Food & Drink

မြန်မာခံတွင်းနဲ့ အကြိုက်တွေ့စေမယ့် အသုပ်သုပ်နည်း (၁၀) မျိုး

10 Easy Recipes

တစ်နေ့တစ်နေ့ ဆီပြန်ဟင်းတွေချည်း စားနေရတာ ငြီးငွေ့နေတဲ့သူတွေအတွက် အပြောင်းအလဲလေးဖြစ်အောင် အိမ်မှာ အလွယ်တကူ လုပ်စားနိုင်တဲ့အပြင် ထမင်းမြိန်ပြီး ခံတွင်းတွေ့စေမယ့် အသုပ်သုပ်နည်း (၁၀) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ 

(၁) သခွပ်ပွင့်သုပ်

ပါဝင်ပစ္စည်းများ 

-------------

၁။ သခွပ်ပွင့်အခြောက်

၂။ ပဲကြာဆံ

၃။ ပုဇွန်ခြောက်မှုန့်

၄။ ငံပြာရည်

၅။ ကြက်သားမှုန့်

၆။ မြေပဲမှုန့်

၇။ ပဲမှုန့်

၈။ ဆီချက်

၉။ မျှင်ငါးပိ

၁၀။ နှမ်းနက်

၁၁။ ပဲသီး

၁၂။ ကြက်သွန်နီ

၁၃။ သံပရာသီး 

ပြုလုပ်နည်း

----------

ပထမဦးဆုံး သခွပ်ပွင့်ခြောက်ကို ပြုတ်ထားပါ။ ဆယ်မိနစ်ခန့်ကြာရင် ဆယ်ထားပါ။ ပြီးလျှင် ပဲကြာဆံကို ရေနွေးဖျောပြီး ဆယ်ထားပါ။ ပြီးလျှင် ပဲသီးကို ရေနွေးဖျောပြီး ပြန်ဆယ်ထားပါ။ ပြီးနောက် သခွပ်ပွင့်၊ ပဲကြာဆံ၊ ပဲသီးတို့ကို အနေတော်လှီးဖြတ်ပါ။ ပြီးလျှင် ဇလုံတစ်ခုထဲ ထည့်ပြီး ကြက်သွန်နီတစ်လုံး ပါးပါးလှီးထည့်ပါ။ မျှင်ငပိကို အရည်ကျိုပြီး ထည့်ပါ။ ပြီးရင်တော့ ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်၊ ကြက်သားမှုန့်၊့ ငံပြာရည်၊ နှမ်းနက်၊ မြေပဲမှုန့်၊ သံပရာသီး ညှစ်ထည့်ကာ ဆီချက်နဲ့ နယ်ပါ။ ပြီးရင်တော့ အရသာရှိတဲ့ သခွပ်ပွင့်သုပ်လေးကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါပြီ။

(၂) ပြောင်းဖူးသုပ်

ပါဝင်ပစ္စည်းများ

---------------

၁။ ပြောင်းဖူးပြုတ်

၂။ ကြက်သွန်နီ 

၃။ ခရမ်းချဉ်သီး 

၄။ မုန်လာဥနီ 

၅။ ငရုတ်သီးစိမ်း 

၆။ သံပုရာသီး

၇။ မြေပဲ 

၈။ ပဲမှုန့်

၉။ ဆား‌

၁၀။ အသားမှုန့် 

ပြုလုပ်နည်း

-----------

ပြောင်းဖူးပြုတ်ကို အစေ့လိုက် ခြွေပါ။ ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးကာ ရေစစ်ထားလိုက်ပါ။ ခရမ်းချဉ်သီးလေးတွေကို ပါးပါးလှီးပါ။ မုန်လာဥနီကို အခွံခွာ ရေဆေးပြီး သေးသေးနုပ်နုပ်လေးများ ပြုလုပ်ထားပါ။ ငရုတ်သီးစိမ်းကိုလည်း ရေဆေးပြီး ပါးပါးလှီးပါ။ မြေပဲလေးတွေ ထောင်းပြီး ဖယ်ထားပါ။ ပြောင်းဖူးသုပ်ဖို့ အားလုံးအသင့်ဖြစ်ပြီမို့ ပြင်ဆင်ထားသည်များကို ဇလုံကြီးကြီး တစ်လုံးထဲမှာ ပေါင်းထည့်ပြီး ဆီ၊ ဆား၊ အသားမှုန့်နဲ့ သံပုရာရည်ပါ ညှစ်ထည့်ပြီး အားလုံးကို နှံ့အောင် ရောနယ်လိုက်ပါ။ အရသာအနေတော်ရင် အသင့်စားသုံးလို့ရတဲ့ ပြောင်းဖူးသုပ် ရပါပြီ။

