Health & Beauty

လူသားမျိုးနွယ်ကို ကြောက်စရာကောင်းလောက်အောင် ဝါးမြိုဖျက်ဆီးခဲ့တဲ့ ကပ်ရောဂါဆိုးကြီးများ

World Pandemic Outbreaks

ကမ္ဘာပေါ်မှာ လက်ရှိဖြစ်ပွားနေတဲ့ ကပ်ရောဂါဆိုးကြီးကတော့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပါတယ်။ တကယ်တော့ ကိုဗစ်-၁၉ ရောဂါဟာ ကမ္ဘာပေါ်မှာ ပထမဆုံးဖြစ်ပွားခဲ့တဲ့ ကပ်ရောဂါတော့ မဟုတ်ပါဘူး။

ကမ္ဘာ့သမိုင်းတစ်လျှောက်ကို ပြန်ကြည့်မယ်ဆိုရင် ကိုဗစ်-၁၉ ထက် ဆိုးရွားစွာ ကူးစက်ပျံ့နှံ့ခဲ့ပြီး လူသားသန်းပေါင်းများစွာကို ဝါးမြိုဖျက်ဆီးခဲ့တဲ့ ကြောက်စရာအကောင်းဆုံး ကပ်ရောဂါကြီးတွေ ရှိနေပါတယ်။

ထိုကပ်ရောဂါကြီးတွေက ကမ္ဘာ့သမိုင်းတစ်လျှောက်သာမက ရှေးခေတ်မြန်မာ့မြေပေါ်မှ လူသားများကိုလည်း ချမ်းသာမပေးခဲ့ပါဘူး။

ဒါကြောင့် ကမ္ဘာ့သမိုင်းတစ်လျှောက် ဆိုးရွားစွာ ဖြစ်ပွားခဲ့သော ကြောက်စရာ ကပ်ရောဂါဆိုးကြီးများကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

အန်တိုနီ ပလိပ် (အေဒီ ၁၆၅ - အေဒီ ၁၈၀)

အန်တိုနီပလိပ်ကို ဂယ်လန်ပလိပ်ဆိုပြီး လူသိများကြပါတယ်။ ရောဂါပိုးကို သယ်ဆောင်လာသူတွေကတော့ အနောက်အာရှဒေသအနီး စစ်ပွဲတွေကနေ ပြန်လာတဲ့ ရောမစစ်သည်တွေမှာ ပါလာတာလို့ အများက သတ်မှတ်ကြပါတယ်။

ဒီရောဂါပိုးက ရောမအင်ပါယာတစ်ဝန်းမှာသာမက အာရှဒေသတစ်ဝန်းမှာလည်း ကူးစက်ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် စပိန်၊ အီဂျစ်၊ မြောက်အာဖရိကဒေသတို့အထိပါ ကူးစက်ပျံ့နှံ့ခဲ့တာပါ။

အန်တိုနီ ပလိပ်ကြောင့် တစ်ကမ္ဘာလုံးမှာ သေဆုံးသူစုစုပေါင်း ငါးသန်းအထိ ရှိခဲ့တယ်လို့ ခန့်မှန်းရပါတယ်။

ဒီပလိပ်ရောဂါရဲ့ သက်ရောက်မှုက ဘယ်လောက်အထိ ရိုက်ခတ်ခဲ့လည်းဆိုရင် ရောမဘုရင်တစ်ပါးဖြစ်တဲ့ လူစီးယပ်ဗီးရပ်ရဲ့ အသက်ကိုနှုတ်ယူပြီး တချို့နေရာတွေမှာရှိတဲ့ လူဦးရေ သုံးပုံတစ်ပုံရဲ့ အသက်ကို သေစေခဲ့တာမို့ ရောမစစ်တပ်ကြီးတစ်ခုလုံးကို ပျက်သုဉ်းသွားစေပါတယ်။

