Things To Do

လူငယ်တွေ မိတတ်ကြတဲ့ "ဂျင်း" ပေါင်းချုပ်

Common Mistakes That Youth Make

လူငယ်တွေဟာ ကိုယ့်ကိုယ်ကိုယ် ဂျင်းပြန်ထည့်တတ်ကြတယ်ဆိုတာ သင်သိပါသလား? ဒီတစ်ခါတော့ သူများကြောင့်မိတဲ့ ဂျင်းမဟုတ်ဘဲ ကိုယ်ကိုယ်တိုင် ဂျင်းထည့်ပြီး ကိုယ်တိုင်ပြန်မိရတဲ့အကြောင်းကို ပြောချင်ပါတယ်။ 

လူငယ်ဘဝ အပိုင်းအခြားဟာ လမ်းစရှာဖွေနေဆဲကာလ၊ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်တဲ့ကာလ၊ အောင်မြင်ချင်ကြတဲ့ကာလ၊ စိတ်ကူးယဉ်ဆန်ချင်တဲ့ကာလတစ်ခု ဖြစ်တာကြောင့် ကိုယ်တိုင်တောင် မသိလိုက်ခင်မှာပဲ မလိုတဲ့ခြေလှမ်းတွေကို ယုန်ထင်ကြောင်ထင်နဲ့ လှမ်းမိတတ်ကြတဲ့ အချိန်တွေ ရှိပါတယ်။ 

ဒါကြောင့် လတ်တလောမှာ လူငယ်တွေအကြား အဖြစ်များနေတာလေးတွေ၊ အမြင်မှားနေတာလေးတွေ ပြောရရင် လူငယ်တွေ သူတို့ကိုယ်ကိုယ် ဂျင်းပြန်ထည့်မိတတ်ကြတဲ့ ဂျင်းအကြောင်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

၁။ သင်တန်းဆင်းလက်မှတ်တွေ လိုက်စုတာ

အခုခေတ် လူငယ်တွေအကြား လက်မှတ်ရဖို့တစ်ခုအတွက်နဲ့ သင်တန်းလိုက်တက်နေကြသူတွေ အများကြီး ရှိပါတယ်။ တချို့ကတော့ အလုပ်ကြောင့် ဒါမှမဟုတ် တခြားအကြောင်းတစ်ခုခုကြောင့် လိုအပ်လို့ တက်ကြတာမျိုးတွေလည်း ရှိပါတယ်။ ဒါကတော့ လိုအပ်တာကြောင့်မို့ တစ်ကဏ္ဍဆိုပေမယ့် တချို့ကျ လက်မှတ်ရရင် ပြီးရောဆိုတဲ့ စိတ်မျိုးနဲ့ သင်တာတွေလည်း စိတ်မဝင်စား၊ စာလည်းသေချာမလုပ်၊ အတန်းလည်း မမှန် အဲလိုတွေ ရှိပါတယ်။

အဲတော့ သင်တန်းသာ ပြီးသွားတယ်၊ လက်မှတ်တွေသာ ရသွားတယ်၊ ဒီသင်တန်းကနေ ဘာသင်ယူလာခဲ့ရသလဲ၊ ဘာလုပ်တတ်သွားလဲ၊ ဘယ်လိုတိုးတက်လာလဲ မေးရင် ဒုံရင်းက ဒုံရင်းပါပဲ။ သင်တန်းဆင်းလက်မှတ်တွေက အလုပ်တစ်ခုရဖို့ အရေးကြီးတာ မှန်ပါတယ်။ ဒါပေမယ့် လက်မှတ်နဲ့အတူ အရည်အချင်းကိုလည်း ကြည့်ကြတယ်ဆိုတာကိုတော့ မမေ့ပါနဲ့နော်။ လက်မှတ်ရတိုင်း အဆင်ပြေပြီဆိုတဲ့ ဂျင်းမမိဖို့ ကြိုးစားသင့်ပါပြီ။