(၃) သခွားသီးရခိုင်သုပ်

ပါဝင်ပစ္စည်းများ

--------------

၁။ သခွားသီး 

၂။ ကြက်သွန်နီ

၃။ ငရုတ်သီ‌

၄။ ကြက်သွန်ဖြူ

၅။ သံပုရာသီး 

၆။ ရခိုင်ငါးပိ

၇။ ပုစွန်ခြောက်မှုန့်

၈။ ငါးငံပြာရည် 

၉။ အချိုမှုန့် 

ပြုလုပ်နည်း

------------

သခွားသီးကို ဂျစ်နဲ့ ခြစ်ပြီး ရေခဲရေနဲ့ စိမ်ထားပါ။ ကြက်သွန်နီ ပါးပါးလှီးထားတာရယ်၊ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ငါးပိတို့ကို ဒယ်အိုးထဲ ထည့်ပြီး လှော်ပါ။ လှော်ပြီးရင် ထောင်းထားပါ။ ဇလုံထဲမှာ သခွားသီးနဲ့ ကြက်သွန်နီ ပါးပါးလှီးထည့်ပြီး ထောင်းထားတာတွေကိုလည်း ထည့်ပါ။ ပုစွန်ခြောက်မှုန့်ထည့်ပြီး ငါးငံပြာရည်နဲ့ အချိုမှုန့်၊ သံပုရာသီး ညှစ်ထည့်ပြီး နယ်ပါ။ အပေါ့အငန် မြည်းကြည့်ပြီး အသင့်စားသုံးနိုင်တဲ့ သခွားသီးရခိုင်သုပ်လေးကို သုံးဆောင်လို့ ရပါပြီ။

(၄) မန်ကျည်းရွက်သုပ်

ပါဝင်ပစ္စည်းများ

-------------

၁။ မန်ကျည်းရွက်

၂။ ကြက်သွန်နီ 

၃။ ငရုတ်သီးစိမ်း 

၄။ ပုစွန်ခြောက်မှုန့် 

၅။ မြေပဲထောင်း 

ပြုလုပ်နည်း

----------

မန်ကျည်းရွက်တွေကို အညှာဖယ်ထုတ်၊ ရင့်တဲ့အရွက်တွေကို ဖယ်ထုတ်ပြီး ရေဆေးစစ်ထားပါ။ ကြက်သွန်နီကိုလည်း ပါးပါးလှီး ရေဆေးပြီး စစ်ထားပါ။ ငရုတ်သီးစိမ်းကိုလည်း ပါးပါးလှီးပါ။ မြေပဲလှော်နဲ့ ပုစွန်ခြောက်တို့ကို ရောထောင်းပေးပါ။ ပြီးရင် ဇလုံတစ်ခုအတွင်းမှာ ပါဝင်ပစ္စည်းအားလုံးကို ဆား၊ အရသာမှုန့်ထည့်ပြီး နှမ်းဆီမွှေးလေး လောင်းကာ ဖွဖွလေး နယ်ပေးပြီးရင်တော့ မန်ကျည်းရွက်သုပ်လေး သုံးဆောင်လို့ ရပါပြီ။

(၅) ငါးဖယ်သုပ်

ပါ၀င်ပစ္စည်းများ

-------------

၁။ ငါးဖယ်ခြစ် 

၂။ ကြက်ဥ 

၃။ ကြက်သွန်နီ

၄။ ကြက်သွန်ဖြူ 

၅။ ငရုတ်သီးစိမ်း

၆။ သံပုရာသီး 

၇။ နံနံပင် (သို့) ရှောက်ရွက်

ပြုလုပ်နည်း

---------

ငါးဖယ်သုပ်ရန် အရင်ဆုံး ငါးဖယ်ကြော်ရပါမယ်။ ငါးဖယ်ခြစ်ကို ဇလုံတစ်ခုအတွင်းသို့ ထည့်ပါ။ ကြက်ဥရဲ့ အကာရည်လေး လောင်းထည့်ပါ။ ငါးငံပြာရည်၊ ဟင်းခတ်မှုန့်၊ အရောင်တင်မှုန့်၊ နနွင်းမှုန့် အနည်းငယ်စီ ထည့်ကာ စေးထန်းနေအောင် နယ်ပါ။ ဆီကို အပူပေးပြီး ငါးဖယ်တွေကို မိမိစိတ်ကြိုက်ပုံစံ ပြုလုပ်၍ ကြော်ကာ ဆီစစ် အအေးခံထားပါ။ 

ဒီအချိန်အတွင်းမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင် (သို့) ရှောက်ရွက်တို့ကို ပါးပါးလှီးပါ။ ငါးဖယ်ကြော်ကိုလည်း သင့်တော်တဲ့အရွယ် ပါးပါးလှီးပြီး ပါဝင်ပစ္စည်း အားလုံးရောကာ ပဲဆီမွှေး၊ ငါးငံပြာရည်၊ ဟင်းခတ်မှုန့်ထည့်၊ သံပုရာသီးညှစ် ခပ်ဖွဖွလေး နယ်ပေးပြီးရင်တော့ ငါးဖယ်သုပ် မွှေးမွှေးလေး ရပါပြီ။

