Food & Drink

စားလို့လဲကောင်း သောက်လို့လဲအရသာရှိတဲ့ မုန့်ဟင်းခါးတစ်ပွဲနဲ့ နေ့တစ်နေ့ကို စလိုက်ရအောင် …

Let’s Start the Day with a Mohinga - That’s Good to Eat and Good to Sip!

ဟုတ်ပါတယ်။ မြန်မာတွေရဲ့ မနက်ခင်းကို ဘာနဲ့မှ မလဲနိုင်အောင် ပြည့်စုံစေတဲ့ ရနံ့နဲ့ အရသာဆိုရင် ‘မုန့်ဟင်းခါး’ ကိုပဲ ညွှန်းဆိုရပါလိမ့်မယ်။ ပြီးတော့ MY Yangon ရဲ့ ပရိသတ်တို့ကို ရင်ထဲမှာ ဂုဏ်ယူပီတိဖြစ်ရတဲ့ သတင်းလေးတစ်ခုအကြောင်း ပြောပြချင်လို့ပါ။ အဲဒါက ဘာလဲဆိုတော့ ကျွန်တော်တို့ အမြတ်တနိုး စားသုံးတဲ့ မုန့်ဟင်းခါးဟာ ကမ္ဘာကျော် CNN Travel ရဲ့ ကမ္ဘာ့အကောင်းဆုံး စွပ်ပြုတ် ၂၀ မျိုး စာရင်းထဲမှာ ပါဝင်လာခဲ့ပြီ ဆိုတာပါပဲ။

 

မုန့်ဟင်းခါးဆိုတာ မြန်မာ့ရိုးရာအစားအစာတွေထဲမှာ နံပါတ်တစ်လို့တောင် တင်စားလို့ရပါတယ်။ ရှေးယခင် အဘိုးတို့ အဘွားတို့ လက်ထက်ကတည်းက မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ လူကြိုက်အများဆုံး မနက်စာဖြစ်ခဲ့ပြီး မြို့ရွာမရွေး နေရာတိုင်းလိုလိုမှာ အလွယ်တကူ ရှာဖွေစားသုံးနိုင်တဲ့ အစားအစာပါ။ ငါးရနံ့သင်းသင်းဟင်းရည်၊ ငှက်ပျောအူရဲ့ အရသာနဲ့ မုန့်ဖတ်တို့ ပေါင်းစပ်ထားတဲ့ ဒီအစားအစာက ကျွန်တော်တို့ရဲ့ အာဟာရကို ဖြည့်ပေးရုံသာမကဘဲ စိတ်ဝိညာဉ်ကိုပါ ပြေငြိမ်းစေတာ အမှန်ပါပဲ။

 

ဒီနေ့ခေတ်ကာလကို ကြည့်လိုက်ပါ။ ကမ္ဘာကြီးဟာ တကယ့်ကို ရွာကြီးတစ်ရွာလို ဖြစ်လာပါပြီ။ နည်းပညာတွေ တိုးတက်လာတာ၊ ခရီးသွားလာမှုတွေ များပြားလာတာကြောင့် နိုင်ငံတွေဟာ အရင်လို သီးခြားစီ မဟုတ်တော့ပါဘူး။ ကူးလူးဆက်ဆံမှုတွေ ပိုများလာတဲ့အခါ ပွင့်လင်းမှု လည်း ရှိလာပါတယ်။ နိုင်ငံခြားက အရသာရှိတဲ့ အစားအစာတွေ (ဥပမာ- ဂျပန် ဆူရှီ၊ ကိုရီးယား ကင်ချီ၊ အီတလီ ပီဇာ) တွေဟာ မြန်မာပြည်ကို အလွယ်တကူ ရောက်လာသလိုမျိုး ကျွန်တော်တို့ရဲ့ ရိုးရာအစားအစာတွေကိုလည်း ကမ္ဘာက စတင်သိရှိပြီး မြည်းစမ်းခွင့် ရလာခဲ့ပါတယ်။

 

Let’s Start the Day with a Mohinga

 

ဒီလို ပွင့်လင်းလာတဲ့ အခြေအနေမှာ မြန်မာ့အရသာကို စူးစမ်းရှာဖွေချင်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေ၊ အစားအသောက်ပညာရှင်တွေဟာ မုန့်ဟင်းခါးရဲ့ ထူးခြားတဲ့ အရသာကို မကြာခင်မှာပဲ သတိထားမိခဲ့ကြပါတယ်။ အသားပြုတ်ရည်မဟုတ်ဘဲ ငါးနဲ့ ချက်တဲ့ စွပ်ပြုတ်၊ ထမင်းနဲ့ မဟုတ်ဘဲ မုန့်ဖတ်နဲ့ တွဲစားရတဲ့ ဓလေ့၊ ထူးထူးခြားခြားရှိတဲ့ အရသာတို့ကြောင့် မုန့်ဟင်းခါးကို နိုင်ငံတကာက သိရှိပြီး နှစ်ခြိုက်လာကြပါတယ်

 

ဒီလိုနဲ့ မုန့်ဟင်းခါးဟာ နိုင်ငံတကာမှာ တဖြည်းဖြည်း နာမည်ကြီးလာရာကနေ ယခုဆိုရင် ကမ္ဘာကျော် CNN Travel ရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ရတဲ့အထိ ဖြစ်လာပါပြီ။ ကျွန်တော်တို့ရဲ့ နေ့စဉ်အစားအစာလေးဟာ ကမ္ဘာ့အဆင့်မီတဲ့ အစားအစာတစ်ခုအဖြစ် ဖော်ပြခံရတာဟာ တကယ်ကို ဂုဏ်ယူစရာ ကောင်းပါတယ်။ CNN ရဲ့ ဖော်ပြချက်အရ မုန့်ဟင်းခါးဟာ အရသာရှိပြီး ထူးခြားတဲ့ စွပ်ပြုတ်တစ်မျိုးအဖြစ် ကမ္ဘာ့အဆင့်စာရင်းထဲမှာ ခိုင်ခိုင်မာမာ ရပ်တည်နေပြီလို့ ဆိုရမှာ အသေအချာပါပဲ။

 

ကျွန်တော်တို့ရဲ့ မြန်မာ့ရိုးရာအစားအစာတွေ၊ ရိုးရာဓလေ့တွေဟာ ကမ္ဘာ့စံနှုန်းတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာကို မုန့်ဟင်းခါးက သက်သေပြလိုက်ပါပြီ။ ဒါဟာ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ပီတိဂုဏ်ယူရမဲ့အချက်ပါပဲ။ စားတာပဲဖြစ်ဖြစ် သောက်တာပဲဖြစ်ဖြစ် မုန့်ဟင်းခါးကတော့ ကမ္ဘာကျော်နေပါပြီနော်။ ဒီအတွက်ကြောင့် မနက်ဖြန် မနက်စာကို မုန့်ဟင်းခါးတစ်ပွဲနဲ့ စတင်လိုက်ကြဖို့ MY Yangon က တိုက်တွန်းလိုက်ပါတယ် …

 

Let’s Start the Day with a Mohinga

 

.

⇐ Previous

Read 102 times