သေမင်းတမန် ပလိပ် (၁၃၄၇ - ၁၃၅၂)

သေမင်းတမန်ပလိပ်ဆိုတာက လူသားသမိုင်းမှာ လူသေဆုံးမှု အများဆုံးဖြစ်စေခဲ့တဲ့ ကပ်ရောဂါဖြစ်တဲ့အတွက် အလွန်နာမည်ကြီးပါတယ်။

သေမင်းတမန်ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူစုစုပေါင်း ၇၅ သန်းကနေ သန်း ၂၀၀ ကြားအထိ ရှိမယ်လို့ ခန့်မှန်းရပါတယ်။

ကူးစက်မှုစတင်တဲ့ နေရာကတော့ ဗဟိုအာရှ သို့မဟုတ် အရှေ့အာရှကနေ စတင်တာဖြစ်ပြီး ယူရေးရှားဒေသနဲ့ မြောက်အာဖရိကဒေသတို့ကို ဆက်လက်ကူးစက်သွားခဲ့တာ ဖြစ်ပါတယ်။

အဓိကကတော့ ကုန်သည်သင်္ဘောတွေအပေါ်မှာ ပါလာခဲ့တဲ့ ကြွက်မည်းတွေရဲ့ ခန္ဓာကိုယ်မှာ ယာဆီးနီးယားလို့ခေါ်တဲ့ ဗက်တီးရီးယားရှိရာကနေ ကူးစက်မှုကို စတင်ဖြစ်ပေါ်စေတာပါ။

ကာလဝမ်းရောဂါ (၁၈၁၇ - ၁၈၂၄)

ကမ္ဘာမှာ ကာလဝမ်းရောဂါရဲ့ ကပ်ရောဂါအသွင် ဖြစ်ပွားမှု အကြိမ်ပေါင်း (၇) ကြိမ် ရှိပါတယ်။ အဲဒီထဲကမှ ပထမဆုံးက အိန္ဒိယနိုင်ငံမှာ ဖြစ်တာပါ။

ရောဂါဖြစ်စေတဲ့ အကြောင်းရင်းက ကာလဝမ်းရောဂါပိုးပါဝင်တဲ့ အစားအစာကိုစားသုံးမိခြင်း သို့မဟုတ် ရေကိုသောက်သုံးမိခြင်း ကြောင့်ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ကပ်ရောဂါစတင်ဖြစ်ပွားတဲ့ ပထမတစ်နှစ်မှာတင် ၁ ဒသမ ၂၅ သန်း သေဆုံးခဲ့တယ်လို့ ခန့်မှန်းရပါတယ်။

ကာလဝမ်းကပ်ရောဂါဖြစ်ပွားတဲ့ ကာလတစ်လျှောက်လုံးဆိုရင် ကမ္ဘာ့လူသားပေါင်း ရှစ်သန်းကျော်အထိ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျောက်ကြီးရောဂါ (၁၈၇၀ - ၁၈၇၄)

ကျောက်ကြီးရောဂါက ကမ္ဘာ့တိုက်ကြီးတွေအားလုံးကို ပျံ့နှံ့သွားပြီး ကူးစက်ခံရသူ ၁၀ ယောက်မှာ သုံးယောက်ကို သေဆုံးစေပါတယ်။

မသေဘဲ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ကိုယ်ပေါ်မှာ အလွန်အကျည်းတန်တဲ့ အမာရွတ်တွေ ကျန်ခဲ့ပါတယ်။

၁၈၇၀ ပြည့်နှစ်ကာလမှာတော့ အလွန်ဆိုးဝါးတဲ့ ကပ်ရောဂါကြီးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ရောဂါစတင်တဲ့နေရာကတော့ ပြင်သစ်-ဂျာမနီစစ်ပွဲကာလ ဥရောပတိုက်မှာဖြစ်ပြီး တစ်ကမ္ဘာလုံးကိုပျံ့နှံ့သွားခဲ့ပါတယ်။ လူပေါင်းငါးသိန်းရဲ့ အသက်ကို နှုတ်ယူသွားတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

