Entertainment

နှစ် (၁၀၀) အတွင်း အကောင်းဆုံး မြန်မာ၀တ္ထု (၁၀၀) မှာ ပါဝင်ခဲ့တဲ့ ရေနံ့သာခင်ခင်ကြီး

The Lady "Yay Nant Thar Khin Khin Gyi" by Mg Thein Sine

ဒီတစ်ပတ်မှာတော့ စာပေချစ်ပရိသတ်တွေအတွက် MRTV 4 ရုပ်သံလိုင်းကနေ ဇာတ်လမ်းတွဲအဖြစ် ထုတ်လွှင့်ပြသလျက်ရှိတဲ့ စာရေးဆရာ မောင်သိန်းဆိုင်ရဲ့ နာမည်ကြီး လူကြိုက်များခဲ့တဲ့ ရေနံသာခင်ခင်ကြီး ၀တ္ထုအကြောင်းကို မျှဝေချင်ပါတယ်။ ဒီ၀တ္ထုဟာ စာရေးသူရဲ့ အကောင်းဆုံးလက်ရာလို့ စာဖတ်ပရိသတ်အားလုံး တညီတညွတ်တည်း အားပေးသတ်မှတ်ခြင်းခံရတဲ့ ဝတ္ထုရှည်လည်း ဖြစ်ပါတယ်။ 

ပြတင်းပေါက် (၉၉) ပေါက်ပါတဲ့ 'ရေနံ့သာခင်ခင်ကြီး' ၀တ္ထု ဇာတ်အိမ်တည်ခဲ့ရာ အိမ်ကြီးဟာ ရေနံချောင်းမြို့၊ စနေနံဘုရား အနီးမှာ အခုအချိန်အထိ ရှိနေပါသေးတယ်။ ၀တ္ထုထဲက အဓိက ဇာတ်ကောင် ရေနံ့သာခင်ခင်ကြီးကတော့ အပြင်မှာ တကယ်ရှိတဲ့သူ မဟုတ်ဘဲ စာရေးဆရာရဲ့ စိတ်ကူးနဲ့ ပုံဖော်ခဲ့တဲ့ ဇာတ်ကောင်သပ်သပ်ပဲလို့ သိထားပါတယ်။ 

ဇာတ်အဖွင့်ဟာ မှောင်မည်းကျဉ်းကျပ်နေတဲ့ အကျဉ်းထောင်ထဲက ဒေါ်ခင်ခင်ကြီးရဲ့ အသက် ၄၅ နှစ်ပြည့် မွေးနေ့ပါ။ လှပမှု ကြွယ်ဝချမ်းသာမှုနဲ့ နာမည်ကျော်ဇောတဲ့ "ရေနံ့သာ" စံအိမ်က သူဌေးမကြီး ဒေါ်ခင်ခင်ကြီးဟာ သူမလက်နဲ့ ကိုယ်တိုင် ချစ်ရသူကို သတ်ဖြတ်ခဲ့သူလည်း ဖြစ်ပါတယ်။ 

 

Advertisement

Click Here > Myanmar Ranpu

သူမရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရသူက သူမ ဘ၀မှာ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် ချစ်မြတ်နိုးရတဲ့ ယောက်ျားတစ်ယောက် ဖြစ်ပါတယ်။ အဲဒီလောက် ချစ်နေရက်သားနဲ့ သူမ ဒီလူကို ဘာကြောင့် သတ်ပစ်ခဲ့တာလဲလို့ တရားသူကြီးက မေးတဲ့အခါ 

"သူ့ကို ကျွန်မက သတ်လိုက်တာကိုသာ

လူတွေက မြင်ကြတာပါ

ကျွန်မကို သူသတ်ခဲ့တယ်ဆိုတာကိုတော့ 

လူတွေက မမြင်ခဲ့ကြပါဘူး 

ဟုတ်ပါတယ် ကျွန်မဟာ သူ့ကြောင့် သေခဲ့တယ်

သူ့ကြောင့်ပဲ အသက်ရှင်ရက်နဲ့ သေခဲ့ရတယ် " ဆိုပြီး သူမ ပြန်ဖြေတဲ့ စကားတစ်လုံးချင်းစီတိုင်းဟာ နာကြည်းခံပြင်းမှုတွေ အပြည့်နဲ့ပါ။

