Food & Drink

ရန်ကုန်မြို့ရဲ့ လူကြိုက်များတဲ့ နာမည်ကြီး လက်ဖက်ရည်ဆိုင် (၁၀) ဆိုင်

The Best Tea Houses In Yangon

လက်ဖက်ရည်ဆိုင် ထိုင်တယ်ဆိုတာ ရန်ကုန်မြို့က လူထုကြားထဲမှာ ကိုလိုနီခေတ်လောက်ထဲက စတင် ခေတ်စားလာခဲ့တာ ဖြစ်ပါတယ်။ စဖွင့်ခါစကတော့ အိန္ဒိယလူမျိုးဆိုင်တွေပဲ ရှိခဲ့ပြီး နောက်ပိုင်းမှာ ဒီအလေ့အထဟာ မြန်မာလူမျိုးတွေကြားမှာ ရိုးရာတစ်ခုလို ဖြစ်လာခဲ့တာ ယနေ့ခေတ်ထိတိုင်အောင်ပါပဲ။

လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ ထိုင်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ အနုပညာအကြောင်းတွေ ဝေဖန်လေကန်ရာကနေ ယနေ့ခေတ်မှာဆို မိုဘိုင်းဂိမ်းတွေ အတူတူ ဆော့ကြတဲ့ နေရာတစ်ခုလည်း ဖြစ်လို့လာပါပြီ။ ရန်ကုန်မြို့ရဲ့  နာမည်ကြီး လက်ဖက်ရည်ဆိုင်တွေကို အောက်မှာ ဆက်ပြီး ကြည့်ရှုပေးပါဦးနော်။

၁။ Lucky Seven Tea Shop

ဆိုင်ဖွင့်လာတာ သက်တမ်း (၁၀) နှစ်ကျော်ရှိပြီး ဆိုင်ခွဲလည်း (၅) ဆိုင်ရှိတဲ့ နာမည်ကြီးဆိုင်တစ်ဆိုင်ပါ။  မနက်စာကောင်းကောင်းတွေ ရတတ်ပြီးတော့ ဝန်ထမ်းတွေရဲ့  ဆက်ဆံရေးပြေပြစ်တာတွေကြောင့် ရန်ကုန်က လူတွေသာမကပဲ နိုင်ငံခြားဧည့်သည်တွေတောင် ကြိုက်တတ်ကြတဲ့ဆိုင်ပါ။ 

ဒီဆိုင်လေးကတော့ ဦးချစ်မောင်လမ်းနဲ့ အနောက်မြင်းပြိုင်ကွင်းလမ်းထောင့်၊ တာမွေမြို့နယ်မှာ ရှိပါတယ်။  

၂။ သန်းကြွယ် Tea House

ဒီဆိုင်လေးရဲ့ အပြင်အဆင်က လှတော့ ဓာတ်ပုံရိုက်ချင်တဲ့သူတွေအတွက် ကွက်တိပါပဲ။ ပါကင်လည်း ကျယ်ကျယ်ဝန်းဝန်ရှိတာမို့ ကားနဲ့ သွားတဲ့သူတွေအတွက်လည်း အဆင်ပြေစေမှာပါ။ နှစ်ပေါင်း (၃၀) ကျော် သက်တမ်းရှိပြီး ဆိုင်ခွဲတွေလည်း အများကြီးရှိပါတယ်။ သောက်စရာ အစုံအလင်တို့အပြင်  ရှမ်းခေါက်ဆွဲ၊ ထမင်းကြော်၊ ဒင်းဆမ်းနဲ့ အိန္ဒိယ အစားအစာတွေကိုပါ ဆိုင်ခွဲတိုင်းမှာ ရရှိနိုင်ပါတယ်။လိပ်စာလေးကတော့ အမှတ် (၅၁၅/၂)၊ အောက်ကြည့်မြင်တိုင်လမ်းမကြီး၊ ကရင်အမျိုးသားရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်မှာ တည်ရှိပါတယ်။ 

၃။ မဟာရန်ကုန် Tea Shop

ဒီဆိုင်လေးကလည်း လက်ဖက်ရည်၊ အီကြာကွေး၊ ပလာတာ၊ အသုပ်မျိုးစုံ၊ ရှမ်းခေါက်ဆွဲ၊ ထမင်းကြော်နဲ့ တရုတ်အစားအစာ အစုံအလင်ရတာမို့လို့ ထိုင်တဲ့သူတွေ အကြိုက်တွေ့စေမှာပါ။ မီနူးကိုလည်း တောင်းကြည့်စရာမလိုဘဲ စားပွဲပေါ်မှာ ရှိတဲ့ QR ကုဒ်ကို Scan ဖတ်လိုက်ရုံနဲ့ ကြည့်နိုင်မှာပါ။ 

