Food & Drink

အရသာမှာ လျှာလည်သွားမယ့် ရန်ကုန်မြို့က နာမည်ကြီး Street Food ဆိုင် (၁၀) ဆိုင်

10 Best Street Food Stalls In Yangon

စားသောက်ဆိုင်တွေမှာ ဟိတ်ကြီးဟန်ကြီးနဲ့ ထိုင်စားရတာထက် လမ်းဘေးဆိုင်မှာ လွတ်လွတ်လပ်လပ် အားရပါးရ စားရတာကို နှစ်သက်ခုံမင်တဲ့သူတွေအတွက် အရသာလည်းရှိ တန်လည်းတန်တဲ့ ရန်ကုန်မြို့က မစားမဖြစ် သွားစားသင့်တဲ့ Street Food ဆိုင် (၁၀) ဆိုင်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ၉ လမ်း မြိတ်ကတ်ကြေးကိုက်

၁၉၉၈ ခုနှစ်မှာ စတင်ဖွင့်လှစ်ပြီး အခုဆိုရင် ဖွင့်တာ နှစ်ပေါင်း ၂၀ ကျော် သက်တမ်းရှိပြီ ဖြစ်ပါတယ်။ မြိတ်ကက်ကြေးကိုက်ကို ချဉ်စပ်၊ ရိုးရိုး အစပ်၊ အချို စတဲ့ အရသာသုံးမျိုး သုံးဆောင်နိုင်ပြီး  ကြက်၊ ဝက်၊ ပင်လယ်စာ စသဖြင့် နှစ်သက်ရာ မှာနိုင်ပါတယ်။ မြိတ်ကတ်ကြေးကိုက်အပြင် ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ထမင်းပေါင်းတို့ကိုလည်း မှာယူစားသုံးနိုင်ပါတယ်။

၂။ မူလလက်ဟောင်း လမ်း ၂၀ ဂဏန်းကော်ကြော် 

တရုတ်တန်းကို သွားနေကျဆိုရင် ဒီဆိုင်လေးကိုတော့ သိလောက်ပါတယ်။ နာမည်ကြီးပြီး ဖွင့်တာလည်း နှစ်ပေါင်း ၅၀ ကျော်တောင်ရှိပြီ ဖြစ်ပါတယ်။ အခုဆိုရင် လမ်း (၂၀) ကနေ (၂၂) လမ်းနှင့် မဟာဗန္ဓုလလမ်းထိပ်မှာ ပြောင်းရွေ့ဖွင့်လှစ်ထားပါတယ်။

၃။ ကျောက်မြောင်း နိဂြောဓ ပုဇွန်ခွက်ကြော်

ဒီဆိုင်ရဲ့ ပုဇွန်ခွက်ကြော်က တခြားဆိုင်တွေနဲ့ မတူ ထူးခြားတာက ပုဇွန်ခွက်ကြော်ထဲ ထည့်ကြော်တဲ့ ပဲပင်ပေါက်ကို ကိုယ်တိုင်ဖောက်ထားတာဖြစ်လို့ လတ်လတ်ဆတ်ဆတ်နဲ့ အရသာရှိပါတယ်။ ပဲပင်ပေါက်ကို ပုဇွန်၊ မုန့်နှစ်နဲ့ ရောပြီး ကြော်ထားတဲ့ ပုဇွန်ခွက်ကြော်ဖြစ်လို့ အရသာတမူ ထူးခြားပါတယ်။

၄။ ရွှေမျက်မှန်ထမင်းပေါင်း 

ရွှေမျက်မှန်ထမင်းပေါင်းကို နှင်းပုလဲထမင်းပေါင်းလို့လည်း ခေါ်ကြပါတယ်။ (၂၇) လမ်း၊ အောက်ဘလောက်မှာ ဖွင့်ထားတာဖြစ်ပြီး ဒီဆိုင်ရဲ့ အသက်ကတော့ ထမင်းပေါင်းပေါ်မှာ စမ်းပေးတဲ့ ကြက်သွန်ဟင်းအနှစ်နဲ့ ငရုတ်သီးဆားထောင်း ဖြစ်ပါတယ်။

၅။ ဒေါ်ယုံ ကြာဇံချက်

ကြာဇံချက်ကို ကြက်ရိုးနဲ့ ချက်ထားပြီး အရသာက လေးလေးပင်ပင် ရှိတာကြောင့် ကြာဇံချက် ကြိုက်သူတွေနဲ့ တခြား အပူအစပ် စားသူတွေဆို ဒီဆိုင်လေးမှာ သွားစားသင့်ပါတယ်။ ကြာဇံချက်ကို လိုက်ဖက်တဲ့ အတွဲအစပ်အဖြစ် စားသုံးဖို့ ချဉ်ချဉ်စပ်စပ် ရှောက်သီးသုပ်ကိုလည်း ရောင်းချပေးပါတယ်။

