ညနေစောင်းလို့ အလုပ်တွေပြီးတဲ့အခါ ဒါမှမဟုတ် စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ ရန်ကုန်က လူငယ်တွေအတွက် 'Chill' ဖို့၊ စိတ်အပန်းဖြေဖို့ဆိုရင် ဘီယာဆိုင် ဒါမှမဟုတ် Bar တစ်ခုကို ရွေးချယ်ဖို့က အဓိက အစီအစဉ်တစ်ခုဖြစ်လာပါတယ်။ ဒါပေမဲ့ ဘားတစ်ခုကို ရွေးချယ်တဲ့အခါ မတူညီတဲ့ ဘယ်လို အကြောင်းအရာတွေကို အလေးပေးလေ့ရှိကြသလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခေတ်ရေစီးကြောင်းကို ကြည့်ရင် လူငယ်တွေ Bar ဒါမှမဟုတ် Beer Station ကို ရွေးချယ်တဲ့အခါ စျေးနှုန်း၊ နေရာ၊ အစားအသောက်၊ ဖျော်ဖြေရေးနဲ့ ဆိုင်ရဲ့ Vibe (ခံစားမှု) ဆိုတဲ့ အချက်ငါးချက်ပေါ်မှာ အဓိက အခြေခံထားတာ တွေ့ရပါတယ်။
ပထမဆုံးအနေနဲ့'စျေးနှုန်း' အကြောင်းကို ပြောရမယ်ဆို ပရိုမိုးရှင်းတွေ၊ Happy Hour တွေလိုမျိုးက စပြီး ပြောရပါမယ်။ ပရိုမိုးရှင်းတွေ၊ Happy Hour တွေဟာ ဘားတစ်ခုကို ရွေးချယ်ဖို့ တော်တော်လေးကို အလေးသာအတွက် ဆိုင်အများစုဟာ ဒီအချက်ကနေ စားသုံးသူတွေကို ဖိတ်ခေါ်နေတာ မြင်ရပါတယ်။ ဒါ့အပြင် ဈေးနှုန်းအရ သင့်တင့်ပြီး လူများများနဲ့ စုဝေးရတဲ့ ၁၉ လမ်းလို နေရာမျိုးတွေကိုလည်း လူငယ်တို့ ရွေးချယ်တတ်ကြပါတယ်။ 'Quality Time' ကို 'Budget-friendly' ဖြစ်အောင် ဖန်တီးချင်ကြတယ်ဆိုလည်း မမှားပါဘူး။
'နေရာဒေသနဲ့ သွားလာရလွယ်ကူမှု' ကလည်း ဘီယာဆိုင်ထိုင်တဲ့အခါ အရေးပါတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ သူငယ်ချင်းတွေ အားလုံးအတွက် စုဆုံဖို့ အဆင်ပြေတဲ့၊ သွားရလာရ လွယ်ကူတဲ့ လူစည်ကားရာ ၁၉ လမ်း၊ စမ်းချောင်း၊ ကျောက်မြောင်း နေရာမျိုးတွေကို ဦးတည်ကြပါတယ်။ ဘားရဲ့ တည်နေရာဟာ သူတို့ရဲ့ ညနေခင်း အစီအစဉ်ရဲ့ စတင်ရာ၊ ပြီးဆုံးရာ နေရာဖြစ်တာကြောင့် 'ဆုံချက်' (Convenience) က အဓိကကျပါတယ်။ နောက်တစ်ချက်က နေအိမ်အနီးတစ်ဝိုက်က ဆိုင်တွေ ဖြစ်ပါတယ်။ ဒါကတော့ ဝေးဝေးလံလံ မသွားပဲ ရပ်ကွက်ထဲက အပေါင်းအသင်းတွေနဲ့ ဆုံကြတာမျိုးမှာ ထိုင်ဖြစ်ကြချိန်မျိုးမှာ ရွေးချယ်တတ်ကြပါတယ်။
'ဘီယာနဲ့ အစားအသောက်' စုံလင်မှုနဲ့ အရသာရှိမှု၊ သန့်ရှင်းမှု၊ ပြင်ဆင်မှုတို့ကလည်း ဘားထိုင်သူတို့ရဲ့ ရွေးချယ်မှုမှာ တစ်ခုအပါအဝင်ပါပဲ။ ဘယ်လောက်ဝေးဝေး စားချင်တဲ့ အမြည်း / ဟင်းပွဲရတဲ့ဆိုင်ကို တကူးတက သွားထိုင်ကြသူ အစားတစ်လိုင်းတွေ ရှိကြတယ် မဟုတ်လား။ ဒီနေ့ခေတ်ဟာ သန့်ရှင်းသပ်ရပ်မှုကို အလေးထားလာကြလို့ သန့်သန့်ရှင်းရှင်း ပြင်ဆင်ထားတဲ့ ဆိုင်တွေဟာလည်း အမှတ်ပေးလာကြတဲ့အချက်ပါ။
