ ကော်ဖီသောက်သူတွေဆိုရင်လည်း ချက်ချင်းသောက်တာထက် နေ့လယ်ခင်းအချိန်တစ်နာရီလောက်ကြာပြီးမှ သောက်တာက ပိုထိရောက်တတ်ပါတယ်။
အဆုံးသတ်အနေနဲ့ ပြောချင်တာက Food Coma ဆိုတာ ရုံးသမားတွေ အများစုကြုံတွေ့ရတဲ့ သဘာဝအခြေအနေတစ်ခုဖြစ်ပေမဲ့ နေ့လယ်စာကို ပိုပြီး မျှတအောင်ရွေးစားပြီး စားပုံစားနည်းကို နည်းနည်းပြောင်းလိုက်ရုံနဲ့ လျှော့ချနိုင်ပါတယ်။ နေ့လယ်စာက အလုပ်လုပ်နိုင်စွမ်းကို ထောက်ပံ့ပေးသင့်တာဖြစ်ပြီး ခန္ဓာကိုယ်ကို အလွန်လေးလံသွားစေမယ့် အကြောင်းမဖြစ်စေသင့်ပါဘူး။ သင့်တော်တဲ့ Healthy Lunch Options ကိုရွေးချယ်ပြီး နေ့လယ်ခင်းကို လန်းဆန်းစွာ ဖြတ်သန်းနိုင်စေဖို့ MY Yangon က ရုံးသမားတို့ကို ဒီဆောင်းပါးလေးကနေ အသိပေးလိုက်ပါတယ်။
.
Read 70 times