Things To Do

၂၀၂၄ ခုနှစ် နဂါးနှစ်တွင် ကံဇာတာကောင်းမယ့် တရုတ်ရာသီခွင်များ

2024 Chinese Zodiac Year

တရုတ်ရိုးရာ ရာသီခွင်အရ ၂၀၂၄ ခုနှစ်ဟာ သစ်သားနဂါးနှစ် ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀) ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့အထိကို နဂါးနှစ်အဖြစ် သတ်မှတ်ထားပါတယ်။ ဒါကြောင့် ၂၀၂၄ ခုနှစ် နဂါးနှစ်မှာ နဂါးနှစ်ဖွားတွေရဲ့ ကံဇာတာက ဘယ်လိုရှိမလဲ၊ နဂါးနှစ်မှာ ဘယ်နှစ်ဖွားတွေ ကံဇာတာကောင်းပြီး ထိုက်စွေ့သက်ရောက်မှုကြောင့် ဘယ်နှစ်ဖွားတွေ ကံညံ့နိုင်လဲဆိုတာကို အောက်မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။   

တရုတ်ရာသီခွင်စက်ဝန်း တပတ်ကို ရာသီခွင် (၅) မျိုးနဲ့ သတ်မှတ်ထားပြီး နှစ် (၆၀) ကြာမြင့်ပါတယ်။ ရာသီခွင် အမျိုးအစားမှာ -

  • သစ်သား Wood
  • မြေ (ပထဝီ) Earth
  • မီး (တေဇော) Fire
  • ရေ (အာပေါ) Water
  • သတ္တု (ဝါယော) Metal တို့ဖြစ်ပါတယ်။

ရာသီခွင်တပတ်မှာ (၁၂) နှစ်ရှိပြီး ကြွက်နှစ်ကနေ ဝက်နှစ်အထိ တိရစ္ဆာန် (၁၂) ကောင်ဖြင့် ကိုယ်စားပြုပါတယ်။ ကိုယ်စားပြုထားတဲ့ တိရစ္ဆာန် (၁၂) ကောင်ကတော့ -

၁။ ကြွက်

၂။ နွား

၃။ ကျား

၄။ ယုန်

၅။ နဂါး

၆။ မြွေ

၇။ မြင်း

၈။ ဆိတ်

၉။ မျောက်

၁၀။ ကြက်

၁၁။ ခွေးနဲ့ 

၁၂။ ဝက်တို့ ဖြစ်ကြပါတယ်။

ရာသီခွင်တွက်ချက်နည်း

ကိုယ်က ဘယ်နှစ်ဖွားလည်းဆိုတာကို သိချင်တဲ့ သူတွေအတွက် တွက်နည်းလေး ‌ဖော်ပြပေးလိုက်ပါတယ်။ တွက်နည်းလေးကတော့ လွယ်ကူရိုးရှင်းပါတယ်။

ဥပမာ - သင်က ၂၀၀၀ ခုနှစ်ဖွား ဆိုပါစို့။

- ကိုယ်မွေးတဲ့ခုနှစ် (၂၀၀၀) ထဲက (၃) ကို နုတ်ပါ။ 

- ကျန်တဲ့ ဂဏန်း (၁၉၉၇) ကို (၁၂) နဲ့ စားပါ။

- စားလို့ကြွင်းတဲ့ အကြွင်း (၅) က ကိုယ့်ရာသီနှစ် ဖြစ်ပါတယ်။

- အကြွင်းက (၅) ဆိုရင် အပေါ်မှာ ဖော်ပြထားတဲ့ နံပါတ် (၅) အကောင် နဂါးနှစ်ကို ယူရပါမယ်။

- အကယ်၍ အကြွင်းက (၀) ဆိုရင်တော့ ‌နောက်ဆုံးနှစ် ဝက်နှစ်ပါ။

တရုတ်ရာသီခွင်အကြောင်းနဲ့ ရာသီခွင်တွက်ချက်နည်းကို အကြမ်းမျဉ်း သိသွားပြီဆိုတော့ ဒီနှစ်နဂါးနှစ်မှာ ကံကောင်းမယ့် ရာသီဖွားတွေနဲ့ ကံဇာတာညံ့နိုင်တဲ့ ရာသီဖွားတွေကို ဖော်ပြပေးသွားပါမယ်။ 