Advertisement

Click Here > CAG Engineering

(၆) မြင်းခွာရွက်သုပ်

ပါဝင်ပစ္စည်းများ

-------------

၁။ ကြက်သွန်ဖြူ 

၂။ ကြက်သွန်နီ 

၃။ ငရုတ်သီးစိမ်း 

၄။ သံပုရာသီး

၅။ ပုဇွန်ခြောက် 

၆။ ခရမ်းချဉ်သီး 

၇။ မြေပဲထောင်း 

၈။ ဆား 

၉။ ဟင်းချိုမှုန့် 

၁၀။ မြင်းခွာရွက်

ပြုလုပ်နည်း

---------

မြင်းခွာရွက်ကို ရေစင်အောင်ဆေးပါ။ ပြီးလျှင် ကတ်ကြေးနဲ့ ညှပ်ပြီး အသင့်ပြင်ထားတဲ့ မြင်းခွာရွက်တွေကို ဆား၊ ဟင်းချိုမှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ပုဇွန်ခြောက်၊ သံပုရာရည်၊ မြေပဲလှော်ထောင်းတို့ကို ထည့်ပြီး နယ်ပေးပြီးရင်တော့ လတ်လတ်ဆတ်ဆတ်နဲ့ စားချင်စဖွယ် မြင်းခွာရွက်သုပ်လေးကို သုံးဆောင်လို့ ရပါပြီ။

(၇) အပ်မှိုချဉ်ငံစပ်သုပ်

ပါ၀င်ပစ္စည်းများ

--------------

၁။ အပ်မှို 

၂။ ခရမ်းချဉ်သီး 

၃။ ကြက်သွန်နီ

၄။ ငါးပိထောင်း

၅။ အသားမှုန့်

၇။ ဆား 

၈။ သံပုရာသီး

၉။ မြေပဲလှော်

ပြုလုပ်နည်း

-----------

အပ်မှိုတွေကို ပေါင်းလိုက်တာပဲဖြစ်ဖြစ်၊ ရေနွေးဖြောလိုက်တာပဲဖြစ်ဖြစ် အိအိလေးဖြစ်အောင် အရင်လုပ်ထားပါ။ ကြက်သွန်ဖြူကို ဆီချက် ချက်ထားပါ။ သခွားသီးကို ခြစ်ထားပြီး မြေပဲလှော် ထောင်းထားပါ။ ခရမ်းချဉ်သီးနဲ့ ကြက်သွန်နီကို ပါးပါးလှီးထားပေးပါ။ ကြက်သွန်ဖြူကို နုတ်နုတ်စင်းထားပေးပါ။ ဇလုံထဲ အသင့်ပြင်ထားတာတွေ ရောထည့်ပြီး ဆား၊ အရသာမှုန့်နဲ့ သံပုရာသီးညှစ်ထည့်ပြီးရင် အပ်မှိုချဉ်ငံစပ်သုပ်လေး ရပါပြီ။

(၈) ပြည်ကြီးငါးသုပ်

ပါဝင်ပစ္စည်းများ

-------------

၁။ ပြည်ကြီးငါး 

၂။ ခရမ်းချဉ်သီး

၃။ ကြက်သွန်နီ 

၄။ သံပုရာသီး 

၅။ ငရုတ်သီးစိမ်း 

၆။ နံနံပင် 

၇။ ကြက်သွန်ဖြူ 

၈။ ငံပြာရည် 

၉။ သကြား (သို့) ကြက်သားမှုန့်

ပြုလုပ်နည်း

----------

အရင်ဆုံး ပြည်ကြီးငါးကို အညှိအချွဲများ သန့်စင်ပေးပါ။ ပြီးမှ ပြည်ကြီးငါးကို ဓားဖြင့် ကြက်ခြေခတ်ပုံလေးများ မွှန်းပေးပါ။ ပြည်ကြီးငါးကို အနံ့ပျောက်အောင် ရေပွက်ပွက်ဆူနေတဲ့ ဒယ်အိုးထဲမှာ ဂျင်း၊ ရှာလကာရည်(စားပွဲတင်ဇွန်း ၁ဇွန်း) တို့နဲ့ ရောပြုတ်ပါ။ ပြီးရင် သင့်တော်တဲ့အရွယ် ပါးပါးလှီးထားပါ။ ပြီးရင် ပန်းကန်ထဲမှာ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ ငံပြာရည်၊ သကြား၊ သံပုရာသီး၊ ပြည်ကြီးငါး ရောနယ်ပြီး အရသာ စိတ်ကြိုက်ပြင်ပြီး အသင့်စားသုံးနိုင်ပါပြီ။

