Health & Beauty

လူမှုကွန်ရက်တွင် ပြန့်ပွားနေသော ကိုဗစ်ကာကွယ်ဆေးများကို မသုံးစွဲရန် ကြေညာချက်ထုတ်ပြန်

Announcement not to use Covid-19 vaccines that are circulating on social media

လတ်တလောတွင် လူမှုကွန်ရက်များ၊ အင်တာနက်စာမျက်နှာများနှင့် online ဈေးကွက်များတွင် COVID-19 ကာကွယ်ဆေးများကို ရောင်းချလျက်ရှိသည်။

သို့သော် ယခုအချိန်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အသိအမှတ်ပြု ထောက်ခံသော COVID-19 ကာကွယ်ဆေးမရှိသေးသည့်အပြင် မည်သည့်ဆေးကုမ္ပဏီမှ တတိယအဆင့် လက်တွေ့စမ်းသပ် သုတေသနပြုမှု (phase-3 clinical trial) ကိုပင်မပြီးမြောက်သေးကြောင်း သိရှိရသည်။

ကာကွယ်ဆေး အသစ်တစ်မျိုးကိုထုတ်လုပ်ရန်မှာ လုပ်ငန်းစဥ်များပြားသည့်အတွက် အချိန်လည်းကြာမြင့်ပေသည်။ ထိုသို့လုပ်ဆောင်ရသော လုပ်ငန်းစဥ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) ကာကွယ်ဆေး၏ သက်ဆိုင်ရာရောဂါကို ကာကွယ်နိုင်သော အာနိသင် ရှိ/ မရှိ၊

(၂) လုံလောက်သော ပဋိပစ္စည်း ထုတ်လုပ်နိုင်ရန် လှုံ့ဆော်ပေးနိုင်စွမ်း ရှိ/ မရှိ၊

(၃) ဘေးထွက်ဆိုးကျိုးမရှိဘဲ  ဘေးအန္တရာယ်ကင်း၍ လုံခြုံစိတ်ချရမှု ရှိ / မရှိ၊

(၄) ကာကွယ်ဆေးထိုးပြီးနောက် ကာကွယ်မှုပေးနိုင်သည့် အချိန်ကာလ၊

(၅) ထိုးနှံ/ တိုက်ကျွေးရမည့် ကာကွယ်ဆေးပမာဏနှင့် အကြိမ်အရေအတွက်၊

(၆) ဓါတ်ခွဲခန်းတွင်သာမက လက်တွေ့အပြင်လောက၌ အသုံးပြုရာတွင်လည်း ထိရောက်စွာ ကာကွယ်နိုင်သည့် အစွမ်းအာနိသင် ရှိ/ မရှိ၊

စသည်တို့ကို သိရှိနိုင်ရန်နှင့် ပထမဦးစွာ ဓာတ်ခွဲခန်းအတွင်းနှင့် တိရစ္ဆာန်များတွင် စမ်းသပ်ခြင်းအဆင့်များ၊ ထို့နောက် လူများတွင် စနစ်တကျလက်တွေ့စမ်းသပ် သုတေသန ပြုလုပ်သည့်အဆင့် (၃) ဆင့် (3 phases of clinical trial) နှင့် အသိအမှတ်ပြု လိုင်စင်ရရှိပြီး ဈေးကွက်တွင် ရောင်းချပြီးနောက်တွင်လည်း ဆက်လက်စောင့်ကြပ်ကြည့်ရှု လေ့လာခြင်းများကို တစ်ဆင့်ပြီးတစ်ဆင့် အချိန်ယူကာ စနစ်တကျဆောင်ရွက်ရပါသည်။

ထို့ကြောင့် ယခုရောင်းချလျက်ရှိသော ဆေးများကို ပြည်သူများဝယ်ယူအသုံးမပြုရန် အားကစားနှင့် ကျန်းမာရေးဌာနမှ ကြေညာထားသည်။

 

By Aung Myo Hein

⇐ Previous Next

Read 2254 times