နဂါးနှစ်အတွင်း ကံဇာတာတက်မယ့် ရာသီဖွားများ - ကြက်၊ ဝက်၊ မျောက်၊ မြွေ

ထိုက်စွေ့သက်ရောက်မှုရှိတဲ့ ရာသီဖွားများ - ခွေး၊ နဂါး၊ ယုန်၊ နွား 

တရုတ်ရိုးရာဓလေ့အရ လူသိများတဲ့ ထိုက်စွေ့ဟာ အပေါ်မှာ ဖော်ပြခဲ့တဲ့ တရုတ်ရိုးရာနှစ်ဖွားတွေအပေါ် ကျရောက်အုပ်စိုးမည်ဖြစ်တာကြောင့် ထိုက်စွေ့သက်ရောက်မှုအောက်တွင် ရောက်နေတဲ့ တရုတ်နှစ်ဖွားတွေဟာ ဒီနှစ်မှာ အခက်အခဲ အတားအဆီးတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ 

၂၀၂၄ ခုနှစ် နဂါးနှစ်အတွက် တရုတ်ရာသီခွင်တစ်ခုချင်းစီရဲ့ ဟောစာတမ်းများ

၁။ ကြွက်နှစ်ဖွား

ကြွက်နှစ်ဖွားတွေက ဒီနှစ်မှာတော့ ဆိုးရွားတဲ့ ရလဒ်တွေမရှိဘဲ အနာဂတ်အတွက် အောင်မြင်မှု၊ တိုးတက်မှုတွေနဲ့ ကြုံရနိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးပိုင်းမှာ စိတ်ရှည်သည်းခံမှုနဲ့ နားလည်မှု လိုအပ်ပြီး အတက်အကျအချို့နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ အချစ်ရေးမှာလည်း အဆင်ပြေချောမွေ့မှု ရှိပါတယ်။ ကျန်းမာရေးကိုတော့ သတိထားသင့်ပြီး သင့်တမျှတတဲ့ နေထိုင်မှုပုံစံကို လုပ်ဆောင်သင့်ပါတယ်။ ကြီးကြီးမားမား စိုးရိမ်စရာမရှိပေမဲ့ နှလုံးသွေးကြောနဲ့ ကျောက်ကပ်ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။   

ကံကောင်းစေသောအရောင်များ- အစိမ်း၊ အညို၊ အဝါ

ကံကောင်းစေသောဂဏန်းများ- ၂၊ ၃

ကံကောင်းသောလများ- မေ၊ ဩဂုတ်၊ ဒီဇင်ဘာ

၂။ နွားနှစ်ဖွား

နွားနှစ်ဖွားတွေဟာ နဂါးနှစ်အတွင်း လူမှုရေးပြဿနာတချို့ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် အသက်မွေးဝမ်းကြောင်း (သို့မဟုတ်) ငွေကြေးရင်းနှီးမှုတွေမှာ အတားအဆီးတွေ တွေ့နိုင်ပါတယ်။ ဒါပေမဲ့လည်း တစ်ဖက်တစ်လမ်းကနေ အကူအညီတချို့ ရောက်လာနိုင်ပါတယ်။ ကျန်းမာရေးအရ အသေးအမွှား ကျန်းမာရေးပြဿနာတချို့နဲ့ ကြုံရတတ်ပါတယ်။ အချစ်ရေးမှာတော့ ကံကောင်းခြင်း၊ ကံဆိုးခြင်း နှစ်မျိုလုံးကို ခံစားရနိုင်ပါတယ်။ 

