Food & Drink

ပူအိုက်တဲ့ နွေရာသီမှာ ချိုချိုအေးအေး ရေခဲချောင်းလေးတွေ လုပ်စားကြမယ်

Rainbow-Fruit Ice stick

နွေရာသီလည်း ရောက်တော့မယ်ဆိုတော့ အရသာလည်းရှိ၊ ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ အသီးစစ်စစ် ရေခဲချောင်းလေးတွေကို အိမ်မှာနေရင်း အလွယ်တကူ ပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ 

၁။ ထောပတ်သီးရေခဲချောင်း ပြုလုပ်နည်း 

ပါဝင်ပစ္စည်းများ 

  • ထောပတ်သီး (၃)လုံး 
  • ဗူးနို့ဆီ (၁၀၀) ဂရမ်
  • သကြားသီးသန့် (၁၀၀) ဂရမ်

ထောပတ်သီးအတွင်းသား၊ နို့ဆီနဲ့ သကြား စတာတွေကို Blender ထဲ ထည့်ကြိတ်ပြီး အလုံးညီတဲ့ ခွက်ထဲ ထည့်ပါ။ ပြီးရင် ရေခဲချောင်း ထုတ်တဲ့နေရာမှာသုံးတဲ့ သစ်သားချောင်းလေးတွေကို ခွက်ရဲ့အလယ်မှာ ထိုးထည့်ပြီး ရေခဲသေတ္တာထဲမှာ အအေးခံထားပါ။ အေးခဲသွားရင်တော့ ထောပတ်သီး ရေခဲချောင်းကို သုံးဆောင်နိုင်ပါပြီ။ 

၂။ ဒိန်ချဉ်ရေခဲချောင်း ပြုလုပ်နည်း 

ပါဝင်ပစ္စည်းများ 

  • ဒိန်ချဉ် (၅၀၀)ဂရမ်
  • ကြိုချက်ပြီး ထန်းလျက်ရည် (၂၀)ဂရမ် 
  • သကြား (၂၂၀) ဂရမ် 
  • စတော်ဘယ်ရီသီး (၃၀)လုံး (မိမိနှစ်သက်ရာ အသီး ထည့်ပြီး အသုံးပြုနိုင်ပါတယ်) 
  • ပြောင်းကော်မှုန့် (၁၀၀) ဂရမ် 

ဒိန်ချဉ်၊ အသီး၊ ထန်းလျက်ရေ၊ သကြား စတာတွေကို Blender ထဲ ရောကြိတ်ထားပါ။ ပြောင်းကော်မှုန့်ကို ရေစိမ်းနဲ့ ခပ်ပျစ်ပျစ် ဖျော်ထားပြီး ရေနွေးဆူဆူ (၂၀၀)ဂရမ်ထဲကို ထည့်ပြီး မွှေပါ။ ပြီးရင် Blender ထဲ ထည့်ပြီး အားလုံးပြန်ရောကြိတ်လိုက်ပါ။ 

ပြီးရင်တော့ ပုံစံခွက်လေးထဲ တုတ်လေးစိုက်ပြီး အအေးခန်းထဲ ထည့်ကာ အအေးခံထားပါ။ လုံးဝအေးခဲသွားပြီ ဆိုရင်တော့ ဒိန်ချဉ်ရေခဲချောင်းလေးကို သုံးဆောင်နိုင်ပါပြီ။ 

၃။ စတော်ဘယ်ရီ ရေခဲချောင်းလုပ်နည်း 

ပါဝင်ပစ္စည်းများ 

  • စတော်ဘယ်ရီသီ (၃၀)သား 
  • ဗူးနို့ဆီ (၁၀၀)ဂရမ် 
  • သကြား (၁၀၀) ဂရမ် 

စတော်ဘယ်ရီသီး၊ နို့ဆီနဲ့ သကြား စတာတွေကို Blender ထဲ ထည့်ကြိတ်ပြီး အလုံးညီတဲ့ ခွက်ထဲ ထည့်ပါ။ စတော်ဘယ်သီးတွေကို ထက်ခြမ်းခွဲပြီး ခွက်ထဲမှာ အခြမ်းလိုက် လှအောင်ထည့်ပါ။ ပြီးရင် ရေခဲချောင်း ထုတ်တဲ့နေရာမှာသုံးတဲ့ သစ်သားချောင်းလေးတွေကို ခွက်ရဲ့အလယ်မှာ ထိုးထည့်ပြီး ရေခဲသေတ္တာမှာ အအေးခံထားပါ။ အေးခဲသွားရင်တော့ ချိုချိုအေးအေး စတော်ဘယ်ရီ ရေခဲချောင်းလေး ရပါပြီနော်။ 

၄။ Rainbow-Fruit ရေခဲချောင်း ပြုလုပ်နည်း 

ရေခဲချောင်းကို အသီးတစ်မျိုးထဲ မဟုတ်ဘဲ သစ်သီးမျိုးစုံ၊ ရောင်စုံ ရေခဲချောင်း ပြုလုပ်ချင်သူတွေအတွက် အောက်ပါနည်းအတိုင်း ပြုလုပ်လို့ ရပါတယ်နော်။ 

ပါဝင်ပစ္စည်းများ 

  • စတော်ဘယ်ရီသီး
  • ကီဝိသီး
  • စပျစ်သီး
  • နာနတ်သီး
  • ငှက်ပျောသီး
  • သရက်သီး 

(အပေါ်က အသီးတွေမဟုတ်ဘဲ မိမိနှစ်သက်ရာ အသီးတွေနဲ့ ပြုလုပ်လို့လည်း ရပါတယ်နော်။) 

  • ဗူးနို့ဆီ (လိုသလောက်) 
  • သကြား (လိုသလောက်) 

အသီးတွေကို နို့ဆီနဲ့ သကြား ထည့်ပြီး Blender နဲ့ ထည့်ကြိတ်ကာ ပန်းကန်လုံးလေးတွေနဲ့ သက်သက်စီ ထားပါ။ ပြီးရင်တော့ ပုံစံခွက်လေးထဲကို သစ်သီးအရောင် အနုကနေ အရင့်အတိုင်း အစဉ်လိုက်စီပြီး တုတ်ထိုးထားပါ။ ပြီးရင်တော့ အအေးခံပြီး Rainbow-Fruit ရေခဲချောင်းလေးကို သုံးဆောင်လို့ ရပါပြီ။ 

⇐ Previous Next

Read 2254 times