ဆိုင်လိပ်စာကတော့ အမှတ် (၂၃)၊ သံသုမာလမ်း၊ ရန်ကုန်သစ် ရပ်ကွက်၊ သင်္ကန်းကျွန်းမြို့နယ် ဖြစ်ပါတယ်။ 

၄။ Rangoon Tea House

ဒီဆိုင်လေးကတော့ ပြင်ဆင်ထားတဲ့ Decoration လေးတွေ တော်တော် လှပြီးတော့ စားစရာတွေလည်း အမျိုးအစား စုံစုံလင်လင် ရပါတယ်။ မနက်စာမုန့်တွေ၊ အချိုပွဲတွေ၊ ကိတ်တွေ၊ အအေး၊ ကော်ဖီ၊ လက်ဖက်ရည်တွေကို မှာယူသုံးဆောင်နိုင်ပါတယ်။ ဆိုင်ခွဲ (၃) ဆိုင်ရှိပြီး ဒီဆိုင်လေးကိုလည်း နိုင်ငံခြားသားတွေ တော်တော်လာလေ့ရှိပါတယ်။

ဆိုင်ကတော့ အမှတ် (၇၇/၇၉)၊ ပန်းဆိုးတန်းလမ်း၊ အလယ်ဘလောက်၊ ကျောက်တံတားမြို့နယ်မှာ ရှိပါတယ်။ 

၅။ Modern Tea Shop

ဒီဆိုင်လေးမှာ မြန်မာ့ရိုးရာစားစရာတွေအပြင် တရုတ်၊ အိန္ဒိယ အစားအစားတွေပါ ရနိုင်ပါတယ်။ လက်ဖက်ရည်ကလည်း  တော်တော်လေး ကောင်းတာမို့လို့ ရန်ကုန်မြို့က လူတွေ အကြိုက်များတဲ့ ဆိုင်တစ်ဆိုင်လည်းဖြစ်ပါတယ်။

ဆိုင်လိပ်စာလေးကတော့ ဗညားဒလလမ်း၊ တာမွေမှာပါ။ 

၆။ King Lashio Tea Shop

ဒီဆိုင်ရဲ့ သက်တမ်းက နှစ်ပေါင်း (၂၅) နှစ်ရှိပြီ ဖြစ်ပြီး ဆိုင်ခွဲပေါင်း (၁၄) ဆိုင် ရှိပါတယ်။ ဒီဆိုင်မှာ အဓိကနာမည်ကြီးတာကတော့ သူ့ရဲ့ လားရှိုးခုနှစ်လွှာပေါက်စီပါပဲ။ ဒါ့အပြင် ကြက်ဆီထမင်း၊ အသားပေါင်း၊ အသားကောက်ညှင်းထုပ်၊ ရှမ်းခေါက်ဆွဲ၊ ဒင်းဆမ်း စတဲ့ အမယ်တွေ တော်တော်စုံတာမို့လို့ မနက်ခင်းတင်မဟုတ်ဘဲ တနေကုန် လူများနေတတ်ပါတယ်။

လိပ်စာကတော့ အမှတ် (၁၃၆)၊ ဆူးလေဘုရားလမ်းပဲ ဖြစ်ပါတယ်။ 

၇။ အခရာတီးဟောက်စ်

ဒီဆိုင်လေးက သပ်သပ်ရပ်ရပ်နဲ့ ဆိုင်အပြင်အဆင်လေးလည်း လှပါတယ်။ ဆိုင်ခွဲ (၈) ခုထိ ဖွင့်လှစ်ထားပြီး ဆိုင်ခွဲတိုင်းကို သေချာလေးပြင်ဆင်မွမ်းမံထားပါတယ်။ 

ဒီဆိုင်မှာက စီလုံတီး၊ နို့စိမ်းလက်ဖက်ရည်၊ ရှမ်းမနက်စာ၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အသုပ် တို့လို မြန်မာ မနက်စာတွေအပြင် အိန္ဒိယအစားအစာ၊ ဒင်းဆမ်း၊ မာလာရှမ်းကောတို့လည်း ရပါတယ်။ ဒါတင်မကသေး နေ့လည်စာအတွက် ထမင်းနဲ့ဟင်း၊ ဒံပေါက်၊ ထောပတ်ထမင်းတို့ကိုလည်း သုံးဆောင်နိုင်ပါတယ်။

