Health & Beauty

အအေးမိတုပ်ကွေးအတွက် စားပေးသင့်သည့် အစားအစာများ

Foods That Prevent From Common Cold

ချမ်းအေးလာတဲ့ ရာသီဥတုမှာ အသက်အရွယ်မရွေး အအေးမိပြီး နှာရည်ယို၊ နှာပိတ်၊ နှာမွှန်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာတဲ့အချိန်မှာ အလျင်အမြန် သက်သာပျောက်ကင်းချင်ရင် ဗီတာမင်စီပါတဲ့ အစားအသောက်တွေကို များများစားပေးဖို့ လိုပါတယ်။ 

ဗီတာမင်စီဟာ ခုခံအားစနစ်မှာပါဝင်တဲ့ သွေးဖြူဥဆဲလ်တွေ တိုးပွားလာအောင် လုပ်ဆောင်ပေးလို့ ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါပိုးတွေကို ကာကွယ်ပေးပါတယ်။  ဒါကြောင့် အခုလို ရောဂါတွေပေါများနေတဲ့ အချိန်မှာ ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာတွေကို များများစားပေးသင့်ပါတယ်။

တုပ်ကွေးလက္ခဏာစပေါ်ကာစမှာ ဗီတာမင်စီ သောက်သုံးခြင်းဖြင့် ဖျားနာခြင်းကို နေ့တဝက်မျှစောပြီး သက်သာစေနိုင်ပြီး ရောဂါလက္ခဏာပြင်းထန်မှုကို လျှော့ချနိုင်တယ်လို့ ဆေးပညာရှင်များက ဆိုကြပါတယ်။

ဒါကြောင့် ဗီတာမင်စီ ပါဝင်နှုန်းများတဲ့ အစားအသောက်တွေကို မျှဝေပေးလိုက်ပါတယ်။

ဗီတာမင်စီ ကြွယ်ဝ‌သော အစားအစာများ

- အရည်ရွှမ်းသော အသီးအနှံများဖြစ်သည့် လိမ္မော်သီး၊ သံပုရာသီး၊ ရှောက်ချိုသီး၊ ကျွဲကောသီး၊ မာလကာသီး စသည့် အသီးများ

- အခြားအသီးအနှံတွေဖြစ်တဲ့ သင်္ဘောသီး၊ ကီဝိသီး၊ သခွားမွှေး၊ စတော်ဘယ်ရီသီး၊ သရက်သီး၊ ခရမ်းချဉ်သီး စသည့် အသီးများ

- ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ငရုပ်ပွ၊ မုန်လာရွက်၊ ဟင်းနုနယ်ရွက်နှင့် အခြားအစိမ်းရောင် ဟင်းသီးဟင်းရွက်များ

- အာလူးနှင့် ကန်စွန်းဥများ စသည့် အစားအစာတွေမှာ ဗီတာမင်စီဟာ အကြွယ်ဝဆုံး ပါဝင်ပါတယ်။

တစ်နေ့ကို လိုအပ်တဲ့ ဗီတာမင်စီ ပမာဏဟာ  အမျိုးသားတစ်ယောက်အနေနဲ့ ၉၀ မီလီဂရမ်ဖြစ်ပြီး အမျိုးသမီးဆိုရင် ၇၅ မီလီဂရမ် ရအောင် စားသင့်ပါတယ်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက် မိခင်တွေအတွက်ကတော့ ၈၀-၁၂၀ မီလီဂရမ်ဖြစ်ပြီး ကလေးတစ်ယောက်အတွက် ၁၅-၇၅ မီလီဂရမ် လိုအပ်ပါတယ်။ (လိမ္မော်သီး တစ်လုံးမှာ ဗီတာမင်စီ ၅၀ မီလီဂရမ် ပါဝင်ပါတယ်။)

ဗီတာမင်စီ စားသုံးခြင်းဟာ ကျန်းမာရေးအကျိုးကျေးဇူး အများကြီး ရှိပေမဲ့ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း လိုတာထက်ပိုပြီး စားသုံးမိရင်လည်း ဆီးကျောက်တည်တာမျိုး ဖြစ်တတ်တာကြောင့် အလွန်အကျွံ မစားသုံးသင့်ဖို့လဲ သတိထားရပါမယ်။

Next

Read 870 times