Food & Drink

လူကြီးလူငယ်မရွေး ကြိုက်ကြတဲ့ ကူဖီးလ်မလိုင်လေးကို အိမ်မှာ အလွယ်တကူ လုပ်စားကြမယ်

Homemade Kulfi

အချိုဓာတ်က လူတိုင်းနဲ့ တည့်ပါတယ်။ ချိုချို၊ အေးအေးနဲ့ မွှေးမွှေးလေးဆိုရင် ပိုလို့တောင် အရသာတွေ့ပါတယ်။ ဒီလိုမျိုး ချိုအေးမွှေးတဲ့ အချိုတည်းစရာလေး တစ်ခုဖြစ်တဲ့ ကူဖီးလ်မလိုင် ပြုလုပ်နည်းလေးကို ဒီကနေ့မှာ ပြောပြပေးသွားချင်ပါတယ်။ 

ပထမဆုံး Monmilk ကနေ ကူဖီးလ်မလိုင် ပြုလုပ်နည်းလေးကို ပြောပြပေးချင်ပါတယ်။ 

ပါဝင်ပစ္စည်း

  • နွားနို့ တစ်ပုလင်း 
  • နို့စိမ်းဗူး (၃)ပုံ (၁)ပုံ 
  • နို့ဆီ ဟင်းခတ်ဇွန်း (၂)ဇွန်း 
  • ဘေးသားမပါတဲ့ ပေါင်မုန့် (၂)ချပ် 

ပြုလုပ်နည်း 

၁။ ပထမဆုံး နွားနို့ကို မီးအေးအေးနဲ့ ကျိုပါ။ 

၂။ အတန်အသင့်ကျိုပြီးရင် နို့စိမ်း၊ နို့ဆီနဲ့ ပေါင်မုန့်ကို ရောထည့်ပြီး မလိုင်တက်လာတဲ့အထိ ဆက်ကျိုပေးပါ။ 

၃။ ပြီးရင် မီးပိတ်ပြီး အအေးခံထားပါ။ 

၄။ အအေးခံပြီးရင်တော့ ပုံစံခွက်ထဲမှာ ကျိုထားတဲ့ ကူဖီးလ်မလိုင်တွေကို ထည့်ပြီး ရေခဲသေတ္တာရဲ့ အအေးခန်းထဲမှာ အနည်းဆုံး (၈)နာရီကြာ အအေးခံထားပါ။ 

အဆင့် (၄)ဆင့်လုံး ပြီးသွားပြီဆိုရင်တော့ အရသာရှိတဲ့ ချိုချိုမွှေးမွှေး Monmilk ကူဖီးလ်မလိုင်လေးကို စားသုံးနိုင်ပါပြီ။ 

တစ်ခုသတိထားမှာက ရေခဲသေတ္တာထဲမှာ အအေးခံပြီး ထုတ်လာတဲ့ ပုံစံခွက်တွေကို ရေနည်းနည်းစိမ်ထားပြီး ထုတ်မှ ပုံစံမပျက်တဲ့ ကူဖီးလ်မလိုင်လေးကို ရရှိနိုင်မှာပါနော်။ 

ဒုတိယတစ်နည်းကတော့ စတော်ဘယ်ရီ နှစ်ထပ်ကူဖီးလ် ဖြစ်ပါတယ်။ 

ပါဝင်ပစ္စည်း 

  • နို့စိမ်းဘူး (၃၀၀) မီလီ 
  • ကြိုချက်ပြီး နွားနို့ (၁၅၀) မီလီ 
  • သကြား (၈)ဇွန်း (ချိုတာကြိုက်ရင် ပိုထည့်လို့ရပါတယ်) 
  • စတော်ဘယ်ရီ အလုံး(၂၀) 
  • သီဟိုစေ့ (၈)စေ့ 

ပြုလုပ်နည်း 

၁။ နွားနို့ကို မီးမြေ့မြေ့နဲ့ (၁၅)မိနစ်ခန့် ကြိုပါ။ 

၂။ ကြိုထားတဲ့ နွားနို့ထဲကို နို့စိမ်းအနည်းငယ်၊ သကြား(၄)ဇွန်းနဲ့ သီဟိုစေ့ထည့်မွှေပြီး (၅)မိနစ်ခန့် ဆက်ကျိုထားပါ။ 

၃။ အတန်အသင့် ကျိုပြီးရင် အအေးခံပြီး မိမိပုံသွင်းလိုတဲ့ ပုံစံခွက်ထဲကို တစ်ဝက်ကျော်ကျော် ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါ။ 

၄။ စတော်ဘယ်ရီသီးကို ရေစင်စင်ဆေးပြီး လိုအပ်သလောက် ပန်းကန်ထဲထည့်ကာ ဇွန်း (သို့မဟုတ်) ချေတံနဲ့ ချေပါ။ 

၅။ ချေထားပြီးသား စတော်ဘယ်ရီသီးထဲကို သကြား(၄)ဇွန်း ထည့်ပါ။ အချဉ်မကြိုက်တဲ့သူဆိုရင် နို့ဆီထည့်လို့ ရပါတယ်။ 

၆။ ပြီးရင် အေးခဲထားတဲ့ နွားနို့ပေါ်ကို လောင်းထည့်ပြီး အအေးခံထားလိုက်ပါ။ 

အားလုံးပြီးရင်တော့ စတော်ဘယ်ရီ ကူဖီးလ်မလိုင်လေး ရပါပြီနော်။ 

အချိုကြိုက်တဲ့သူဆိုရင် နို့ဆီများများထည့်ပြီး သကြား လျှော့ထည့်လို့ ရပါတယ်။ စတော်ဘယ်ရီအလွှာအပြင် ချောကလက်နဲ့ တစ်ခြားသစ်သီးတွေကိုလည်း အသုံးပြုလို့ ရပါတယ်။ တစ်ချို့က ကူဖီးလ်ပြုလုပ်တဲ့အခါ ဆန်မှုန့် (၁)ဇွန်းလောက် ထည့်ပြီး ပြုလုပ်ကြပါတယ်။ 

ကဲ အခု၊ ကူဖီးလ်မလိုင်လေး စားရင်း နွေနေပူပူကို အံတုလို့ ရပြီဆိုတော့ အတူတူ လုပ်စားဖို့ ကိုယ့်ဘော်ဒါတွေနဲ့ မိသားစုဝင်တွေကို လက်တို့လိုက်ပါဦးနော်။ 

⇐ Previous Next

Read 1531 times