ကျောက်ကြီးရောဂါကြောင့် ကမ္ဘာ့ပထမဆုံး ကာကွယ်ဆေး ထွက်ပေါ်လာပါတယ်။ ကာကွယ်ဆေးကို ဖန်တီးခဲ့သူကတော့  အင်္ဂလိပ်ဆရာဝန်တစ်ဦးနဲ့ သိပ္ပံပညာရှင် အတ်ဒဝါ့ဂျန်းနာ ဖြစ်ပါတယ်။

ရုရှားတုပ်ကွေး (၁၈၈၉-၁၈၉၀)

ရုရှားတုပ်ကွေးဟာ ကမ္ဘာပေါ်မှာ ပထမဆုံးဖြစ်တဲ့ တုပ်ကွေးရောဂါ ဖြစ်ပါတယ်။

၁၈၈၉ ခုနှစ်မှာ ရုရှားနိုင်ငံ စိန့်ပီတာစဘာ့မြို့ကနေ စတင်ဖြစ်ပွားတဲ့ ရုရှားတုပ်ကွေးဟာ ဥရောပတစ်ခွင်ကို ပျံ့နှံ့သွားပြီး လွှမ်းမိုးမှုရှိတဲ့ ခေါင်းဆောင်တွေကိုတောင်မှ သေဆုံးသွားစေတာ ဖြစ်ပါတယ်။

လအနည်းငယ် အကြာမှာတော့ တစ်ကမ္ဘာလုံးနီးပါးကို ကူးစက်ပျံ့နှံ့သွားပါတော့တယ်။

ရုရှားတုပ်ကွေးကြောင့် သေဆုံးသူ အရေအတွက်ဟာ ခန့်မှန်းခြေအားဖြင့် အယောက် ၁ သန်း ရှိတယ်လို့ ဆိုပါတယ်။

စပိန်တုပ်ကွေး(၁၉၁၈-၁၉၁၉)

စပိန်တုပ်ကွေးဟာ သုံးကျော့တိတိ ဖြစ်ပွားခဲ့ပါတယ်။ ပထမအကျော့က ၁၉၁၈ ခုနှစ် နွေဦးရာသီမှာဖြစ်ပြီး ရောဂါအရမ်းမပြင်းထန်သေးပါဘူး။

ဒုတိယအကျော့ကတော့ ၁၉၁၈ ခုနှစ်ရဲ့ ဆောင်းရာသီမှာ ဖြစ်တာပါ။ ဒုတိယအကျော့မှာ ဘယ်လောက်ထိ လူသေဆုံးမှုနှုန်း မြန်ဆန်လဲဆိုရင် ရောဂါလက္ခဏာတွေပြပြီး နာရီပိုင်းအတွင်း ဒါမှမဟုတ် ရက်ပိုင်းအတွင်းမှာတင် သေဆုံးသွားရတာပါ။

တတိယအကျော့ကတော့ ၁၉၁၉ ခုနှစ်မှာ ဖြစ်ခဲ့ပြီး လူသေဆုံးမှုကို များစေခဲ့ပါတယ်။ ရောဂါစတင်ဖြစ်ပွားရာနေရာကတော့ အမေရိကန်နိုင်ငံဖြစ်ပြီး နောက်မှ အာရှ၊ ဥရောပနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကို ပျံ့နှံ့သွားတာပါ။

အဲဒီအချိန်တုန်းက စပိန်တုပ်ကွေးရောဂါ ကူးစက်မှုကို ကာကွယ်ဖို့အတွက် ထိရောက်တဲ့ဆေးဝါးမရှိသေးတာကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါလိုမျိုး လူတိုင်းနှာခေါင်းစည်းကို မဖြစ်မနေတပ်ခဲ့ရပါတယ်။

