Things To Do

သင့်စိတ်ကူးအိမ်မက်တွေကို ရင့်သန်လာစေမယ့် TED Talks (၅) ခု

The Most Popular TED Talks

TED ဆိုတာ ၁၉၈၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ အမေရိကန်-ကနေဒီယန် မီဒီယာအဖွဲ့အစည်းတစ်ခု ဖြစ်ပြီး TED ဆိုတဲ့ အမည်က Technology (နည်းပညာ)၊ Entertainment (ဖျော်ဖြေတင်ဆက်မှု) နဲ့ Design (ဒီဇိုင်း) တို့ကို အတိုကောက် မှည့်ထားတာဖြစ်ပါတယ်။

နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်တွေကို ဖိတ်ခေါ်ကာ သူတို့ရဲ့  ဘ၀အတွေ့အကြုံတွေ၊ စိတ်ကူးအမြင်တွေ၊ အကြံပေးစကားတွေနဲ့ ပတ်သတ်တဲ့ စကားပြောပွဲ (TED Talks) တွေကိုတော့ ၁၉၉၀ ခုနှစ်မှာ စတင်ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

TED Talks ကို ကမ္ဘာတစ်ဝှမ်းက လူအမြောက်အများ စိတ်ဝင်တစား အားပေးခဲ့ကြတဲ့အတွက် အွန်းလိုင်းပေါ်မှာ အလွယ်တကူ ကြည့်နိုင်ဖို့ ဘာသာစကားအမျိုးအစား (၉၀) လောက်နဲ့ ဘာသာပြန် တင်ဆက်ခဲ့ပါတယ်။

TED Talks ကို လူတိုင်း ဘာကြောင့် နားထောင်သင့်လဲ ?

သင်က အင်္ဂလိပ်စာ လေ့လာနေတဲ့သူဆိုရင် TED Talks က တကယ်အသုံးဝင်ပါတယ်။ အထူးသဖြင့် Business English လေ့လာနေတဲ့သူ တစ်ယောက်ဆိုရင်တော့ TED Talks ကို နားထောင်သင့်ပါတယ်။

ဘာလို့လဲဆိုရင် TED Talks မှာ ပြောတဲ့ စကားအသုံးအနှုန်းတွေက Formal ဆန်လို့ပါ။ တစ်နေ့ကို TED Talks တစ်ပုဒ်လောက် နားထောင်ရင်းနဲ့ English Listening ကောင်းအောင် လေ့ကျင့်လို့ရပါသေးတယ်။

TED Talks တစ်ခုရဲ့ ကြာချိန်က အများဆုံး (၁၈) မိနစ်ပါ။ (၁၈) မိနစ်ဆိုတာ ငြီးငွေ့လွယ်တဲ့သူတွေအတွက်တောင် အဆင်ပြေတဲ့ ကြာချိန်ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ဒီတိုတောင်းတဲ့ (၁၈) မိနစ်လေးမှာ အောင်မြင်နေတဲ့ လူတစ်ယောက်ရဲ့  ဘ၀အတွေ့အကြုံတွေ၊ အတွေးအေခါ်သစ်တွေကို ရရှိစေနိုင်တာ TED Talks အပြင် တခြားဘယ်နေရာမှာမှ ထပ်မရှိတော့ပါဘူး။

TED Talks မှာ ပြောတဲ့ အကြောင်းအရာတွေက စာတွေ့မပါဘဲ လက်တွေ့ချည်းပဲမလို့ နားထောင်ရတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ တင်ဆက်သူ ပညာရှင်တွေကလည်း မတူညီတဲ့ နယ်ပယ်တွေက ဖြစ်တဲ့အတွက် ပြောတဲ့အကြောင်းအရာချင်းမတူလို့ ဗဟုသုတတွေလည်း အများကြီးရနိုင်ပါတယ်။

သူတို့ရဲ့ အတွေးအခေါ်နဲ့ မျက်မှောက်ခေတ်မှာ လက်ရှိဖြစ်နေတဲ့ စိန်ခေါ်မှုတွေ၊ ပြသနာတွေကို ပေါင်းစပ်ပြီး အချက်ကျကျ ပြောတာမို့ သင့်အတွက် စိတ်ကူးအသစ်တွေ၊ အိမ်မက်အသစ်တွေ ပုံဖော်တဲ့နေရာမှာ အသုံးဝင်မှာပါ။

TED Talks ရဲ့ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ Presentation Skill အားကောင်းမှုပါပဲ။ စင်ပေါ်မှာ ဘာ Video၊ ဘာ Animation မှ မသုံးဘဲ မိုက်ကိုင်ပြီး စကားပြောရင်း လူတွေအားလုံးဆီက အာရုံစူးစိုက်မှုရအောင် လုပ်ဖို့ဆိုတာ သိပ်တော့လွယ်ကူမနေပါဘူး။