     Advertisement

Click Here > United

၆။ လသာလမ်း ကြေးအိုး

ရန်ကုန်မြို့၊ လသာလမ်းမ အပေါ်ဘလောက်၊ ကမ္ဘောဇဘဏ်ရှေ့မှာ ညနေ ၄ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်ပါတယ်။ မြူစွမ်ကြေးအိုး၊ ကြာဇံကြေးအိုး၊ ကြေးအိုးဆီချက် တို့ကိုသာ ရောင်းချပါတယ်။

သူ့ရဲ့ ကြေးအိုးဟာ တခြားကြေးအိုး အရသာတွေနဲ့ မတူတာကတော့ ဆေးသကြား အသုံးမပြုထားဘူး။ အချိုမှုန့် မပါစေလိုရင် မထည့်ဘဲ စားသုံးသူများ ရှေ့တွင်ပင် ချက်ပြုတ်ပေးပါတယ်။

၇။ ဒေါ်ယဉ်ကျေး ဟင်းနုနွယ် ဆီချက်ခေါက်ဆွဲ

ဟင်းနုနွယ် ဆီချက်ခေါက်ဆွဲဆိုတာက အင်းထဲက ပဒုမ္မာကြာဖက်နဲ့ ထုပ်ပိုးထားတဲ့ ညောင်ရွှေ ရိုးရာ အစားအစာဖြစ်ပါတယ်။ ကြားဖက်နံ့ သင်းနေပြီး ဟင်းနုနွယ်ရွက်နဲ့ လုပ်ထားတဲ့ ခေါက်ဆွဲသား အိအိ​လေးဆိုတော့ ​​​​​​​အနံ့အရသာနဲ့ ပြည့်စုံပြီး ကျန်းမာ​ရေးနဲ့လည်း ညီညွတ်ပါတယ်။

၈။ ဒေါ်ချွန်း ကော်ပြန့်စိမ်း

ဒီဆိုင်မှာ လာရောက်စားသုံးသူတွေကို ဆွဲဆောင်နိုင်တာကတော့ အရသာအပြင် အစားအစာ နာမည်တွေ ဖြစ်ပါတယ်။ ဂဏန်းကော်ပြန့်ကို သင်္ချာကော်ပြန့်၊ ကြက်သားကော်ပြန့်ကို ကတော်ကော်ပြန့်၊ လက်ဘက်ရည်ကို အီကွေတာ စသဖြင့် အပျော်အနေနဲ့ ပေးထားတဲ့ နာမည်ပြောင်တွေက စားသုံးသူတွေကို ဆွဲဆောင်ထားပါတယ်။

၉။ ကောင်းမှကောင်း ဘူးသီးကြော်

ဘူးသီး နုနုဖတ်ဖတ်လေးတွေကို မုန့်နှစ်ကောင်းကောင်း၊ ဆီသန့်သန့်လေးနဲ့ ကြော်ထားပါတယ်။ ဒီဆိုင်ရဲ့ အသက်က ဘူးသီးကြော်နဲ့ တို့စားတဲ့ အချဉ်ဖြစ်ပါတယ်။ တစ်မြို့လုံး ပတ်ရှာမယ်ဆိုရင်တောင် ဒီအချဉ်နဲ့ တူတဲ့ အချဉ် တွေ့မှာမဟုတ်ပါဘူး။ နောက်ပြီး ပိုးပေါက်၊ အနာမပါတဲ့ ဆလပ်ရွက် စိမ်းစိမ်းစိုစိုလေးတွေကိုလည်း ထားပေးထားပါတယ်။

၁၀။ တောသုပ်

တောသုပ်ဆိုင်မှာတော့ ကိုယ်ကြိုက်တဲ့ ရာသီပေါ် အသီးတွေကို စိတ်ကြိုက်ရွေးပြီး စပ်စပ်လေး သုပ်ခိုင်းလို့ရပါတယ်။ ဒီဆိုင်ရဲ့ အသက်ကတော့ အသုပ်ထဲ ထည့်တဲ့ ငပိပါ။ ခံတွင်းရှင်းပြီး နေခင်းဘက် အပျင်းပြေ ချဉ်ငံစပ်လေး စားချင်ရင်တော့ တက္ကသိုလ်ရိပ်သာလမ်း YUFL ရှေ့မှာ တစ်ဆိုင်၊ ရန်ကင်းမှာ တစ်ဆိုင်ရှိလို့ သွားစားနိုင်ပါတယ်။

⇐ Previous Next

Read 2172 times