 ဟောင်ကောင်တုပ်ကွေး (၁၉၆၈-၁၉၆၉)

ဟောင်ကောင်တုပ်ကွေးကပ်ရောဂါကို ၁၉၆၈ ခုနှစ် တုပ်ကွေးကပ်ရောဂါလို့လည်း ခေါ်ပါတယ်။

ဖြစ်ပွားတဲ့အချိန်ကတော့ ၁၉၆၈ ခုနှစ်မှ ၁၉၆၉ ခုနှစ်အထိဖြစ်ပြီး သေဆုံးသူစုစုပေါင်း ၁ သန်းကနေ ၄ သန်းအထိ ရှိခဲ့ပါတယ်။

ဟောင်ကောင်တုပ်ကွေးကို ဖြစ်စေတဲ့ ဗိုင်းရပ်အမျိုးအစားက H3N2 ဗိုင်းရပ် ဖြစ်ပါတယ်။

စတင်ဖြစ်ပွားရာ နေရာကတော့ ဟောင်ကောင်တုပ်ကွေးဆိုတဲ့အတိုင်း ဟောင်ကောင်ကနေ စဖြစ်တာပါ။

အဲဒီနောက် သီတင်းပတ်နှစ်ပတ်အတွင်းမှာတင် ဟောင်ကောင်တုပ်ကွေးဟာ အရှေ့တောင်အာရှတစ်ဝန်းကိုသာမက ဥရောပနိုင်ငံတွေအထိပါ ပျံ့နှံ့သွားပါတယ်။

အေအိုင်ဒီအက်(စ်) (၁၉၈၁)

အေအိုင်ဒီအက်(စ်) ရောဂါဖြစ်ပွားသူ ပထမဆုံးတစ်ဦးကို ၁၉၈၁ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်ကနေစပြီး အေအိုင်ဒီအက်(စ်)ရောဂါကို ဖြစ်စေတဲ့ အိတ်(ချ်)အိုင်ဗီပိုးဟာ ကမ္ဘာအနှံ့ကို ကူးစက်ခဲ့တာပါ။

ဒီနေ့အချိန်အထိ လူပေါင်း ၆၅ သန်းကျော် ကူးစက်ခံထားရတယ်လို့ အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သေဆုံးမှုနှုန်းကတော့ တကယ်ကို ကြောက်စရာကောင်းလောက်အောင် တစ်နှစ်ကို ပျမ်းမျှအယောက် ၁ သန်းနီးပါး ရှိတယ်လို့ ဆိုပါတယ်။

၁၉၈၁ ခုနှစ်ကနေ ဒီနေ့အထိ ကူးစက်ဖြစ်ပွားနေဆဲဖြစ်တဲ့ အေအိုင်ဒီအက်(စ်)ရောဂါကို အရှင်းပျောက်ကင်းအောင် ကုသပေးနိုင်မယ့် ဆေးမပေါ်သေးပါဘူး။

ဒါပေမဲ့ ကူးစက်ခံထားရတဲ့ ဗိုင်းရပ်ကို အတိုင်းအတာတစ်ခုအထိ  ထိန်းချုပ်ထားနိုင်တဲ့ ဆေးဝါးတွေတော့ ထွက်ပေါ်နေပါပြီ။

မြန်မာနိုင်ငံမှာလည်း ထိုခေတ်ထိုအခါက အလားတူ ကပ်ရောဂါဆိုးကြီးတွေဖြစ်တဲ့ ကျောက်၊ ပလိပ်၊ ကာလဝမ်း၊ ဝက်သက်စတဲ့ ကူးစက်ရောဂါတွေအပြင် တီဗီ၊ ငှက်ဖျား၊ ကာလသား စတဲ့ ရောဂါဆိုးတွေ ပျံနှံ့ဖြစ်ပွားလျက်ရှိပါတယ်။

⇐ Previous Next

Read 228 times