Things To Do

ခြင်ဖမ်းကိရိယာလေးကို အိမ်တွင်းသုံးပစ္စည်းတွေနဲ့ အလွယ်တကူ ပြုလုပ်ကြမယ်

Home Made Mosquito Trap

ခြင်တွေဟာ ဘယ်လိုရာသီဥတုမျိုးမှာပဲဖြစ်ဖြစ် ရေတွင်းရေအိုင်နဲ့ ခြင်ဥ ဥချလို့ရတဲ့ နေရာတွေ ရှိရုံနဲ့ ပေါက်ဖွားတတ်တဲ့ သတ္တဝါတွေပဲ ဖြစ်ပါတယ်။ ဒါဆိုရင် ဒီလိုမျိုး ပေါက်ဖွားလွယ်ပြီး အခန့်မသင့်ရင် သွေးလွန်တုပ်ကွေးနဲ့ အခြားရောဂါတွေအထိ ဖြစ်ပွားစေနိုင်တဲ့ ခြင်တွေကို ဘယ်လိုနှိမ်နင်းမလဲ? 

ခြင်ဆေးခွေနဲ့ ခြင်ဖျန်းဆေးတွေက ခြင်တွေကို လျော့ပါးနိုင်စေတယ်ဆိုပေမယ့် အသုံးများလာတဲ့အခါ လူတွေရဲ့ အသက်ရှူလမ်းကြောင်းကိုပါ ဒုက္ခပေးလာနိုင်ပါတယ်။ ဒါ့အပြင် ဒီဆေးတွေက ခဏခဏ ကုန်တိုင်းဝယ်နေရလို့ ငွေကုန်ကြေးကျလည်း များသလို ကလေးငယ်တွေနဲ့ နီးရာမှာ ထားမိရင်လည်း အန္တရာယ်များလွန်းပါတယ်နော်။ 

ဒီတော့ အပိုငွေလုံးဝ အကုန်ခံစရာမလိုဘဲ မိမိအိမ်ရဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ပဲ ပြုလုပ်လို့ရမယ့် သဘာဝခြင်ဖမ်း ကိရိယာလေးကို ဘယ်လိုပြုလုပ်ရမလဲ ဆိုတာကို ဒီကနေ့မှာ ပြောပြပေးသွားချင်ပါတယ်။ 

ခြင်ဖမ်းကိရိယာလေး ပြုလုပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ 

  • ရေတစ်ဖန်ခွက် 
  • သကြားညို (ရေတစ်ခွက်၏ လေးပုံတစ်ပုံ) 
  • တဆေး (၁) ဂရမ် (တဆေး = အချဉ်ဖောက်ရာတွင် သုံးသောပစ္စည်း) 
  • (၂)လီတာဆံ့ ရေဗူးတစ်ဗူး 
  • ရေနွေးတစ်ခွက် 
  • တိတ်ခွေ တစ်ခု 
  • Box Cutter 

ပြုလုပ်နည်း 

၁။ (၂)လီတာဆံ့ ပလက်စတစ် ရေဗူးကို Box Cutter နဲ့ ခါးကနေ ထက်ပိုင်းဖြတ်ပါ။ 

၂။ သကြားညိုကို ရေနွေးနဲ့ရောပြီး အအေးခံပါ။ 

၃။ သကြားရည် အေးလာရင် ရေဗူးပိုင်းထဲကို တစ်ဝက်ခန့် ထည့်ပါ။ 

၄။ တဆေးကို မမွှေဘဲ ရေဗူးပိုင်းထဲ ထည့်ပါ။ (ကာဗွန်ဒိုင်အောက်ဆိုဒ် ထွက်လာပြီး ခြင်တွေကို ဆွဲဆောင်ပါလိမ့်မယ်) 

၅။ ရေဗူးရဲ့ ထိပ်ကတော့ချွန်ဖက်ကို ပြောင်းပြန်လှန်ပြီး ပထမက ဖြတ်ထားတဲ့ ရေဗူးတစ်ပိုင်းမှာ ပြောင်းပြန်ထည့်ပါ။ လိုအပ်ရင် တိတ်နဲ့ ကပ်ပေးပါ။ 

၆။ ရေဗူးကို အနက်ရောင် ပိတ်စတစ်ခုခုနဲ့ ပတ်ပြီး ရေဗူးဝကို ဖွင့်ထားပါ။ (အနက်ရောင်က ခြင်တွေကို ဆွဲဆောင်နိုင်တဲ့ အရောင် ဖြစ်ပါတယ်) 

၇။ အားလုံးပြီးသွားရင်တော့ ရေဗူးကို ခြင်ဝင်လေ့ရှိတဲ့ အိမ်အပြင် (သို့မဟုတ်) မိမိတို့ နေထိုင်တဲ့ နေရာနဲ့ ခပ်ဝေးဝေးနေရာနားမှာ ထားထားပါ။ 

တစ်ခုသတိပြုရမှာက ဗူးထဲကအရည်ကို (၂)ပတ်တစ်ကြိမ် အနည်းဆုံး လဲလှယ်ပေးမှသာ အကောင်းဆုံး အာနိသင်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်နော်။ 

⇐ Previous Next

Read 1891 times