ကံကောင်းစေသောအရောင်များ- အဖြူ၊ အဝါ၊ အစိမ်း

ကံကောင်းစေသောဂဏန်းများ - ၁၊ ၄

ကံကောင်းသောလများ- မေ ဖေဖော်ဝါရီ၊ ဒီဇင်ဘာ 

၃။ ကျားနှစ်ဖွား 

၂၀၂၄ ခုနှစ်ဟာ ကျားနှစ်ဖွားတွေအဖို့ မလိုလားအပ်တဲ့ ငြင်းခုံမှုတွေကို ရှောင်ရှားသင့်တဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ ငွေကြေးကံ အတက်အကျရှိနေတာကြောင့် အန္တရာယ်ရှိတဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ရှောင်ပါ။ အချစ်ရေးနဲ့ ကျန်းမာရေးမှာလည်း အတိုက်အခိုက်တွေ ရှိလာနိုင်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ လူသစ်တွေနဲ့ တွေ့ဆုံရပြီး ဆက်ဆံရေးအသစ်တွေ စတင်ဖို့ အခွင့်အရေး ရနိုင်ပေမဲ့ သတိရှိဖို့ လိုပါတယ်။ လိုက်လျောညီထွေရှိမှုနဲ့ ခံနိုင်ရည်ရှိမှုကို ဆုပ်ကိုင်ထားခြင်းဖြင့် ကျားနှစ်ဖွားတွေဟာ တစ်နှစ်တာရဲ့ အတက်အကျတွေကို ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ 

ကံကောင်းစေသောအရောင်များ- လိမ္မော်၊ မီးခိုး၊ အပြာ

ကံကောင်းသောဂဏန်းများ - ၁၊ ၃၊ ၄

ကံကောင်းသောလများ- ဇူလိုင်၊ မတ်၊ အောက်တိုဘာ

၄။ ယုန်နှစ်ဖွား 

၂၀၂၄ ခုနှစ်အတွင်း ပြဿနာတစ်ခုခု ဖြစ်ပေါ်လာမယ်ဆိုရင် ယုန်နှစ်ဖွားတွေအတွက် ကူညီမယ့်သူတစ်ဦး မဟုတ် တစ်ဦး ပေါ်လာနိုင်ပါတယ်။ လူမှုရေးနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ကောင်းမွန်တိုးတက်မှုတွေ ဖြစ်နိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းဘက်ကနေ တည်ငြိမ်တဲ့ ဝင်ငွေရှိပေမဲ့ ဒီနှစ်အတွင်းမှာ ချေးငှားခြင်း၊ ရင်နှီးမြှပ်နှံခြင်း မလုပ်သင့်ပါဘူး။ ငွေကြေးပိုင်း ဆုံးရှုံးမှုတွေ ကြုံရနိုင်လို့ပါ။ ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်နိုင်တာကြောင့် အိပ်ချိန်၊ စားချိန်နဲ့ အနားယူချိန်မှန်ဖို့ လိုပါတယ်။ အချစ်ရေးပိုင်းမှာလည်း ပြဿနာတွေ ရှိနိုင်တာကြောင့် သတိထားဆင်ခြင်သင့်ပါတယ်။ 

ကံကောင်းစေသောအရောင်များ- ခရမ်း၊ အနီ၊ ပန်းရောင်

ကံကောင်းသောဂဏန်းများ- ၃၊ ၄၊ ၉

ကံကောင်းသောလများ- ဇန်နဝါရီ၊ ဩဂုတ်၊ စက်တင်ဘာ

၅။ နဂါးနှစ်ဖွား

၂၀၂၄ ခုနှစ်မှာ နဂါးနှစ်ဖွားတွေဟာ စိန်ခေါ်မှုတွေ၊ အခွင့်အလမ်းတွေ နှစ်ခုစလုံး ရင်ဆိုင်တွေ့ကြုံရပါမယ်။ ငွေကြေးဆုံးရှုံးမှုနဲ့ အငြင်းပွားမှုတွေ ဖြစ်နိုင်ချေရှိပါတယ်။ မမျှော်လင့်ထားတဲ့ ငွေကြေးဆုလာဘ်တွေလည်း ရရှိလာနိုင်ပါတယ်။ မကောင်းတဲ့သူတွေ မိမိဘဝအတွင်း ဝင်ရောက်နှောက်ယှက်တာမျိုး ကြုံတွေ့ရနိုင်ပါတယ်။ ကျန်းမာရေးကို ဦးစားပေးသင့်တဲ့ ကာလလည်း ဖြစ်ပါတယ်။ အချစ်ရေးနဲ့ မိသားစု ဆက်ဆံရေးတွေမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရလာနိုင်ပါတယ်။  စကားပြောတဲ့အခါ သတိထားဖို့နဲ့ မိမိကိုယ်ကိုယုံကြည်မှု လွန်ကဲခြင်းကို ရှောင်ရှားသင့်ပါတယ်။ 

