Entertainment

လတ်တလော K-ဖန်တွေကြား Hit ဖြစ်နေတဲ့ K-Drama (၅) ကား

2023 Best K_Drama

၂၀၂၃ ခုနှစ် နှစ်ကုန်ခါနီးမှ ထုတ်လွှင့်ပြသခဲ့ကြပြီး လက်ရှိ မြန်မာ K-ဖန်တွေကြား နာမည်ကြီး လူကြိုက်များနေတဲ့ K-Drama စီးရီးအသစ် (၅) ကားကို မျှဝေပေးသွားပါမယ်။ ပိတ်ရက်မှာ K-Drama တွေ ကြည့်ပြီး အနားယူမယ်လို့ စဉ်းစားထားတဲ့ ချင်းဂုတို့အတွက် ရှယ်ကောင်းတဲ့ ဇာတ်ကားတွေချည်း ရွေးချယ်ပေးထားတာ ဖြစ်တဲ့အတွက် အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။ 

(၁) Twinkling Watermelon

ဒီစီးရီးလေးက 90's Vibe ကို ရစေတဲ့ နွေးထွေးကြည်နူးစရာ အချိန်ခရီးသွား ဇာတ်လမ်းလေးဖြစ်ပါတယ်။ ရုပ်ရှင်အမျိုးအစားက ရိုမန့်ဟာသလေးဆိုပေမဲ့ ငိုလည်းငိုရ၊ ပျော်လည်းပျော်ရ၊ ရီလည်းရီရ၊ လောင်လည်း လောင်ရမယ့် ရသမျိုးစုံပေးတဲ့ ဇာတ်ပါပဲ။ အပိုင်း (၁၆) ပိုင်း ပါဝင်ပြီး ပြီးထားတာ တစ်ပတ်လောက်ပဲ ရှိပါသေးတယ်။ တစ်ပတ်တစ်ပတ် စောင့်ရတာ စိတ်မရှည်လို့ အပြီးထိ ထွက်ထားတဲ့ ကားအသစ်လေးကို ကြည့်ချင်တယ်ဆိုရင် ဒီကားလေးကို Highly Recommend ပေးပါတယ်။ 

ဇာတ်လမ်းထဲမှာ Ryeoun၊ Choi Hyun-wook၊ Shin Eun-soo၊ Seol In-ah တို့က အဓိက ဇာတ်ဆောင်မင်းသား နှစ်ယောက်၊ မင်းသမီး နှစ်ယောက်အဖြစ် နှစ်တွဲစလုံးက အတွဲညီညီ သရုပ်ဆောင်ထားပါတယ်။ 

ဇာတ်လမ်းအကျဉ်းကတော့ သားဖြစ်သူ ဟာအွန်းဂယော (Ryeoun) က ၂၀၂၃ ခေတ်ကနေ အဖေဖြစ်သူ ဟာအီချန်း (Choi Hyun-wook) ရဲ့ ငယ်ဘ၀ခေတ် ၁၉၉၅ ခုနှစ်ကို Time Slip ဖြစ်ပြီး ရောက်သွားတာမျိုးပါ။ အဖေနဲ့အတူတူ Watermelon Sugar ဆိုတဲ့ Band လေးကို ဖွဲ့ပြီး ငယ်ဘ၀ကို သားဖနှစ်ယောက်အတူ ဖြတ်သန်းရင်း ဘယ်လိုတွေ လွဲကြမလဲဆိုတာ ဟာသဆန်ဆန် ကြည့်ရမှာ ဖြစ်ပါတယ်။ သားဖြစ်သူက အဖေကို အနာဂတ်မှာ အမေဖြစ်လာမယ့်သူနဲ့ ဇွတ်တွေ အောင်သွယ်ပေးမှာကိုလည်း ဇာတ်လမ်းထဲမှာ ကြည်နူးစရာကောင်းစွာ တွေ့ရမှာပါ။ 

(၂) Doona!

Bae Suzy ဆိုတဲ့ Start Up ထဲက မင်းသမီးချောလေးကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်နော်။ ဒီအလှလေးရဲ့ ၂၀၂၃ ခုနှစ် နောက်ဆုံးထွက်ကားလေး Doona ဆိုတဲ့ ဇာတ်လမ်းတွဲလေးအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ Netflix ကနေ ပြသခဲ့ပြီး အပိုင်း (၉) ပိုင်း ပါဝင်တဲ့ အပြီးထိ ထွက်ပြီးသား စီးရီးအသစ်ပါပဲ။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာက နာမည်ကြီး Crash Landing on You ရဲ့ ပဲ့ကိုင်ရှင်ဖြစ်လို့ ရိုမန့်တစ်ဇာတ်လမ်းကောင်းတစ်ပုဒ် ကြည့်ချင်တာဆိုရင် ဒီကားလေးကို ကြည့်ကြည့်ပါ။

