Technology

Laptop တစ်လုံးရဲ့သက်တမ်းကို ပိုမိုကြာရှည်စွာ အသုံးခံနိုင်စေဖို့

how to keep laptop last longer

Laptop ဆိုတာ ယနေ့ခေတ်မှာ လူတော်တော်များများအတွက် မရှိမဖြစ် ပစ္စည်းတစ်ခုဖြစ်ပြီး နေ့စဉ် လုပ်ငန်းဆောင်တာများအတွက် အသုံး၀င်တဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ Laptop ကို ပိုမိုကြာရှည်စွာ အသုံးခံစေနိုင်ဖို့အတွက် အချို့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 Software တွေကို ပုံမှန် Update လုပ်ပါ

Operating System, Applications, Anti-virus စတဲ့ Software တွေကို ပုံမှန် Update လုပ်ပေးရန်လိုအပ်ပါတယ်။ ဒါမှလည်း ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ကို ပိုမိုချောမွေ့မြန်ဆန်စေပြီး အသုံးပြုရတာ လွယ်ကူစေမှာဖြစ်ပါတယ်။

Laptop အပြင်ဘက်ကို သန့်ရှင်းအောင်ထားပါ

Laptop ထဲသို့ ၀င်နိုင်မယ့် ဖုန်၊ အညစ်အကြေး၊ ဆံပင်ချည်၊ အမှိုက်စ၊ အရည် စတာတွေကို သတိထားဖို့လိုပါတယ်။ အထက်ပါအရာများ ၀င်သွားပါက Laptop’s fan ရဲ့ လုပ်ဆောင်ချက်ကို အနှောင့်အယှက်ပေးပြီး Laptop သက်တမ်းကို ထိခိုက်စေနိုင်ပါတယ်။ လိုအပ်တဲ့ ကွန်ပျူတာသန့်ရှင်းရေးလုပ်တဲ့ ပစ္စည်းတွေကို အသုံးပြုပြီး ပြုလုပ်သင့်သလို အစားအသောက်တွေနဲ့ တတ်နိုင်သမျှ ဝေးအောင်ထားပြီး အသုံးပြုသင့်ပါတယ်။

 Software တွေကို ရှင်းလင်းအောင်ထားပါ။

Hard drive ပါတဲ့ Windows Laptop တွေကို ပိုမိုချောမွေ့စွာသုံးနိုင်ရန်အတွက် တစ်လတစ်ကြိမ် Defragment လုပ်သင့်ပါတယ်။ Laptop အသုံးပြုရတာ နှေးလာပြီလို့သတိထားမိတဲ့အချိန်မှာလည်း Defragment ပြုလုပ်နိုင်ပါတယ်။ Solid State Drive (SSD) သုံးတဲ့ Laptop တွေနဲ့ Macbook တွေမှာတော့ Defragment ပြုလုပ်စရာမလိုတော့ပါဘူး။ ဒါ့အပြင် မလိုအပ်တဲ့ Files တွေ Folders တွေကို ဖျက်ပစ်သင့်သလို အသုံးမပြုတဲ့ Application တွေကို Uninstall ပြုလုပ်သင့်ပါတယ်။

 Laptop ကိုအေးအောင်ထားပါ

ကားထဲမှာ အလုံပိတ်ဖြစ်ဖြစ်၊ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာဖြစ်ဖြစ်မှာ Laptop ကိုထားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့အပြင် လေထွက်ပေါက်ပိတ်စေမယ့်အရာမျိုး (ဆိုဖာ၊ အိပ်ယာပေါ်) ပေါ်မှာတင်ထားခြင်းကလည်း အပူလွန်ကဲမှုကို ဖြစ်ပေါ်စေပြီး သက်တမ်းတိုစေပါတယ်။ လိုအပ်ပါက Cooling Fan pad တွေကိုအသုံးပြုသင့်ပါတယ်။

Laptop အိတ်များကို အသုံးပြုပါ

မတော်တဆ လွှတ်ကျတာပဲဖြစ်ဖြစ်၊ ထိခိုက်မိတာပဲဖြစ်ဖြစ် ကောင်းမွန်တဲ့ ကာကွယ်မှုပါ၀င်တဲ့ Laptop အိတ်များက အကာအကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ကွန်ပျူတာအားသွင်းကြိုးကို ဂရုစိုက်ပါ

များသောအားဖြင့် ကွန်ပျူတာ အားသွင်းကြိုးကို ခေါက်ပြီး အိတ်ထဲထည့်သယ်ဆောင်သွားတတ်ကာ ဂရုတစိုက်ထားဖို့ မေ့နေတတ်ကြပါတယ်။ ကြိုးကို ခေါက်သိမ်းတဲ့အခါမှာ Joints & Connectors (အဆက်နေရာ) တွေကို ဂရုတစိုက်မထိခိုက်အောင် ခေါက်သိမ်းသင့်သလို အားသွင်းတဲ့ Plug တွေကိုလည်း ဖြစ်နိုင်ရင် Surge Protector ပါ၀င်သော Plug များကို အသုံးပြုသင့်ပါတယ်။

Laptop အဖွင့်အပိတ်ကို စနစ်တကျအသုံးပြုပါ

တစ်နေကုန်အသုံးပြုစရာရှိပါက Laptop ကိုဖွင့်ထားပြီးအသုံးပြုနိုင်ပေမယ့် အသုံးမလိုတဲ့အခါမှာတော့ စနစ်တကျ Shut Down ပြုလုပ်ပြီး ပိတ်ထားသင့်ပါတယ်။

ပြဿနာအသေးလေးတွေက အစပြုပြင်ပါ

Laptop က နှေးလာတာဖြစ်ဖြစ်၊ ပုံမှန်အခြေအနေမဟုတ်ဘဲ Restart ခဏခဏကျတာဖြစ်ဖြစ်၊ Software error ရှိတာဖြစ်ဖြစ် ဖြစ်လာပါကလည်း သတိစထားမိတဲ့အချိန်ကစပြီး ပြုပြင်မှု ပြုလုပ်သင့်ပါတယ်။ အသေးအဖွဲလေးတွေကို ဂရုမစိုက်ပါက ကြာလာရင် ကြီးမားတဲ့ ပြဿနာဖြစ်လာနိုင်ပြီး သက်တမ်းတိုစေမှာဖြစ်ပါတယ်။

Restart ပြုလုပ်ပါ

နောက်ပိုင်း Laptop တော်တော်များများမှာ Standby mode အသုံးပြုတာပိုမိုများပြားလာတဲ့အတွက် တစ်ခါတစ်လေ တစ်ပတ်နေလို့တောင် Restart မချမိတာတွေရှိတတ်ပါတယ်။ ဒါကြောင့်လည်း Laptop ကို ပိုမိုချောမွေ့စွာ အသုံးပြုနိုင်ရန်အတွက် တစ်ပတ်တစ်ကြိမ်တော့ Restart ပြုလုပ်သင့်သလို အသုံးမပြုတဲ့အချိန်တွေမှာ Shut down ပြုလုပ်ထားပေးခြင်းကလည်း သက်တမ်းပိုမိုကြာရှည်စေမှာဖြစ်ပါတယ်။

⇐ Previous Next

Read 2303 times