ကံကောင်းစေသောအရောင်များ- အဖြူ၊ အစိမ်း၊ ရွှေရောင်

ကံကောင်းသောဂဏန်းများ- ၈၊ ၁၄၊ ၂၁

ကံကောင်းစေသောလများ- မတ်၊ ဧပြီ၊ မေ

၆။ မြွေ

အသက်မွေးဝမ်းကြောင်းလုပ်ငန်းပိုင်းတွင် အောင်မြင်မှုနဲ့ ကြုံရပါမယ်။ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ခြင်းဖြင့် မိမိဘဝ ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းသင့်တဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ ငွေစုခြင်းနဲ့ ရေရှည်အာမခံချက်ရှိတဲ့ ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်သင့်ပါတယ်။ အချစ်ရေးပိုင်းမှာ နားလည်မှုလွဲမှားခြင်းနဲ့ ပဋိပက္ခတွေ ဖြစ်နိုင်တာကြောင့် ရိုးသားပြီး စိတ်ရှည်ဖို့ လိုပါတယ်။ ကျန်းမာရေးအတွက် မိမိကိုယ်ကို ဂရုစိုက်ပြီး စိတ်ဖိစီးမှုတွေကို လျှော့ချသင့်တဲ့ နှစ်တစ်နှစ်ပါ။

ကံကောင်းစေသောအရောင်များ - ခရမ်း၊ အနက်၊ အပြာ

ကံကောင်းသောဂဏန်းများ- ၂၊ ၈၊ ၉

ကံကောင်းသောလများ- ဇန်နဝါရီ၊ ဩဂုတ်၊ နိုဝင်ဘာ

၇။ မြင်းနှစ်ဖွား

နဂါးနှစ်တွင် ထူးထူးခြားခြား အခွင့်ရေးတွေ မျှော်လင့်နိုင်သလို တစ်ချို့သော အဟန့်အတားတွေကိုလည်း သတိထားဖို့ လိုပါတယ်။ ၂၀၂၄ ခုနှစ်အစပိုင်းမှာ အခက်အခဲ အတားအဆီးတွေနဲ့ ကြုံရတတ်ပါတယ်။ လုပ်ငန်းအသစ်ပြောင်းဖို့ သို့မဟုတ် အလုပ်တစ်ခု ရှာနေတယ်ဆိုရင် ၂၀၂၄ ခုနှစ် နှစ်အစဟာ အချိန်ကောင်း မဟုတ်ပါဘူး။ နှစ်အလယ်ပိုင်းလောက်မှ ကံကောင်းခြင်းတွေ ရောက်လာပါလိမ့်မယ်။ မြင်းနှစ်ဖွားတွေဟာ ချစ်ခြင်းမေတ္တာပိုင်းမှာ သည်းခံတတ်ဖို့နဲ့ စိတ်တိုမလွယ်ဖို့ သတိထားသင့်ပါတယ်။ မဟုတ်ရင် လူတွေရဲ့ ချစ်ခြင်းမေတ္တာကို ဆုံးရှုံးရပါလိမ့်မယ်။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကိုလည်း ဒီနှစ်အတွင်းမှာပဲ ရရှိနိုင်ပါတယ်။ ကျန်းမာရေးကိုလည်း ဟန်ချက်ညီအောင် ထိန်းကျောင်းဖို့ အာရုံစိုက်သင့်ပါတယ်။