ဇာတ်လမ်းရဲ့ အဓိက ဇာတ်ဆောင်တွေကတော့ မင်းသား Yang Se-jong နဲ့ မင်းသမီး Bae Suzy တို့က Chemistry မိမိ သရုပ်ဆောင်ထားပါတယ်။ ရိုလည်းရိုသလို ငိုလည်းငိုရမယ့် ကားလေးလို့တော့ ကြိုတင် သတိပေးထားပါရစေ။

ဇာတ်လမ်းအကျဉ်းကတော့ Lee Doo Na ဆိုတဲ့ ကောင်မလေးဟာ Dream Sweet ဆိုတဲ့ Girl Group အဖွဲ့ရဲ့ Main Vocalist တစ်ယောက် ဖြစ်ပါတယ်။ တစ်ရက်မှာ Doo Na ဟာ ရုတ်တရက် အဖွဲ့ကနေ နှုတ်ထွက်သွားပြီး တက္ကသိုလ်တစ်ခုရဲ့ အနားမှာရှိတဲ့ အိမ်တစ်လုံးမှာ Idol ဘ၀ကို စွန့်လွှတ်ပြီး သာမန်ဘ၀နဲ့ ကိုယ်ယောင်ဖျောက်နေခဲ့ပါတယ်။

ဒီလိုနဲ့ Won Jun လို့ ခေါ်တဲ့ ရိုးသားအေးချမ်းတဲ့ ကောလိပ်ကျောင်းသားတစ်ဦးဟာ သူမရဲ့ အငှားအိမ်မှာ အတူမျှနေဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲ့ကနေမှ အိမ်နီးချင်း သူတို့နှစ်ယောက်ရဲ့ ရင်နှီးမှုတွေ အစပျိုးပြီး အချစ်ရပ်ဝန်းလေး ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားရင်း ကြည့်ရှုရမှာပါ။

Advertisement

Click Here > Lucky Bag & Swallow Plastic

(၃) Castaway Diva

Castaway Diva ကတော့ Extraordinary Attorney Woo ဇာတ်လမ်းမှာ Woo Young-woo ဇာတ်ကောင်နဲ့ ဒယ်ဆန်းဆုကို အပိုင်သိမ်းခဲ့တဲ့ မင်းသမီး Park Eun-bin ရဲ့ ဇာတ်ကားအသစ်လေးပါ။ ဒီစီးရီးမှာဝောာ့ Seo Mok Ha ဆိုတဲ့ ကောင်မလေးနေရာကနေ သ‌ရုပ်ဆောင်ထားပြီး နာမည်ကျော်အဆိုတော် ကောင်မလေးတစ်ယောက် ဖြစ်ပါတယ်။ ဒီဇာတ်ကောင်ဟာ သူမအတွက် စိန်ခေါ်မှုအသစ်ဖြစ်တယ်လို့လည်း အင်တာဗျုးတစ်ခုမှာ ပြောခဲ့ပါသေးတယ်။ 

ဇာတ်လမ်းထဲမှာ Chae Jong Hyeop၊ Park EunBin နဲ့ Kang Woo-Hak တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ 

ဇာတ်လမ်းလေးကတော့ နာမည်ကျော် အဆိုတော်ဖြစ်ဖို့ အိပ်မက်တွေနဲ့ ကောင်မလေးတစ်ယောက်ဟာ မျှော်လင့်ချက်တွေ ပွေ့ပိုက်ပြီး ဆိုးလ်ကို လူရွေးပွဲအတွက် ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဆိုးလ်ကို မရောက်ဘဲ ကံဆိုးပြီး လူသူကင်းမဲ့နေတဲ့ ကျွန်းတစ်ကျွန်းပေါ် ရောက်သွားပြီး အချိန် ၁၅ နှစ် ကြာအောင် သောင်တင်နေခဲ့ပါတယ်။ 

ဆယ်စုနှစ်တစ်ခုကျော်အကြာမှ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတဲ့ လက်ရှိလောကကို သူမ ပြန်လည်ဝင်ရောက်လာချိန်မှာတော့ နေ့စဉ်ဘဝမှာ ဂြိုလ်သားဆန်နေရတဲ့ အလွဲအချော်လေးတွေကို ချစ်စဖွယ် ဟာသနှောပြီး ရိုက်ကူးပြသထားပါတယ်။ 

