Technology

Galaxy Z TriFold, သုံးခေါက်ချိုး Samsung ဖုန်း

Samsung Galaxy Z TriFold, A New Era of Mobile Technology

Samsung Galaxy Z TriFold သည် သာမန်ဖုန်းများနှင့် မတူအောင် ဖန်တီးလိုက်သည့် အသစ်အဆန်းတစ်ခုဖြစ်လာစေသည်။ မတူညီသော မျက်နှာပြင်သုံးခုကို ချိတ်ဆက်ထားသည့် ဖုန်း/တက်ဘလက် ပေါင်းစပ်ပစ္စည်း (Tri-fold hybrid) ဖြစ်သည်။

ကျစ်ကျစ်လစ်လစ်ရှိသော စမတ်ဖုန်းအဖြစ် အသုံးပြုနိုင်သလို ဖွင့်လိုက်သောအခါတွင် ၁၀ လက်မအရွယ် တက်ဘလက်ကဲ့သို့ ဧရာမမျက်နှာပြင်တစ်ခုအဖြစ် ပြောင်းလဲပေးနိုင်စွမ်းရှိသည်။ ၎င်းသည် Samsung ခေါက်နိုင်သော ကိရိယာများဖြစ်သည့် Galaxy Z Fold  စီးရီး၏ နောက်ဆုံးပေါ် ဆန်းသစ်တီထွင်မှုပင်ဖြစ်သည်။

Samsung Galaxy Z TriFold

Galaxy Z TriFold သည် စွမ်းဆောင်ရည်မြင့်မားမှုနှင့် ဘက်စုံသုံးနိုင်မှု နှစ်သက်သူတို့၏ လိုအင်ဆန္ဒ ဖြည့်ဆည်းရန် ထုတ်လုပ်ထားသည်။ ၁၀ လက်မအရွယ် မျက်နှာပြင်ကြီး ပါဝင်သောကြောင့် စာရွက်စာတမ်းများ တည်းဖြတ်ခြင်း၊ ဓာတ်ပုံ သို့မဟုတ် ဗီဒီယို တည်းဖြတ်ခြင်း၊ သို့မဟုတ် ဘရောက်ဆာနှင့် မှတ်စုစာအုပ်အက်ပ်များကို တစ်ပြိုင်နက်တည်း တွဲဖက်သုံးစွဲခြင်း စသည့် ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများ အတွက် အထူးသင့်လျော်ပါသည်။ Samsung DeX ကို ပံ့ပိုးပေးထားသောကြောင့် မော်နီတာနှင့် ချိတ်ဆက်သည့်အခါ ၎င်းကို ကွန်ပျူတာ (Desktop) ကဲ့သို့ပါ အသုံးပြုနိုင်ပါသည်။

ကြီးမားသော Screen သည် ရုပ်ရှင်ကြည့်ရှုခြင်း၊ စာဖတ်ခြင်း၊ ပုံဆွဲခြင်း (with Stylus Pen) နှင့် မီဒီယာ တည်းဖြတ်ခြင်းတို့အတွက် အလွန်ကောင်းမွန်သည်။ Qualcomm Snapdragon 8 Elite ချစ်ပ်ဆက် (Processor)၊ 16 GB RAM နှင့် 512 GB သို့မဟုတ် 1 TB သိုလှောင်မှုရွေးချယ်စရာများကြောင့် သုံးစွဲသူတို့အတွက် အဆင်ပြေစေပါမည်။ ပင်မကင်မရာမှာ 200 MP အထိရှိသော ကင်မရာသုံးလုံးတွဲ စနစ်ပါဝင်ပြီး ဓာတ်ပုံရိုက်ကူးမှုကို အလေးထားသူများအတွက် အထူးသင့်လျော်ပါသည်။ ဘက်ထရီအားသည် 5,600 mAh ရှိပြီး 45 W အမြန်အားသွင်းစနစ်ကို ပံ့ပိုးပေးထားသောကြောင့် အသုံးပြုသူတို့အတွက် လျင်မြန်စွာ အားသွင်းနိုင်မည် ဖြစ်ပါသည်။

 Samsung Galaxy Z TriFold

အကောင်းဆုံးအားသာချက်အနေဖြင့် ဖုန်းတစ်လုံး တက်ဘလက်တစ်လုံး စသဖြင့် ကိုင်ဆောင်ရန် မလိုဘဲ Galaxy Z TriFold တစ်လုံးတည်းဖြင့် အဆင်စေပါမည်။ Samsung Galaxy Z TriFold ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ တွင် Samsung ၏ ဇာတိနိုင်ငံ (တောင်ကိုရီးယား) တွင် စတင်ရောင်းချမည်ဖြစ်သည်။ အမေရိကန်နှင့် အာရှဒေသများအပါအဝင် အခြားနိုင်ငံများသို့ ၂၀၂၆ ခုနှစ် အစောပိုင်းတွင် ရောက်ရှိလာမည်ဟု သတင်းများအရ သိရှိရပါသည်။

မိတ်ဆွေသည် Samsung ဖုန်းတွေကို သုံးစွဲရ နှစ်သက်သဘောကျသူဖြစ်စေ၊ ဖုန်းတစ်လုံး တက်ဘလက်တစ်လုံးဖြင့် ကရိကထများနေသူဖြစ်စေ၊ နည်းပညာ အသစ်အဆန်းကို ခေတ်နှင့်အညီ လိုက်ပါချင်သူဖြစ်စေ .. Galaxy Z TriFold သည် ရင်ခုန်မျှော်လင့်ချင်စရာ ကောင်းနေမည်ဖြစ်ပါသည်။

 

Samsung Galaxy Z TriFold

 

⇐ Previous

Read 57 times