ကံကောင်းစေသောအရောင်များ - အဝါ၊ အစိမ်း

ကံကောင်းသောဂဏန်းများ - ၂၊ ၃၊ ၇

ကံကောင်းသောလများ - ဇူလိုင်၊ စက်တင်ဘာ၊ ဒီဇင်ဘာ

၈။ ဆိတ်နှစ်ဖွား

၂၀၂၄ ခုနှစ်ဟာ ဆိတ်နှစ်ဖွားတွေအတွက် ကြီးပွားတိုးတက်မယ့် အချိန်ဖြစ်ပါတယ်။ အသက်မွေးဝမ်းကြောင်းလမ်းကြောင်းသစ်တစ်ခု စတင်ခြင်း၊ ဝါသနာအသစ်တစ်ခု စတင်ခြင်း သို့မဟုတ် နေရာအသစ်တစ်ခုကို ခရီးသွားခြင်းတွေဟာ ၂၀၂၄ ခုနှစ်အတွင်း ဆိတ်နှစ်ဖွားတွေအတွက် ကောင်းမွန်တဲ့ စွန့်စားခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ကျန်းမာရေးထိခိုက်မှုတွေ ရှိနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ လိုပါတယ်။ အချစ်ရေးပိုင်းမှာ ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ၊ တိုးတက်မှုတွေ တွေ့ကြုံနိုင်ပါတယ်။ စိန်ခေါ်မှုနဲ့ အတားအဆီးတချို့လည်း ရှိနိုင်တာကြောင့် လုပ်ငန်းခွင်အတွင် ပြိုင်ဆိုင်မှုနဲ့ ဖိအားတချို့တို့ကို ရင်ဆိုင်ရနိုင်ပါတယ်။ 

ကံကောင်းစေသောအရောင်များ- ခရမ်း၊ အညို၊ အနီ

ကံကောင်းသောဂဏန်းများ - ၅၊ ၈ 

ကံကောင်းသောလများ- မေ၊ ဇူလိုင်၊ နိုဝင်ဘာ

၉။ မျောက်နှစ်ဖွား

မျောက်နဲ့နဂါးတို့ဟာ တရုတ်ရာသီခွင်မှာ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့အတွက် ၂၀၂၄ ခုနှစ်က မျောက်နှစ်ဖွားတွေအတွက် ကံကောင်းမယ့်နှစ် ဖြစ်လာပါလိမ့်မယ်။ ငွေကြေးပိုင်းမှာရော၊ အသက်မွေးဝမ်းကျောင်းပိုင်းမှာပါ တိုးတက်ကောင်းမွန်မှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ လုပ်ငန်းဆုံးဖြတ်ချက်တွေ ချတဲ့အခါ မလုပ်ခင် နှစ်ကြိမ်စဉ်းစားဖို့ အချိန်ယူသင့်ပါတယ်။ သင်က အလုပ်ရှာဖွေနေသူဆိုရင် နိုင်ငံရပ်ခြားမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရနိုင်ပါတယ်။ 

ကံကောင်းစေသောအရောင် - အနက်၊ မီးခိုး

ကံကောင်းစေသောဂဏန်းများ - ၁၊ ၄၊ ၆

ကံကောင်းသောလများ - ဩဂုတ်၊ အောက်တိုဘာ

၁၀။ ကြက်နှစ်ဖွား

၂၀၂၄ ခုနှစ်ဟာ ကြက်နှစ်ဖွားတွေအတွက် အလွန်သာယာတဲ့နှစ်လို့ မှတ်ယူနိုင်ပါတယ်။ အိမ်ခြံမြေ၊ ဇိမ်ခံကားတွေ ဒါမှမဟုတ် လက်ဝတ်ရတနာတွေ ဝင်လာနိုင်ပါတယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေနဲ့ အစီအစဉ်တွေ အကောင်အထည်ဖော်ဖို့ အကောင်းဆုံးလပါ။ နှစ်ကုန်ခါနီးမှာတော့ ဆုံးဖြတ်ချက်အမှားတွေကြောင့် ငွေကြေးပိုင်း ပြသနာအသေးအမွှားတွေ ကြုံရနိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးပိုင်းမှာလည်း နားလည်မှုနဲ့ အဆင်ပြေချော့မွေ့ပြီး ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရရှိလာနိုင်ပါတယ်။ စိန်ခေါ်မှုတွေကို တစ်ယောက်တည်း ရင်ဆိုင်တာထက် အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်ပြီး ကျော်လွှားဖို့ အကြံပြုပါတယ်။ 