သူမအတွက် ကမ္ဘာအသစ်ကြီးလိုဖြစ်နေတဲ့ လူမှုအသိုင်းအဝိုင်းမှာ သူမ ဘယ်လို လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေထိုင်မလဲ။ သူမရဲ့ အိပ်မက်ဖြစ်တဲ့ နာမည်ကြီးအဆိုတော်ဖြစ်ဖို့ကရော လက်တွေ့မှာ တကယ်ဖြစ်လာနိုင်ပါ့မလားဆိုတာကတော့ ဇာတ်လမ်းထဲမှာ လိုက်ပါစီးမျော ကြည့်ရှုရမှာပါ။

ဒီစီးရီးလေးက အပိုင်း (၁၂) ပိုင်း ပါဝင်ပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်းမှာ အပိုင်းအသစ် ထွက်ရှိတာဖြစ်ပါတယ်။ လက်ရှိမှာတော့ အပိုင်းက (၈) ပိုင်းအထိပဲ ထွက်ထားပါသေးတယ်။

၄။ Strong Girl Nam-soon

မြန်မာပရိသတ်တွေကြား စွမ်းအားရှင်ကောင်မလေး ဒိုဘုံဆွန်းလို့ လူသိများခဲ့တဲ့ Strong Girl Bong-Soon ဇာတ်လမ်းလေးရဲ့ အဆက်ဖြစ်တဲ့ Strong Girl Nam-Soon ဇာတ်ကားအသစ်လေးပါ။ Strong Girl Bong-Soon ရဲ့ အဆက်ဆိုပေမဲ့ တစ်ကားနဲ့ တစ်ကားက ဇာတ်လမ်းမတူပါဘူးနော်။  

ဇာတ်လမ်းလေးကတော့ Kang Nam Soon (Lee Yoo Mi) က Super Power ရှိတဲ့ ကောင်မလေးပါ။ ကလေးဘဝတုန်းက မွန်ဂိုလီးယားမှာ ပျောက်သွားခဲ့ပြီး အရွယ်ရောက်တော့ မိဘတွေကို ရှာဖို့ တောင်ကိုရီးယား ဂန်နမ်ကို ရောက်လာခဲ့ပါတယ်။ နောက်ဆုံးတော့ အမေဖြစ်သူ Hwang Geum Joo (Kim Jung Eun) နဲ့ အဘွားဖြစ်သူ Gil Joong Gan (Kim Hae Sook) တို့နဲ့ ပြန်လည် တွေ့ဆုံနိုင်ခဲ့ပါတယ်။

နမ်ဆွန်းရဲ့ အမေနဲ့ အဘွားကလည်း နမ်ဆွန်းလို Super Power ရှိတဲ့သူတွေပါပဲ။ တစ်နေ့မှာတော့ နမ်ဆွန်းတို့ သားအမိ ၃ ယောက် ဂန်နမ်မှာ ဖြစ်ပွားတဲ့ မူးယစ်ဆေးဝါးအမှုမှာ ပါဝင်ပတ်သက်ဖို့ အကြောင်းဖန်လာပါတယ်။ ဒီအမှုကို စုံစမ်းနေတဲ့ စုံထောက် Kang Hee Shik (Ong Seong Wu) နဲ့ တွေ့ဆုံခဲ့ပြီး သူတို့ရဲ့ စွမ်းအားတွေကို အသုံးချ ကူညီပြီးတော့ ဘယ်လိုမျိုး စိတ်ဝင်စားစရာတွေ ကြုံတွေ့လာရမလဲဆိုတာ အလွဲအချော်ဂယက်လေးတွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။

ခေါင်းဆောင်မင်းသမီးက All of Us Are Dead နဲ့ Squid Game တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Lee Yoo-Mi ဖြစ်ပြီးတော့ မင်းသမီးကြီး Kim Hae-Sook လည်း ပါဝင်ထားပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ ဗီလန်ဇာတ်ကောင်နေရာကိုတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ Byeon Woo-Seok တို့က ပါဝင် သရုပ်ဆောင်ထားပါတယ်။  

ဒီဇာတ်လမ်းတွဲက အပိုင်း (၁၆) ပိုင်း ပါဝင်ပြီး စနေ၊ တနင်္ဂနွေတိုင်းမှာ အပိုင်းအသစ် ထွက်ရှိပါတယ်။ လောလောဆယ်မှာတော့ အပိုင် (၁၄) ပိုင်းအထိ ကြည့်လို့ရပါပြီ။ 