အမေ ရေနံတွင်းရိုး၊ အဖေ တွင်းစား မျိုးရိုးကနေ ဆင်းသက်လာတဲ့ အမျိုးကောင်းသမီး ခင်ခင်ကြီးဟာ အိမ်က အင်မတန်ကို ချုပ်ချယ်လို့ လောကကြီးအကြောင်းကို သေချာမသိသေးတဲ့ ခပ်ငယ်ငယ် ကောင်မလေးပါ။ သူမဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အချစ်ကို တွေ့မယ့်တွေ့တော့လည်း ကိုယ့်မိသားစုရဲ့ ရန်သူ့သားနဲ့မှ တွေ့ဆုံခဲ့ရပါတယ်။ သူမဘ၀ဟာ အဲဒီလူကြောင့်ပဲ အသက်အရွယ်နဲ့ မမျှအောင် ခံစားနာကျင်ခဲ့ရပါတယ်။ ချုပ်ချယ်လွန်းလို့ လွတ်လပ်ခွင့်ကို ရှာမိတဲ့ ငှက်ကလေး အတောင်ပံကျိုးရတဲ့ အဖြစ်ပါပဲ။ 

ခင်ခင်ကြီးနဲ့ အပြိုင် အဓိက ဇာတ်ကောင်ကတော့ ကိုမောင်မောင်ဦးပါ။ သူကတော့ ရုပ်ချော သဘောကောင်း မြာပွေတဲ့ သူပေါ့။ ခင်ခင်ကြီးကို ဘယ်လောက်ပဲ ချစ်တယ် ပြောနေနေ အေမီမြိုင်ဆိုတဲ့ ကပြားမလေး တွေ့တော့ ကြိုက်မိပြန်။ မိန်းမပျက် ခင်သန်းနွဲ့လည်း မလွတ်စေရ။

ငယ်ရုပ်ဇာတ်က ပေါ့တန်ပေမဲ့ လောကဓံကြောင့် တည်ငြိမ်လာခဲ့ပြီး ခင်ခင်ကြီးနဲ့ သူ့ကြားမှာ အထင်လွဲစရာအကြောင်းရာတွေဟာ အကြိမ်ကြိမ် ထပ်ဖန်လာခဲ့ပါတယ်။ ကံကြမ္မာရဲ့ လှည့်စားမှုနဲ့ အဖေဖြစ်သူ မှားခဲ့တဲ့အပြစ်တွေအတွက် ပေးဆပ်ရင်း ဘဝကို ဖြစ်သလို ရေစုံမျောလိုက်သူ မောင်မောင်ဦးကို ၀တ္ထုထဲက သနားစရာအကောင်းဆုံး ဇာတ်ကောင်လို့ သတ်မှတ်ရင်လည်း မမှားနိုင်ပါဘူး။ 

ဝတ္တုရေးသားပုံမှာ ခင်ခင်ကြီး မွေးဖွားစဉ်မှ ထောင်ထဲရောက်နေတဲ့ အချိန်ကာလအတွင်း ၄၅ နှစ်စာ အဖြစ်အပျက်တို့ကို ရေးပြထားခြင်း ဖြစ်တယ်။ ပါဝင်တဲ့ ဇာတ်ကောင်တွေတိုင်းရဲ့ စရိုက်ကို သရုပ်ဖော် ရေးသားပြသွားတာကလည်း ရသမြောက်လွန်းလို့ ဖတ်ရတာ ရင်မော ရင်နင့်ရပါတယ်။

ဒါ့အပြင် စာအုပ်ထဲကနေ သင်မသိသေးတဲ့ သမိုင်းတွေ၊ တွင်းရိုး/တွင်းစား မတူညီပုံတွေ၊ ရေနံမြေနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်း၊ ရေနံလုပ်သားတွေရဲ့ ပင်ပန်းဆင်းရဲမှု၊ ၁၃၀၀ ပြည့် ရေနံမြေအရေးတော်ပုံ၊ ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးခေတ် ပြည်သူပြည်သားတွေရဲ့ အခြေအနေ အခက်အခဲတွေကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင်၊ ခံစားမိအောင် ရေးသားထားပါတယ်။

ဒါပေမဲ့ ရေနံမြေဘဝ သရုပ်ဖော် ၀တ္ထုတော့ မဟုတ်ပါဘူး။ အထက်တန်းစားနဲ့ လူလတ်တန်းစား မိသားစုနှစ်စုရဲ့ ဘဝတွေ၊ မာန​တွေ၊ အာဃာတ ရန်ငြိုးတွေကို အခြေပြုပြီး ချစ်သူနှစ်ဦးရဲ့ ကံကြမ္မာကို ရေးသားသရုပ်ဖော်ထားတဲ့ ဂန္တဝင် ဝတ္ထုရှည်ကြီး ဖြစ်ပါတယ်။ 

စာအုပ်ဖတ်ရန် Link

>> https://yadi.sk/i/3S9de6vthkSMq

 

⇐ Previous Next

Read 991 times