ဒီဘက်ခေတ်ကာလမှာ ဘားတွေရဲ့ 'ဖျော်ဖြေရေး' ကလည်း လူငယ်တို့ရဲ့ ဆိုင်ရွေးချယ်မှုမှာ နေရာယူလာတာကို တွေ့ရပါတယ်။ မိမိနှစ်သက်တဲ့ အဆိုတော်၊ တီးဝိုင်း၊ DJ ရှိတဲ့ဆိုင်ကို ရွေးချယ်တာတွေ့ရသလို နာမည်ကြီးအဆိုတော်တွေရဲ့ ဖျော်ဖြေမှုရှိတဲ့ ညတွေမှာ ဆိုင်ကြီးတွေဟာ အင်မတန် စည်ကားပါတယ်။ ဘောလုံးဝါသနာရှင်တွေကတော့ ပရီးမီးယားလိဂ် ဘောလုံးပွဲတွေကို တိုက်ရိုက်ပြသပေးတဲ့ Bar တွေကို ရွေးကြပါတယ်။ ဒီလိုနေရာမျိုးတွေက စကားပြောရုံသက်သက်မဟုတ်ဘဲ အားအင်အပြည့်နဲ့ ပျော်ရွှင်မှုကို လိုချင်တဲ့ လူငယ်တွေရဲ့ ဦးစားပေး ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ 'ဆိုင်အပြင်အဆင်နဲ့ ခံစားမှု (Vibe)' ဟာ Social Media ခေတ်မှာ ပိုပြီး အရေးပါလာပါတယ်။ ရန်ကုန်မှာ Rooftop Bar တွေ၊ Art Gallery ပုံစံမျိုး Bar တွေ ခေတ်စားလာတာကို ကြည့်ရင် သိနိုင်ပါတယ်။ အပြင်အဆင် လှပတဲ့နေရာတွေမှာ ဓာတ်ပုံရိုက်ပြီး Social Media ပေါ်မှာ မျှဝေချင်ကြတဲ့အတွက် 'Eye-catching' ဖြစ်တဲ့ Bar တွေကို ရွေးချယ်လာကြပါတယ်။ ဒါဟာ အဆင့်အတန်းမြင့်တဲ့ ခံစားမှု (Luxury Vibe) ကို ပေးနိုင်တာကြောင့် အရေးပါတဲ့ စံနှုန်းတစ်ခု ဖြစ်လာပါတယ်။
ခြုံပြီးပြောရရင် ရန်ကုန်က လူငယ်တိုင်းဟာ 'လူမှုဆက်ဆံရေးနဲ့ ပျော်ရွှင်မှု' ကို အဓိကထားပါတယ်။ အဲဒီပျော်ရွှင်မှုကို ဖန်တီးဖို့အတွက် တစ်ဖွဲ့လုံး အဆင်ပြေစေမယ့် ဈေးနှုန်းနဲ့ နေရာ ကို အခြေခံပြီး၊ ပိုပြီး အရသာရှိတဲ့ည ဖြစ်ဖို့ အစားအသောက်နဲ့ ဖျော်ဖြေရေး ကို ထည့်သွင်းစဉ်းစားကာ၊ နောက်ဆုံးမှာ အမှတ်တရဖြစ်စေဖို့ လှပတဲ့ Vibe ရှိတဲ့ Bar တွေကို ရွေးချယ်တတ်ကြပါတယ်။ ဒါဟာ ရန်ကုန်လူငယ်တွေရဲ့ ခေတ်ပြောင်းလဲမှုနဲ့အတူ လိုက်လျောညီထွေဖြစ်တဲ့ ဘဝနေထိုင်မှုပုံစံ (Lifestyle) တစ်ရပ်ပဲ ဖြစ်ပါတယ်။
MY Yangon Guide ကနေ Bar ထိုင်တဲ့အခါ လူငယ်တို့ ဘာကို ဦးစားပေးရွေးချယ်ကြသလဲ ဆိုတာ ခေတ်နဲ့အညီ ရေးသားတင်ဆက်ပေးလိုက်ပါတယ်။ စာဖတ်သူအနေနဲ့ရော ... သင့်ရဲ့ သူငယ်ချင်းအဖွဲ့က Bar သို့မဟုတ် Beer Station တစ်ခုကို ရွေးချယ်တဲ့အခါမှာ 'Perfect Night Out' အတွက် ဘယ်အချက်ကို အဓိက ဦးစားပေး ရွေးဖြစ်ကြလဲ …
.
Read 66 times