Things To Do

မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ

Things to do to make your home a good omen

 

“ ရှေးထုံးလည်း မပယ်နှင့်၊ ဈေးသုံးလည်း မလွယ်နှင့် “ ဟူသော ဆိုရိုးစကား အတိုင်းပင်။ အချို့သော အယူအဆများသည် ပစ်ပယ်ထား၍ မရသလို၊ ဂရုမစိုက်မိသောကြောင့် ဘေးဖြစ်သွားရသော သာဓက များစွာရှိခဲ့ဖူးပါသည်။

မိမိတို့ နေထိုင်ရာ အိမ်ခြံဝန်းသည် ဘုန်းကျက်သရေနှင့် ပြည့်စုံနေမှသာ အိမ်သားများ၏ စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေးကအစ တိုးတက် အောင်မြင်နိုင်မည်ဟု ရှေးကတည်းက ဆိုရိုးရှိခဲ့ကြပေသည်။ ထို့ကြောင့် မိမိနေအိမ်ကို ကျက်သရေရှိစေရန် ပြုလုပ်သင့်သော အချက်များနှင့်၊ ဆောင်ရန် ရှောင်ရန် အကြောင်းအရာများအား ဖော်ပြပေးလိုက်ပါသည်။

(၁) မှန်အကွဲများကို လွှင့်ပစ်ပါ။

ကြည့်မှန် အကွဲများဖြစ်စေ၊ ပြတင်းပေါက်မှန်နှင့် အခြားသော အကွဲအရှ ပစ္စည်းများ အိမ်ပေါ်တွင် ရှိနေခြင်းသည် သင့်အိမ်ကို မကောင်းသော နမိတ်ဆိုးများ ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေတတ်သောကြောင့် ကွဲအက်နေသော မှန်များ ရှိပါက ချက်ချင်း လွှင့်ပစ်သင့်ပါသည်။

(၂) နာရီအစုတ်များအား မပြုပြင်ဘဲ မထားပါနှင့်။

တိုင်ကပ်နာရီဟူသည် တစ်အိမ်သားလုံး မြင်ရစေရန် လူတစ်ရပ်ကျော်သော ခပ်မြင့်မြင့် နံရံပေါ်တွင် ချိတ်တင်လေ့ရှိသော အရာဖြစ်ပြီး၊ ထိုနာရီ ပျက်သွားသည့်အခါ အိမ်သားအားလုံး၏ အမြင့်၌ ပျက်ဆီးသော အရာတစ်ခု ရှိနေသည့် နမိတ်ဖြစ်သောကြောင့် ထိုနာရီအပျက်များအား အိမ်တွင်ရှိပါက ချက်ချင်း ပြုပြင်သင့်ပါသည်။

(၃) ဘုရားစင်ကို အမြဲသန့်ရှင်းအောင် ဂရုပြုပါ။


ဘုရားစင်အား ၁ပတ် ၂ကြိမ်ခန့် ၊ ရုပ်ပွားတော်များအား ၁လ (၁) ကြိမ်ခန့် ပုံမှန် သန့်ရှင်းရေး လုပ်ပေးခြင်းသည် သင့်အိမ်ရှိ လာဘ်လာဘများ ပွင့်လန်းစေရန် အထောက်အကူ ပြုစေပြီး၊ နတ်ဗြဟ္မာများ ချစ်ခင်စေသော အလေ့အကျင့်တစ်ခု ဖြစ်ပါသည်။

(၄) အိပ်ယာအား ပုံမှန် သိမ်းပါ။

ရှုပ်ပွနေသော အိပ်ယာသည် လူမှုရေး ပြသနာ ရှုပ်ထွေးစေသည့် နမိတ်ဖြစ်တတ်သောကြောင့် မနက်ခင်းတွင် အိပ်ရာအား သပ်သပ်ရပ်ရပ် ဖြစ်အောင် ဂရုတစိုက် သိမ်းဆည်းပေးပါ။

(၅) ဖိနပ်အစုတ်၊ ထီးအစုတ်များ မထားရပါ။

မိမိအိမ်တွင် ဖိနပ်အစုတ်၊ ထီးအစုတ်များ ရှိနေခြင်းသည်လည်း ကျန်းမာရေးကို ညံ့ဖျင်းစေသည့် မကောင်းသော နမိတ် ဖြစ်တတ်သောကြောင့် ထိုပစ္စည်းများအား အိမ်တွင် မရှိအောင် ဂရုစိုက်ပြီး အပျက်အဆီးများအား ပြန်လည်ကောင်းမွန်အောင် ပြုပြင်ပေးပါ။

(၆) မနက်ခင်းတွင် အသေးအမွှားကိစ္စများအား မညည်းညူပါနှင့်။

နေ့တစ်နေ့၏ မင်္ဂလာယူချိန်ဖြစ်သော မနက်ခင်းအစပိုင်းတွင် မိမိ၏ အဆင်မပြေမှုများအား ညည်းတွားခြင်း၊ အိမ်သားများ ဆူပူကြိမ်းမောင်းခြင်းသည် တစ်နေကုန် လာဘ်တိတ်သော အဖြစ် ရှိတတ်သောကြောင့် မနက်ခင်းရောက်ပါက အတတ်နိုင်ဆုံး စိတ်ကို ကြည်လင်အောင် ထားပြီး ကိစ္စအဝဝကို အေးချမ်းစွာ ပြုလုပ်ပေးပါ။

ရှေးလူကြီးများ၏ လမ်းညွှန်ချက်များသည် ကိုယ်တိုင် မျက်စိဖြင့် မမြင်ရသော်ငြား၊ ယုံသင့်ယုံအပ်သော အလေ့အထများ ဖြစ်သောကြောင့် သတိမူကာ ပြုလုပ်ခြင်းဖြင့် ကျက်သရေတိုးပွားသော အိမ်ခြံဝန်းတစ်ခုအား ပိုင်ဆိုင်နိုင်မည် ဖြစ်ပေသည်။

 

⇐ Previous Next

Read 2538 times