ကံကောင်းစေသောအရောင်များ- အညို၊ အဖြူ၊ ရွှေရောင်

ကံကောင်းသောဂဏန်းများ - ၅၊ ၇

ကံကောင်းသောလများ - ဖေဖော်ဝါရီ၊ မေ၊ နိုဝင်ဘာ 

၁၁။ ခွေးနှစ်ဖွား

ခွေးနှစ်ဖွားတွေဟာ ၂၀၂၄ ခုနှစ်မှာ ကျန်းမာရေးကို အထူးဂရုစိုက်နေထိုင်သင့်ပါတယ်။ ပထမနှစ်ဝက်မှာ ငွေကြေးအတက်အကျတွေ ရှိလာနိုင်ပါတယ်။ ဒုတိယနှစ်ဝက်ကျမှ အသက်မွေးဝမ်းကျောင်းလုပ်ငန်းပိုင်းမှာ သိသာထင်ရှားတဲ့ မြတ်အစွန်းတွေ ရနိုင်ပါတယ်။ လုပ်ဖော်ကိုင်ဖက်နဲ့ အထက်အရာရှိတွေဆီကနေလည်း ချီးကျူးမှုနဲ့ အသိအမှတ်ပြုမှုကို ရရှိနိုင်ပါတယ်။ ဒါပေမဲ့ အလွယ်တကူတော့ မဟုတ်ပါဘူး။ အရမ်းကြိုးစားရပါမယ်။ အတိုက်အခိုက် အနှောက်အယှက်တွေလည်း တွေ့ရနိုင်ပါတယ်။ အချစ်ရေးပိုင်းမှာတော့ အတက်အကျ နှစ်မျိုးလုံး ရှိပါတယ်။ တချို့သော ပဋိပက္ခတွေ၊ သဘောထားကွဲလွဲမှုတွေ ကြုံတွေ့နိုင်မယ့်အပြင် မမျှော်လင့်ထားတဲ့ တွေ့ဆုံမှုအသစ်နဲ့ အချစ်ရေးဆိုင်ရာ အခွင့်အလမ်းတွေကို သယ်ဆောင်လာမယ့် နှစ်တစ်နှစ်ဖြစ်ပါတယ်။ 

ကံကောင်းစေသောအရောင်များ - အနီ၊ အစိမ်း၊ ခရမ်း

ကံကောင်းစေသောဂဏန်းများ - ၃၊ ၄

ကံကောင်းစေသောလများ - ဩဂုတ်၊ ဒီဇင်ဘာ

၁၂။ ဝက်နှစ်ဖွား

ဝက်နှစ်ဖွားတွေဟာ တစ်နှစ်တာအတွင်း အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေနဲ့ ရင်ဆိုင်တွေ့ကြုံရပါလိမ့်မယ်။ အသက်မွေးဝမ်းကြောင်းမှာ စွန့်ဦးတီထွင်မှုနဲ့ တိုးတက်မှုအသစ်တွေ ဆောင်ကြဉ်းပေးနိုင်ပါတယ်။ ၂၀၂၄ ဟာ စွန့်စားမှုအသစ်တွေ စတင်ဖို့ သို့မဟုတ် ရှိပြီးသားလုပ်ငန်းတွေကို ချဲ့ထွင်ဖို့အတွက် အကောင်းဆုံး အချိန်ဖြစ်ပါတယ်။ ငွေရေးကြေးရေး ကိစ္စတွေမှာတော့ သတိထား လုပ်ဆောင်ဖို့ အကြံပြုပါတယ်။ တစ်ကိုယ်ရေ ဝက်နှစ်ဖွားတွေဟာ လူမှုရေးတွေ့ဆုံပွဲတွေမှာ အပြန်အလှန် သူငယ်ချင်းတွေကတဆင့် မိတ်ဆက်ပေးရင်း လက်တွဲဖော်နဲ့ ဆုံတွေ့နိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးတချို့မှာ နားလည်မှုလွဲပြီး ပြသနာအသေးအမွှားတွေ ဖြစ်လာနိုင်ပါတယ်။ 

ကံကောင်းစေသောအရောင်များ - မီးခိုး၊ အဝါ၊ အညို

ကံကောင်းစေသောဂဏန်းများ - ၂၊ ၅၊ ၈

ကံကောင်းစေသောလများ - ဖေဖော်ဝါရီ၊ မတ်၊ အောက်တိုဘာ၊ နိုဝင်ဘာ

Avalokiteśvara Bodhisattva - 仰光觀音堂 မှ ဟောစာတမ်းများကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်သည်။ 

⇐ Previous Next

Read 1878 times