Things To Do

ရန်ကုန်ဆောင်းညမှာ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရအောင် ...

Let's Have Tea with Friends on a Cool Yangon Winter Night ...

ရန်ကုန်မြို့ရဲ့ ဆောင်းညတွေဟာ စိတ်ဝင်စားစရာတစ်မျို ဆွဲဆောင်မှု ရှိပါတယ်။ တစ်နေကုန် ပူပြင်းပြီး ဆူညံခဲ့တဲ့ အငွေ့အသက်တွေဟာ နေဝင်တာနဲ့အမျှ သူမဟုတ်သလို လေအေးတွေတိုက်လာပြီး  မြို့ပြရဲ့ လမ်းမတွေဟာ အေးချမ်းပြီး တိတ်ဆိတ်တဲ့ နေရာတစ်ခုအဖြစ် ပြောင်းလဲသွားပါတယ်။ ဒီလို အေးမြတဲ့ ဆောင်းညအချိန်မျိုးမှာ စိတ်အာရုံကို ဖမ်းစားနိုင်ဆုံး နေရာတစ်ခုကတော့ လက်ဖက်ရည်ဆိုင် ပဲ ဖြစ်ပါလိမ့်မယ်။

 

မြန်မာနိုင်ငံမှာ ဆောင်းရာသီလို့ သတ်မှတ်တာက နိုဝင်ဘာ ကနေ ဖေဖော်ဝါရီလအထိပေါ့။ ဒါပေမဲ့ ရန်ကုန်လိုနေရာမှာကျ ဒီဇင်ဘာနဲ့ ဇန်နဝါရီလ အချို့ရက်တွေလောက်ပဲ အေးမြမှုကို ခံစားရတာပါ။ ဒီနှစ် ဒီဇင်ဘာကတော့ ခါတိုင်းနှစ်တွေထက် ပိုပြီး အေးတယ်လို့ ပြောကြရတဲ့အထိပါပဲ။ ဒီလိုမျိုး အေးအေးချမ်းချမ်းနဲ့ သာသာယာယာရှိတဲ့ ရန်ကုန်ဆောင်းညရဲ့ လမ်းမီးရောင်တွေအောက်၊ ထိုင်ခုံလေးတွေ ခင်းကျင်းထားတဲ့ လက်ဖက်ရည်ဆိုင်တွေဟာ ရန်ကုန်သူရန်ကုန်သားတို့ကို ညဘက်တွေမှာ အနွေးဓာတ်ပေးစွမ်းရာ နေရာတစ်ခုဖြစ်လာပါတယ်။

Let's Have Tea

တကယ်တော့ လက်ဖက်ရည်ဆိုင်ဆိုတာ နွေ မိုး ဆောင်း ၊ မနက် နေ့လယ် ညနေ ည တွေမှာ အချိန်ခွဲခြားမှု မရှိပဲ မြို့သူမြို့သားတို့ နှစ်သက်စွာ ထိုင်တတ်ကြတဲ့နေရာတစ်ခုပါ။ သို့ပေမဲ့ ဆောင်းညတွေမှာတော့ ညဘက်အချိန် လမ်းမီးတိုင်ရဲ့ မီးအလင်းအောက် ပလက်ဖောင်းပေါ်က စားပွဲတွေပေါ်မှာ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ထိုင်ရတာက ထူးထူးခြားခြားကို ခံစားမှုကောင်းကောင်း ပေးစွမ်းပါတယ်။ လမ်းမတွေမှာ အေးစက်စက် လေက လူကို တိုးဝှေ့သွားပေမယ့် ဒီအအေးဓာတ်ကြောင့်ပဲ လက်ဖက်ရည်ပူပူတစ်ခွက်ရဲ့ အရသာကို ပိုမိုပြည့်စုံသွားစေတာပါ။

 

ဒီလိုမျိုး လက်ဖက်ရည်ဆိုင်တွေမှာ သူငယ်ချင်းတွေနဲ့ တူတူထိုင်တဲ့အချိန်တွေဟာ ဘဝရဲ့ အမှတ်တရ ဖြစ်လာပါတယ်။ လတ်ဆတ်အေးမြတဲ့ လေကို ရှူရှိုက်ရင်း စားပွဲဝိုင်းတစ်ခုမှာ စုထိုင်ကြတဲ့အခါ ပွင့်လင်းရိုးသားမှုတွေဟာ ပျော်ရွှင်မှုနဲ့အတူ ပေါ်ပေါက်လာပါတော့တယ်။ တစ်ယောက်နဲ့တစ်ယောက် အလုပ်အကြောင်း၊ မိသားစုအကြောင်း၊ ရယ်စရာ အကြောင်းအရာတွေနဲ့ စကားလက်ဆုံကျကြ၊ အလုအယက်ပြောကြ၊ ရင်ဖွင့်ကြနဲ့ ဒီလိုအချိန်ကာလတွေဟာ ရန်ကုန်ဆောင်းညရဲ့ လက်ဖက်ဆိုင်တွေမှ အလှတရားပဲ ဖြစ်ပါတယ်။ ဒီလို ဆုံတွေ့မှုဟာ ဖုန်းမျက်နှာပြင်တွေပေါ်မှာ အာရုံရောက်နေတဲ့ ခေတ်ကြီးထဲ လူသားချင်း ထိတွေ့ဆက်ဆံမှုကို ပြန်လည် အသက်သွင်းပေးတာဆိုလည်း မမှားပါဘူး

Let's Have Tea

ရန်ကုန်ရဲ့ လေအေးတိုက်နေတဲ့ ဆောင်းညအချိန် လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ အတူထိုင်ရတဲ့ ပျော်ရွှင်မှုဟာ ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့ မရပါဘူး။

 

"ဒါဟာ ဇိမ်ခံကားတစ်စီးနဲ့ ကားလျှောက်စီးတာမျိုး၊ စားသောက်ဆိုင်ကြီးမှာ ရရှိတဲ့ ပျော်ရွှင်မှုမျိုး မဟုတ်ဘူး။ ရိုးရှင်းတဲ့ ပတ်ဝန်းကျင်၊ ပွင့်လင်းတဲ့ စကားသံတွေနဲ့ နွေးထွေးမှု ပေးစွမ်းနိုင်တဲ့ စစ်မှန်မှုပဲ ဖြစ်ပါတယ်။"

 

ကဲ .. အခုလို တိတ်ဆိတ်အေးချမ်းတဲ့ ဆောင်းညချမ်းလေးမှာ အိမ်နဲ့ နီးနီးနားနားက လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်ကို သွားပြီး သူငယ်ချင်းတစ်စုနဲ့ ပေါင်းဆုံကာ လက်ဖက်ရည်၊ ကော်ဖီ နှစ်သက်ရာနဲ့ ရေနွေးကြမ်းပူပူလေး တွဲဖက်လို့ ညရဲ့ အလှကို ခံစားကြည့်ဖို့ MY Yangon Guide က တိုက်တွန်းလိုက်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ စိတ်ကို အနားပေးရင်း၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ နွေးထွေးတဲ့ အမှတ်တရတွေ ဖန်တီးနိုင်မယ့် အကောင်းဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။

 

Let's Have Tea

⇐ Previous

Read 64 times