ဆိုင်လိပ်စာကတော့ အမှတ် (၁၃၄)၊ အောင်ဇေယျလမ်းနဲ့ ကျောက်ကုန်းလမ်းထောင့်၊ ရန်ကင်းမြို့နယ်မှာ ဖြစ်ပါတယ်။

၈။ ဒေါင် တီးဟောက်စ်

ဒီဆိုင်ကတော့ ဆိုင်ခွဲ (၃) ဆိုင် ဖွင့်လှစ်ထားပြီး ကျယ်ဝန်းတဲ့ ကားပါကင်လည်းရှိတော့ ကားနဲ့ သွားမယ်ဆိုလည်း အဆင်ပြေပါတယ်။ 

ဒီဆိုင်မှာက မနက်ခင်းအစားအစာတွေ၊ ပဲလိပ်ခုတ်၊ မန္တလေးမုန့်တီ၊ မန္တလေးမြီးရှည်တို့လို မန္တလေးအစားအစားတွေ၊ အဆာပြေမုန့်တွေ၊ လက်ဖက်ရည်၊ စီလုံတီး စသဖြင့် စုံစုံလင်လင် ရပါတယ်။ 

ဆိုင်ကတော့ အမှတ် (၃၁/အေ)၊ ကန်ရိပ်သာလမ်း၊ ၁၀ ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းမ၊ မရမ်းကုန်မြို့နယ်မှာ ရှိပါတယ်။

၉။ Asia Tea House

ဆိုင်သက်တမ်းက (၅) နှစ်ကျော်ပြီဖြစ်သလို လက်ဖက်ရည်ဆိုင်ဆိုပေမဲ့ မနက်ခင်းစာ၊ နေ့လယ်ထမင်းနဲ့ ညနေခင်း အဆာပြေမုန့်တွေပါ ရပါတယ်။ Asia Tea House မှာ မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်၊ မလေး စတဲ့ရိုးရာအစားအစာတွေ ရှိပါတယ်။ Asia Tea House ရဲ့ Ginger Tea Mix (ဂျင်းလက်ဖက်ရည်) ကတော့ နာမည်အကြီးဆုံးပါပဲ။ Halal ဆိုင်ဖြစ်လို့ လူမျိုးဘာသာမရွေးလည်း စားသုံးနိုင်ပါတယ်။ 

ဆိုင်လိပ်စာကတော့ အမှတ် - ၁၀၃၊ ဗိုလ်ဆွန်ပက်လမ်း၊ ပန်းပဲတန်းမြို့နယ် ဖြစ်ပါတယ်။ 

၁၀။ Foodfare

ဒီဆိုင်ကတော့ တာမွေက လူတွေနဲ့ မစိမ်းလောက်ပါဘူး။ Foodfare လို့ပြောလိုက်တာနဲ့ လူတရပ်စာနီးပါးလောက်ရှိတဲ့ လေပေတိုရှည်ကြီးကို မျက်စိထဲ ပြေးမြင်မိမယ် ထင်ပါတယ်။ Foodfare မှာ မနက်စာ စားဖို့ စဉ်းစားတဲ့အခါ လေးပေတိုရှည်၊ ချာပါတီ၊ ပူရီ၊ မုန့်ဟင်းခါး ၊ အုန်းနို့ခေါက်ဆွဲ၊ ရှမ်းမနက်စာ၊ မြန်မာ့ရိုးရာ မနက်စာတွေ ရှိပါတယ်။ ဒီဆိုင်ရဲ့ နို့ပေါင်းလက်ဖက်ရည်က တော်တော်လေး လူပြောများပါတယ်။ နေ့လယ်စာနဲ့ ညစာအတွက်လည်း အိန္ဒိယစာ၊ ထိုင်းစာနဲ့ အာရပ်စာတွေ ရပါတယ်။ 

ဆိုင်က အမှတ် ၁၀၂၊ ကျိုက္ကဆံလမ်း၊ အ.ထ.က (၅) ကျောင်းရှေ့၊ တာမွေမြို့နယ်မှာ ရှိပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တွေရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို အောက်ကလင့်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

>> https://bit.ly/32uq9NT

⇐ Previous Next

Read 1552 times