ဒါပေမယ့် TED Talks မှာ လာပြောတဲ့ သူတွေကတော့ လုံးဝမတုန်မလှုပ်ပဲ လူအများကြီးရှေ့မှာ ယုံကြည်ချက်ရှိရှိ စကားပြောသွားနိုင်တဲ့သူတွေ ဖြစ်ပါတယ်။ 

ဒါကြောင့် သင်လည်း TED Talks နားထောင်တဲ့အခါ သူတို့ရဲ့စကားပြောဟန်၊ မျက်နှာအနေအထား၊ လက်ဟန်အမူအရာတို့ကို ကြည့်ပြီး  တင်ဆက်သူ တစ်ယောက်အနေနဲ့ လိုအပ်တဲ့ Skill မှန်သမျှကို လေ့လာလို့ရပါတယ်။

TED Talks ကြည့်ဖို့ နေရာတွေ၊ အချိန်တွေ၊ ငွေကြေးတွေ မလိုပါဘူး။ ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာမှာ အင်တာနက်၊ ဖုန်းရှိရုံနဲ့ ကြည့်နိုင်ပါတယ်။ 

တချို့ပညာရပ်တွေကို တက်မြောက်ဖို့ ငွေကြေးပိုက်ဆံတွေ ကုန်ကျခံရဦးမယ်ဆိုပေမဲ့ TED Talks ကတော့ သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေထဲက (၁၈) မိနစ်လောက် ဖဲ့ပေးလိုက်ရုံနဲ့ အတွေးအခေါ်အသစ်တွေ၊ ဗဟုသုတတွေ ရရှိမယ့်အပြင် အင်္ဂလိပ်စာ Skill ကိုလည်း တိုးတက်စေပါတယ်။ 

ဒါကြောင့် TED Talks နားထောင်ဖို့ စိတ်ကူးဖြစ်သွားပြီဆိုရင် TED Talks သမိုင်းတစ်လျှောက်မှာ အကျော်ကြားဆုံးဖြစ်ခဲ့တဲ့ TED Talks (၅) ခုကို အရင် နားထောင်ကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

1. Do schools kill creativity? ( Sir Ken Robinson)

ဒီ Talk ထဲမှာ ကျောင်းတွေက ကလေးသူငယ်တွေရဲ့  တီထွင်ဖန်တီးနိုင်စွမ်းကိုသတ်ပစ်ပြီး ဘယ်တော့မှ မမှားနိုင်တဲ့ စက်တစ်လုံးအဖြစ် ပြောင်းလဲနေတဲ့ ပညာရေးစနစ်ကို ပါမောက္ခတစ်ယောက်က ထောက်ပြသွားတာ ဖြစ်ပါတယ်။

https://www.youtube.com/watch?v=tQzC7ubJriE

 

2. Turning adversity into opportunity ( Muniba Mazari)

ဒီ Talk ထဲမှာတော့ ကားအက်ဆီဒန့်ကနေ ထိခိုက်မှုတွေရခဲ့ပေမဲ့ ပြန်လည်ကြိုးစား ရပ်တည်ခဲ့ရတဲ့ ကောင်မလေး တစ်ယောက်အကြောင်းကို သင် ကြားရမှာဖြစ်ပါတယ်။

https://www.youtube.com/watch?v=I68Y81ZpjNM

 

3. How great leaders inspire action (Simon Sinek)

ဒီ Talk မှာဆိုရင် ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အခြေခံလိုအပ်ချက်လေးတွေကို ထောက်ပြပေးသွားမှာ ဖြစ်ပါတယ်။ Leadership ကို စိတ်ဝင်စားတဲ့ သူတွေအတွက်ကတော့ တကယ်ကောင်းတဲ့ Talk ဖြစ်ပါတယ်။

https://www.youtube.com/watch?v=VuGen16MNwQ

 

4. Your body language may shape who you are (Amy Cuddy)

ဒီ Talk ဟာ လူတစ်ယောက်က သူ့ရဲ့ စစ်မှန်တဲ့ ပုံစံကို လက်ခံရင်ဆိုင်ရန် အရေးကြီးတဲ့အကြောင်းနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြထားပါတယ်။

https://www.youtube.com/watch?v=3WRwpCn4oLI

 

5. Stop searching for your passion (Terri Trespicio)

ဒီ Talk မှာတော့ ဝါသနာက သင့်ရဲ့ အောင်မြင်ခြင်းအတွက် လောင်စာမဟုတ်ဘဲ  အောင်မြင်ခြင်းကသာ သင့်ရဲ့ ဝါသနာကို လောင်စာ လုပ်ပေးမှာ ဆိုတဲ့အကြောင်း ပြောသွားမှာ ဖြစ်ပါတယ်။

https://www.youtube.com/watch?v=6MBaFL7sCb8

⇐ Previous Next

Read 996 times