Things To Do

သင့်အခန်းကို အလှဆင်ဖို့ သင့်တော်တဲ့ မြန်မာ့လက်လုပ်ပစ္စည်းများ

Burmese handicrafts suitable for decorating your room

လူတိုင်းမှာ ကိုယ်နေထိုင်တဲ့အိပ်ခန်းကို သေသေသပ်သပ်နဲ့ လှပတဲ့အခန်းတစ်ခန်းဖန်တီးဖို့ ရည်ရွယ်ချက် ကိုယ်စိရှိကြပါတယ်။ ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်တဲ့သူနဲ့ မဖော်ဖြစ်သေးတဲ့ လူနှစ်မျိုးကွဲသွားတာပဲရှိတာပါ။ တချို့က ကိုယ့်အခန်းကို ထူးဆန်းတဲ့ ပစ္စည်းတွေ ပန်းချီကားတွေနဲ့ အလှဆင်ကြပေမယ့် တချို့ကြတော့ ရိုးရိုးရှင်းရှင်းလေးပဲ အလှဆင်ကြပါတယ်။

ခေတ်လည်းဆန်ချင်တယ် အမြင်လည်းမရိုင်းချင်တဲ့ ပုံစံမျိုးကို သဘောကျတဲ့သူတွေအတွက် အကြံကောင်းတချို့ရှိပါတယ်။ အဲ့တာကတော့ မြန်မာ့ရိုးရာလက်လုပ်ပစ္စည်းတွေဖြစ်ပါတယ်။ မြန်မာ့ရိုးရာပစ္စည်းအများစုက ဘယ်တော့မှ အမြင်မရိုးတဲ့အပြင် အခန်းအလှဆင်ဖို့အတွက် အကောင်းဆုံးအရာတွေလို့တောင်ဆိုနိုင်ပါတယ်။

ဒါဆို အခန်းအလှဆင်ဖို့အတွက် အလိုက်ဖက်ဆုံးနဲ့ အကောင်းဆုံး မြန်မာ့လက်လုပ်ပစ္စည်းတွေ ဘာတွေရှိမလဲ။

(၁) ဗုဒ္ဓရုပ်ပွားတော်များ

မြန်မာနိုင်ငံက ဗုဒ္ဓဘာသာသာသနာထွန်းကားတဲ့နိုင်ငံဖြစ်တာနဲ့အညီ ဗုဒ္ဓရုပ်ပွားတော်တွေကို အမြတ်တနိုးထားကိုးကွယ်ကြပါတယ်။ ဒါ့ကြောင့် ဗုဒ္ဓရုပ်ပွားတော် ပန်းချီ၊ ရုပ်ထုတွေကို ဧည့်ခန်းတွေမှာ အခန်းအလှဆင်တဲ့ အနေနဲ့ အလှဆင်နိုင်သလို ကိုယ့်အခန်းထဲမှာလည်း အလှဆင်နိုင်ပါတယ်။

(၂) ပုသိမ်ထီးများ

ပုသိမ်ထီးနဲ့ မြန်မာနိုင်ငံဆိုတာက ခွဲမရတဲ့ သင်္ကေတတစ်ခုပါပဲ။ တချို့တွေက အမှတ်တရပစ္စည်းတစ်ခုအနေနဲ့သာလက်ဆောင်ပေးကြပေမယ့် တကယ်တော့ အခန်း Decoration မှာလည်း ပုသိမ်ထီးကိုအသုံးပြုနိုင်ပါတယ်။

(၃) ယွန်းထည်များ

ယွန်းထည်ပစ္စည်းတွေကို ပုဂံမှာ အများဆုံးတွေ့မြင်နိုင်ပါတယ်။ ယွန်းထည်တွေက အများကြီးရှိပေမယ့် အလှဆင်တဲ့အခါမှာ ထမင်းချိုင့်၊ ထမင်းအုပ်၊ ကွမ်းအစ် စတာတွေကို အများဆုံး အသုံးပြုကြပါတယ်။

(၄) ရုပ်သေးရုပ်များ

ရုပ်သေးရုပ်အကဟာ မြန်မာ့ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်ပြီး အိမ်အခန်းတွေ အလှဆင်တဲ့အခါမျိုးမှာလည်း အသုံးပြုကြပါတယ်။ လက်ဆောင်ပစ္စည်းအဖြစ်လည်း အသုံးပြုကြပေမယ့် အများစုက ဧည့်ခန်းတွေမှာ ချိတ်ဆွဲထားလေ့ရှိပါတယ်။

