Food & Drink

ဆိုင်အပြင်အဆင် ထူးခြားသည့် ရန်ကုန်မြို့က စားသောက်ဆိုင် (၁၀) ဆိုင်

10 Scenic Restaurants In Yangon

Food Delivery တွေ ပေါလာတဲ့ ဒီခေတ်မှာ အစားအသောက်တွေကို ဆိုင်ထိုင်စားစရာမလိုဘဲ ဖုန်းလေးတစ်ချက်ဆက်ရုံနဲ့ အလွယ်တကူ မှာစားလို့ရနေပြီ ဆိုပေမယ့် ဒီတစ်ခေါက် ပြောပြပေးသွားမယ့် ဆိုင်တွေကတော့ ဆိုင်မှာ သွားစားမှသာ ပိုအရသာရှိပြီး ပြည့်စုံနိုင်မယ့် အနေအထားမျိုးပါ။ ဘာကြောင့်လဲဆိုရင် ဆိုင်အပြင်အဆင်က ထူးခြားပြီး လှပလွန်းလို့ မိသားစုနဲ့ဖြစ်ဖြစ်၊ ဘော်ဒါတွေနဲ့ဖြစ်ဖြစ်၊ ချစ်သူနဲ့ဖြစ်ဖြစ် အမှတ်တရကောင်းတွေ ဖန်တီးဖို့ အကောင်းဆုံး စားသောက်ဆိုင်တွေဖြစ်ပါတယ်။

(၁) Sanctuary Ananda

သင်္ဘောကြီးပေါ်မှာ Fine Dining သဘော သုံးဆောင်ရတဲ့ အတွေ့အကြုံကို လိုချင်ရင်တော့ Sanctuary Ananda မှာ ရနိုင်ပါတယ်။ ရန်ကုန်မြို့ရဲ့ အထင်ကရ ဗိုလ်တထောင်ဆိပ်ကမ်းရဲ့ ရေပြင်ပေါ်မှာ ဆိုက်ကပ်ထားတာဖြစ်လို့ Downtown ဖြစ်ပေမယ့် ဆိတ်ငြိမ်တဲ့ နေရာလေးပါပဲ။ သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ Menu အသစ်ပြောင်းတဲ့အတွက် အပတ်တိုင်း အရသာအသစ်အသစ်တွေကို ခံစားနိုင်ပါတယ်။

လိပ်စာ - တံတားအမှတ် ၁၊ ဗိုလ်တထောင်ဆိပ်ကမ်း၊ ရန်ကုန်

ဖုန်း - 09 254 999 126

(၂) Zwe Htar Ni

ဒီဆိုင်လေးကတော့ ကျေးလက်ဆန်ပြီး ကြာကန်လေးလည်း ရှိပါတယ်။ ရှမ်းစာနဲ့ ကျေးလက်အစားအသောက်တွေအပြင် ထန်းရည်လည်းရတယ်။ ခုံနဲ့ ထိုင်လို့ရသလို သစ်ပင်အောက်မှာ ခင်းပေးထားတဲ့ ကွပ်ပျစ်နဲ့ ဖျာပေါ်မှာလည်း ထိုင်လို့ရပါတယ်။

လိပ်စာ - အမှတ် ၃၅၊ ဝိဇ္ဇာလမ်း၊ ၉မိုင်၊ မရမ်းကုန်း၊ ရန်ကုန်

ဖုန်း - 09 4260 444 22

(၃) Tom Yam Koong

ဒီထိုင်းစားသောက်ဆိုင်လေးက ကန်တော်ကြီးပတ်လမ်းအနားမှာရှိတော့ ဆိုင်ထိုင်ရင်း ကန်တော်ကြီးရဲ့အလှအပတွေကို မြင်နိုင်တယ်။ မနက်စောစောနဲ့ ညနေခင်းကတော့ ထိုင်လို့အကောင်းဆုံးပါပဲ။ ထိုင်းစာတွေအပြင် မနက်ဘက်ဆို မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲတို့လို မနက်စာအစုံရသည်။