၂။ လမ်းပျောက်တာ

လူငယ်တွေအနေနဲ့ ဘယ်လမ်းလိုက်ရမယ်မှန်း မသိတာ၊ ကိုယ့်တကယ် ရည်မှန်းချက် စိတ်ဝင်စားရာကို ရှာမတွေ့သေးတာမျိုးက ဖြစ်နေကျ ကိစ္စတစ်ခုပါ။ ဒါပေမယ့် တစ်ခုရှိတာက လက်တွေ့မပါတဲ့ လမ်းပျောက်ခြင်းမျိုး မဖြစ်ဖို့တော့ လိုပါတယ်။ တစ်နေကုန် ဖုန်းလေးသုံးလိုက်၊ အိပ်လိုက်၊ စားလိုက်၊ ဘာသင်ယူမှုမှမရှိ၊ ဘာလေ့လာမှုမှ မရှိဘဲနဲ့ ဘယ်လမ်းလိုက်ရမလဲ မသိဘူး၊ ဘာစိတ်ဝင်စားလဲ မသိဘူးလို့ အော်မယ်ဆိုရင်တော့ ကိုယ့်အပြစ် ဖြစ်သွားပြီနော်။ 

ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့နဲ့ ကိုယ့်ပန်းတိုင်ကို သတ်မှတ်ဖို့က သင်ကိုယ်တိုင်ရဲ့ တာဝန်ပါ။ ဒါကို ဘယ်သူမှ လာသတ်မှတ်ပေးလို့ မရပါဘူး။ ဒါကြောင့် ဘာမှမလုပ်ဘဲ ထိုင်နေပြီး လမ်းပျောက်နေတယ်ဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဂျင်းထည့်နေတာ ရပ်လိုက်သင့်ပါပြီ။

     Advertisement

Click Here > YC

၃။ Social Media ဂျင်း

Social Media ကို လိုတာထက် ပိုအလေးထားလိုက်တာက ဂျင်းအကြီးကြီး ဖြစ်လာတော့တာပါပဲ။ Social Media ပေါ်က မြင်တာတွေကို အားကျတယ်၊ အိမ်မက်မက်တယ်၊ Social Media ကြောင့် စိတ်အားငယ်တယ်၊ ကိုယ့်ဘဝကို စိတ်ပျက်ဝမ်းနည်းတယ်၊ Relationship ပြဿနာတွေ တက်ရတယ်၊ မျိုးစုံဖြစ်ကြတယ်။ Social Media ပေါ်မှာပဲ အချိန်ကုန်တာ များလာပြီး တကယ့်ဘဝနဲ့ Social Media ကို ရောထွေးလိုက်တာဟာ ကိုယ့်ကိုယ်ကိုယ် ဂျင်းအကြီးကြီး ပြန်ထည့်နေသလိုပါပဲ။ 

ဒါကြောင့် လူငယ်တွေအနေနဲ့ Social Media သုံးကြတဲ့အခါမှာ တော်သင့်သလို ချင့်ချိန် သုံးနိုင်ကြဖို့ရယ်၊ ဒီအရာအတွက် အရမ်းကြီး အာရုံစိုက် အလေးမပေးမိဖို့ရယ်၊ တကယ့်လက်တွေ့ဘဝကို မေ့မထားမိစေဖို့ရယ်က အရေးကြီးပါတယ်။

၄။ စိတ်ကျရောဂါ

လူငယ်ဘဝမှာ ကိစ္စတော်တော်များများက ခက်ခဲနေတာ မှန်ကောင်းမှန်ပါလိမ့်မယ်။ တကယ့်ဘဝထဲ ခြေစုံပစ် ဝင်လာကြရတဲ့အခါ စိန်ခေါ်မှုတွေနဲ့ ခယောင်းလမ်းကို ဖြတ်လျှောက်ရတတ်တာ သဘာဝဆိုတော့ အရာအားလုံးကို အပြစ်ထိုင်တင်နေလို့ မရပါဘူး။ အခုခေတ်မှာ ဖြစ်နေကြတာက ဘာကိစ္စပဲ ဖြစ်လာ ဖြစ်လာ Depression ဝင်သွားပြီ ဆိုတဲ့ စကားကို လွယ်လွယ်သုံးတတ်ကြတာပါ။ 

ဒီနေရာမှာ စိတ်ညစ်တာနဲ့ Depression ကို မမှားစေချင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် စိတ်ကျရောဂါ ဇာတ်မသွင်းပါနဲ့။ စိတ်ညစ်စရာတွေ၊ ပြဿနာတွေဆိုတာ အသက်ရှင်နေသမျှ ရင်ဆိုင်ရမယ့်အရာ၊ ဖြေရှင်းရမယ့်အရာ၊ ကျော်လွှားရမယ့်အရာ၊ သင်ခန်းစာယူရမယ့်အရာတွေ ဖြစ်ပါတယ်။ ဒါကြောင့် အခက်အခဲ ကြုံလာရင် ရင်ဆိုင်ဖြေရှင်းပါ။ Depression ဆိုတဲ့ စကားလုံးနောက်မှာ ပုန်းမနေပါနဲ့။ 