၅။ Brave Citizen

နောက်ဆုံးအနေနဲ့ ပြောပြချင်တဲ့ ဇာတ်ကားကတော့ အပိုင်းတွေနဲ့ မကြည့်ချင်ဘူး၊ တစ်ပိုင်းတည်းနဲ့ အပြီး Action ကားကောင်းလေး ကြည့်ချင်တယ်ဆိုရင်တော့ Shin Hae-sun အဓိက ပါဝင်ထားတဲ့ ကားအသစ်လေးကို ကြည့်ဖို့ အကြုံပြုပါတယ်။ 

ဒီတစ်ခေါက်တော့ ဇာတ်ဆောင်မင်းသမီး ရှင်းဟယ်ဆွန်းကို တမူထူးခြားတဲ့ ဇာတ်ကောင်အနေနဲ့ စိတ်ဝင်တစား ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Mr. Queen မှာတည်းက ဒီမင်းသမီးရဲ့ ယောကျာ်းစိတ်ပေါက်နေတဲ့ မိဖုရားအဖြစ် ကျားကျားယားယား သရုပ်ဆောင်မှုကို မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း လက်ဝှေ့သမားဟောင်း ဇတ်ဇတ်ကြဲ ကျောင်းဆရာမဇာတ်ကောင်နဲ့ ကြမ်းကြမ်းရမ်းရမ်း သရုပ်ဆောင်မှုတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်ကောင်ပီပြင်ဖို့အတွက် သူမဟာ ၆လ နီးပါး လက်ဝှေ့လေ့ကျင့်ခဲ့သလို အက်ရှင်သင်တန်းကျောင်းမှာလည်း နေ့စဥ်မပြတ် လေ့ကျင့်သင်ယူခဲ့ကြောင်း သိရပါတယ်။

ဇာတ်လမ်းကတော့ ဆိုရှီမင် (Shin Hae-sun) ဟာ ကျောင်းသူဘဝတုန်းက အရည်အချင်းရှိတဲ့ အိုလံပစ်ချန်ပီလောင်းဖြစ်တဲ့အထိ လက်ဝှေ့ကစားသမားကောင်းတစ်ယောက်အဖြစ် နာမည်ကျော်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အခြေအနေတွေကြောင့် ကစားသမားအဖြစ်ကနေ အနားယူလိုက်ရပြီး မိသားစုအတွက် အထက်တန်းကျောင်းမှာ အချိန်ပိုင်းစာရိတ္တဆရာမအနေနဲ့ အလုပ်ဝင်ခဲ့ပါတယ်။ 

တရားဝင် အချိန်ပြည့်ဆရာမ ဖြစ်လာဖို့က သူမ ရည်ရွယ်ချက်ဖြစ်ပြီး ရည်ရွယ်ချက် ပြည့်မြောက်ဖို့ဆို မျက်စိပိတ် နားပိတ်ပြီး ပြဿနာကို မမြင်ချင်ယောင်ဆောင်တဲ့အထိ အေးအေးဆေးဆေး နေလာခဲ့ပါတယ်။ ဒါပေမဲ့ တစ်ရက်ကျတော့ သူမ အလုပ်လုပ်နေတဲ့ ကျောင်းမှာ ဖြစ်ပျက်နေတဲ့ ကျောင်းသားအချင်းချင်း အကြမ်းဖက်မှု ပြဿနာတွေကို သိလိုက်ရပြီး တိုက်တိုက်ဆိုင်ဆိုင် သူမဆီကို အကြမ်းဖက်ခံရတဲ့ ကျောင်းသားလေးက အကူအညီလာတောင်းပါတော့တယ်။

ရှီမင်တယောက် ဒီကိစ္စကို အေးဆေး ကျော်သွားပေးလိုက်မလား။ အကြမ်းဖက်မှုတွေရဲ့ လက်သည်ကို သူမ ဘယ်လို ရင်ဆိုင်ပညာပေးမလဲ။ ခေါက်ရိုးကျိုးလောကကြီးရဲ့ နည်းလမ်းတွေကို သူမ ဘယ်လိုပြောင်းလဲမလဲဆိုတာကို ရင်ခုန်စွာနဲ့ ကြည့်ရှုခံစားရမယ့် ကားကောင်းတစ်ကားဖြစ်ပါတယ်။ 

ပရိသတ်တွေရဲ့ အချစ်တော် Mr Queen ထဲက မာမားနဲ့ အထိန်းတော်ကြီးတို့ရဲ့ နှစ်ယောက်တွဲ သရုပ်ဆောင်ချက်တွေနဲ့ ဗီလိန်အချောလေး Lee Jun-young ရဲ့ အမိုက်စား Visual ကိုပါ တွဲကြည့်ရမယ့် ဇာတ်ကားကောင်းလေး ဖြစ်တာမို့ လုံး၀ လက်မလွှတ်သင့်တဲ့ ကားပါပဲ။ 

⇐ Previous Next

Read 851 times