(၅) ဝါး/ကြိမ်ပစ္စည်းများ

ယွန်းထည်ပစ္စည်းတွေလိုပဲ ဝါး/ကြိမ်ပစ္စည်းတွေကလည်း အမျိုးမျိုးရှိပါတယ်။ ထမင်းချိုင့်၊ ထမင်းအုပ်၊ ကွမ်းအစ်၊ ခွက်မျိုးစံ ပြုလုပ်နိုင်ပြီး များသောအားဖြင့် ခမောက်လည်းပြုလုပ်ကြပါတယ်။ ကိုယ့်အခန်းကိုအလှဆင်မယ်ဆိုရင်တော့ ခမောက်တွေကို နံရံမှာ ချိတ်ထားနိုင်သလောက် မှန်ဘီဒို ထဲမှာလည်း ဝါး/ကြိမ်ပစ္စည်းတွေကို အလှထားရှိနိုင်ပါတယ်။

(၆) ပန်းချီများ/ချည်ထိုးပန်းချီများ/ကျောက်ပန်းချီများ

ပန်းချီဆိုတာက ဗမာ့သမိုင်းမှာ ယဉ်ကျေးမှုတစ်ခုအဖြစ် ခေတ်အဆက်ဆက်ထွန်းကားတဲ့အရာတစ်ခုဖြစ်ပါတယ်။ နောက်ပြီး ပန်းချီကို ခဲ၊ ရေဆေး၊ ချည်ထိုး၊ ကျောက် စတာတွေနဲ့ အမျိုးမျိုးရေးဆွဲကြပါတယ်။ ကိုယ်ကြိုက်တဲ့ အမျိုးအစားကို ရွေးချယ်ပြီး သင့်အခန်းကို အလှဆင်နိုင်ပါတယ်။

(၇) ပန်းစွယ်၊ ပန်းခက် ကနုတ်များ

ပန်းပုပစ္စည်းတွေနဲ့ ဆင်ပေမယ့် ပန်းစွယ်၊ ပန်းခက် ကနုတ်တွေကို မျက်နှာကြပ်၊ တံခါးနဲ့ လှေကားတွေမှာ အများဆုံးအသုံးပြုကြပါတယ်။

(၈) ပန်းအိုးများ

ဧည့်ခန်းမှာ ပန်းအိုးတွေထားရတာကို သဘောကျတဲ့သူတွေ အများကြီးရှိပါတယ်။ တချို့က ကိုယ့်အခန်းထဲမှာ ပန်းအိုး အသေးလေးတွေကို ထားပြီး အခန်းအလှဆင်ကြပါတယ်။ ပန်းအိုးရွေးချယ်တဲ့အခါ မြန်မာလက်လုပ်ပစ္စည်းတွေကို အဓိကထားရွေးချယ်ကြပါတယ်။

(၉) မြန်မာ့တူရိယာပစ္စည်းများ

Decoration အနေနဲ့ မြန်မာ့တူရိယာပစ္စည်းတွေကို ရွေးချယ်ကြတဲ့အခါ စောင်းတူရိယာနဲ့ ပက်တလားကိုရွေးချယ်ကြတာများပါတယ်။ မယ်တလင်ကလည်း အလှဆင်လို့ကောင်းတဲ့ မြန်မာ့ရိုးရာလက်လုပ်ပစ္စည်းကောင်းတစ်ခုဖြစ်ပါတယ်။

(၁၀) ပန်းပုရုပ်များ 

ပန်းပုရုပ်ထုတွေကို ဧည့်ခန့်မှာထားကြတာများပေမယ့် ရုပ်ထုရဲ့ အရွယ်အစားပေါ်ကိုမူတည်ပြီး သင်စိတ်ကြိုက်အခန်းထဲမှာထားပြီး အလှဆင်နိုင်ပါတယ်။ မြန်မာ့လက်လုပ်ပစ္စည်းတွေက အများကြီးရှိတဲ့အတွက် ကျန်ခဲ့တာတွေလည်းရှိနေနိုင်ပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့ စိတ်ကူးကို အခြေခံတာပိုကောင်းပါတယ်။ စိတ်ဝင်စားဖို့ကောင်းပြီး သေသပ်တဲ့ အခန်းတစ်ခုကိုဖန်တီးဖို့ဆိုရင် DIY လက်လုပ်ပစ္စည်းတွေက ပိုပြီးအံဝင်ခွင်ကျရှိပါတယ်။

⇐ Previous Next

Read 1525 times