၅။ သူများပြောတိုင်း နားယောင်တာ

လူတွေဟာ အကြံပေးစကားတွေ၊ ဝေဖန်မှုတွေ၊ ကဲ့ရဲ့လှောင်ပြောင်မှုတွေ၊ ချီးကျူးစကားတွေ အမျိုးမျိုး ပြောကြပါလိမ့်မယ်။ လူဆိုတာ တခါတလေ ချီးကျူးစကားတွေမှာ သာယာနှစ်မျောတတ်သလို ဝေဖန်မှုတွေ အောက်မှာ စိတ်အားငယ်သွားတတ်တယ်၊ အကြံပေးစကားတွေနောက်မှာ ဝေခွဲမရ ဖြစ်ရပြန်တယ်။

လူငယ်တွေက စိတ်ခံစားလွယ်တယ်၊ စိတ်ထိခိုက်လွယ်တယ်၊ အောင်မြင်ချင်ဇောကြီးတယ်၊ စိတ်မြန်တယ် အဲလို ဗီဇလေးတွေ ရှိနေတော့ ဝေဖန်မှုတွေကို အရမ်းအာရုံစိုက်နေမိတာမျိုးတွေ၊ ချီးကျူးစကားတွေကြောင့် ဘဝင်လေဟပ်နေတာတွေ ဖြစ်တတ်ပါတယ်။ ပြီးတော့ သူများက ဒါကောင်းတယ်ဆိုတိုင်း လွယ်လွယ်ကူကူယုံ၊ နင်က ဘယ်နေရာ ဘာဖြစ်နေတယ်လို့ အပြောခံလိုက်ရတိုင်း အရမ်းတွေ စိတ်ညစ် အားငယ်တာမျိုး၊ သူများပြောတိုင်း လွယ်လွယ် နားယောင်တတ်တာလေးတွေကို ပြင်ဖို့ လိုပါတယ်။ 

အဓိကက ကိုယ်ပိုင်ဆုံးဖြတ်ချက် ချတတ်ဖို့ရယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ရယ်နဲ့ စဉ်းစားချင့်ချိန်တတ်ဖို့ပါပဲ။ ဘယ်သူတွေ ဘာပြောပြော ကိုယ့်ဘဝရဲ့ လမ်းကြောင်းက ကိုယ့်ဆုံးဖြတ်ချက်အတိုင်း သွားရမှာမို့ ကြားရသမျှကို မျက်စိမှိတ် မယုံလိုက်ပါနဲ့။ ဒီအချက်ကတော့ စာရေးသူကိုယ်တိုင်လည်း ပြင်ဖို့ လိုနေတာမို့ အတူတူပြင်ပြီး ကြိုးစားကြတာပေ့ါ။

၆။ ငွေနောက်အရမ်းလိုက်တာ

ငွေကို ဒုတိယ ဘုရားသခင်အနေနဲ့ တင်စားကြပေမယ့်လည်း ဘဝမှာ ငွေထက် ပိုအရေးပါတဲ့ အရာတွေ ရှိနေပါသေးတယ်။ မိသားစု၊ သူငယ်ချင်း၊ ချစ်ခြင်းမေတ္တာ၊ ပညာ၊ ကျွမ်းကျင်မှု၊ ဗဟုသုတ စသဖြင့်ပေါ့။ တခါတလေ စာရေးသူကိုယ်တိုင်လည်း ပိုက်ဆံများများ ရှာမှဖြစ်မယ်ဆိုပြီး ကိုယ့်ဘေးနားက တန်ဖိုးရှိတဲ့ အရာတွေ၊ တကယ်သင်ယူသင့်တဲ့ အရာတွေကို သတိမပြုမိတဲ့ အချိန်တွေ ရှိတတ်ပါတယ်။ 

အဲလို အချိန်ဆို ပိုက်ဆံရှိရင် အရာအားလုံး အဆင်ပြေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ဂျင်းထည့်နေခဲ့မှန်း ပြန်သဘောပေါက်လာတယ်။ ငွေက အရေးကြီးပေမယ့်၊ နေရာတော်တော်များများမှာ ငွေဆိုတာ လိုအပ်နေပေမယ့် ငွေနောက်လိုက်ပြီး တကယ်တန်ဖိုးရှိတဲ့ အရာတွေကို လက်မလွှတ်မိစေဖို့ ဂရုစိုက်ပါနော်။

Credit to Live The Dream

⇐ Previous Next

Read 1047 times