(၉) ဆေးဘဲဥသုပ်

ပါဝင်ပစ္စည်းများ

-------------

၁။ ဆေးဘဲဥ 

၂။ ကြက်သွန်နီ 

၃။ ခရမ်းချဉ်သီး

၄။ မုန်လာဥနီ

၅။ ဂေါ်ဖီထုပ်

၆။ ငရုတ်သီးစိမ်း 

၇။ သံပုရာသီး

၈။ ငရုတ်သီးဆီချက် 

၉။ ငရုတ်ဆော့စ်

၁၀။ နှမ်းလှော် 

၁၁။ နံနံပင်

၆။ ဆား

၇။ သကြား (သို့) ကြက်သားမှုန့် 

၈။ သံပုရာသီး

ပြုလုပ်နည်း

----------

ကြက်သွန်နီ၊ မုန်လာဥနီ၊ ဂေါ်ဖီထုပ်တို့ကို ပါးပါးလှီးပြီး ရေစိမ်ထားပါ။ ဇလုံအသေးတစ်ခုထဲမှာ ငရုတ်သီးစိမ်း ပါးပါးလှီး၊ ငရုတ်ဆီချက်၊ ငရုတ်ဆော့စ်၊ သကြား၊ ဟင်းခတ်မှုန့်၊ ဆားတို့ကို ထည့်ပြီး သံပုရာရည်ညှစ်ကာ ဆော့စ်ရည် ဖျော်ထားပါ။ ခရမ်းချဉ်သီးကို အဝိုင်းလိုက် ပါးပါးလှီးပြီး ပြင်ဆင်မယ့် ပန်းကန်ပတ်လည်မှာ စီခင်းပါ။ 

ရေစိမ်ထားတဲ့ ကြက်သွန်နီ၊ ဂေါ်ဖီအရောကို ရေစင်အောင်ညှစ်ပြီး ခရမ်းချဉ်သီးအတွင်းပိုင်းမှာ ဖြန့်ခင်းပါ။ ဆေးဘဲဥတွေကို အခွံခွာပြီး ၁ လုံးကို ၆ စိတ်လောက် လှီးပြီး ထည့်ပါ။ ဖျော်စပ်ထားတဲ့ ချဉ်ငံစပ်အရည်ကို ဆေးဘဲဥအပေါ်သို့ နှံ့အောင် လောင်းထည့်ပါ။ နှမ်းလှော်လေးဖြူးပြီး နံနံပင်လေး အုပ်ပြီးပြီဆိုရင်တော့ အသင့်စားသုံးလို့ ရပါပြီ။ 

(၁၀) ကျောက်ပွင့်သုပ်

ပါဝင်ပစ္စည်းများ

--------------

၁။ ကျောက်ပွင့်

၂။ ခရမ်းချဉ်သီး 

၃။ ကြက်သွန်နီ 

၄။ ကြက်သွန်ဖြူ ဆီချက် 

၅။ မြေပဲ 

၆။ ပုဇွန်ခြာက်

၇။ သံပရာသီး 

၈။ ငရုတ်သီးစိမ်း

၉။ ဆား

၁၀။ ကြက်သားမှုန့် 

၁၁။ ငံပြာရည် 

၁၂။ နံနံပင် 

၁၃။ ကြက်သွန်မြိတ် 

၁၄။ နှမ်း 

ပြုလုပ်နည်း

----------

ကျောက်ပွင့်ကို ရေစိမ်ပြီး သင့်တော်တဲ့ အရွယ်လေးများဖြစ်အောင် ကတ်ကြေးဖြင့် ညှပ်ထားပေးပါ။ ခရမ်းချဉ်သီးကို အစေ့ထုတ်ပြီး အရှည်ပါးပါးလှီးပါ။ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးထားပါ။ မြေပဲကို မညက်တညက် ထောင်းထားပြီး ပုစွန်ခြောက်ကိုတော့ ညက်ညက်လေး ထောင်းထားပါ။ ဇလုံတစ်ခုထဲမှာ ကျောက်ပွင့်၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ ဆီချက်၊ မြေပဲ၊ ပုဇွန်ခြောက်မှုန့်၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ငရုတ်သီးစိမ်းတို့ကို သမအောင် ရောနယ်လိုက်ပါ။ ပြီးရင် အရသာအတွက် ဆား၊ ကြက်သားမှုန့်၊ ငံပြာရည်၊ သံပရာသီး ညှစ်ထည့်ပေးပြီး ထပ်နယ်ပေးပါ။ အရသာ အပေါ့အငန်အနေတော်ရင် အပေါ်မှာ နှမ်းလေး ဖြူးပြီး ကျောက်ပွင့်သုပ်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Source: Cook And Share

⇐ Previous Next

Read 1362 times