လိပ်စာ - အမှတ် ၄၄ (ခ)၊ နတ်မောက်လမ်း၊ ဗဟန်း၊ ရန်ကုန်

ဖုန်း - 09 977 222 049

(၄) The Round House Royal Kandawgyi

The Round House မှာ မနက်စာ တော်တော်စုံပြီး နေ့လယ်စာနဲ့ ညစာအတွက် မီနူးသက်သက်ရှိတယ်။ ဆိုင်အတွင်းဘက်မှာ ပြင်ဆင်ထားတာတွေကလည်း မြန်မာဆန်ဆန်နဲ့ ကျက်သရေရှိပါတယ်။

လိပ်စာ - ကန်တော်ကြီး၊ မျက်စိအထူးကုဆေးရုံ မျက်နှာချင်းဆိုင်၊ နတ်မောက်လမ်း၊ ရန်ကုန်

ဖုန်း - 09 45311 7746

(၅) White Swan

ဆိုင်နာမည်အတိုင်းပဲ အဖြူရောင် ရှေးအဆောက်အအုံကြီးဟာ အင်းယားကန် နံဘေးမှာ ခန့်ညားစွာ တည်ရှိနေပါတယ်။ ဆိုင်ဝရံတာမှာ အင်းယားကန်ကြီးကို ငေးရင်း မနက်စာစားမလား၊ ခြံဝင်းထဲက ပေါင်းမိုးအိမ်လေးတွေထဲမှာ ညနေစာစားမလား စိတ်ကြိုက်ရွေးချယ်နိုင်သည်။ မြန်မာအစားအစာအပြင် ဥရောပ အစားအသောက်တွေလည်း ရပါတယ်။

လိပ်စာ - အမှတ် ၅၊ ဦးထွန်းငြိမ်းလမ်း၊ ၁၀ရပ်ကွက်၊ မရမ်းကုန်း၊ ရန်ကုန်

ဖုန်း - 09 799 368488

(၆) SEEDS Restaurant & Lounge

SEEDS ဟာ ၂၀၁၇ လောက်တုန်းကမှ စတင်ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်မြို့ရဲ့ အလှဆုံး စားသောက်ဆိုင်တွေထဲက တစ်ခုပါ။ ကြာတွေအပြည့်နဲ့ ရေကန်လေးရယ်၊ စိမ်းစိုနေတဲ့ ခြံဝင်းလေးရယ်၊ အစားအသောက် အရသာကအစ ဆိုင်အပြင်အဆင်အဆုံး အနုစိတ်လှပနေတဲ့ ဒီဆိုင်လေးက ဈေးကြီးတယ်လို့ ထင်ရပေမယ့် ပြန်ရလိုက်တဲ့ တန်ဖိုးနဲ့ ယှဉ်ရင်တော့ တန်ပါတယ်။

လိပ်စာ - အမှတ် ၆၃ (က)၊ ဦးထွန်းငြိမ်းလမ်း၊ ၁၀ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်

ဖုန်း - 09 972 784 841

(၇) Atlas

Atlas ကတော့ ရန်ကုန်မြို့ရဲ့ ညအလှကိုတွေကို အပေါ်စည်းကမြင်နိုင်တဲ့ Rooftop ဘားဖြစ်ပါတယ်။ Atlas မှာဆိုရင်တော့ ရွှေတိဂုံဘုရားနဲ့ နေဝင်ချိန်ရှုခင်းတွေက တခြားဘားတွေရဲ့ ရှုခင်းတွေနဲ့ မတူဘဲ ပိုပြီးလှပနေပြီးတော့ ဆိုင်တွင်းတီးဝိုင်းလေးလည်း ရှိတာကြောင့် ရန်ကုန်ကလူငယ်တွေ ကြိုက်ကြတဲ့ ဘားလည်းဖြစ်ပါတယ်။

လိပ်စာ - အမှတ် ၈၄၊ ပန်းလှိုင်လမ်း၊ စမ်းချောင်း၊ ရန်ကုန်

ဖုန်း - 09 767 419413

(၈) Le Planteur 

ကိုလိုနီခေတ် အဆောက်အအုံကြီးရယ်၊ အင်းယားကန်ကြီးရယ်၊ ပြင်သစ်အစားအသောက်တွေရယ်ဆိုတော့ ပြည့်စုံပြီပေါ့။ ၁၉၉၈ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တဲ့ Le Planteur ဟာ မြန်မာနိုင်ငံရဲ့ အစောဆုံး Fine Dining စားသောက်ဆိုင်တွေထဲက တစ်ခုဖြစ်ပါတယ်။

လိပ်စာ - အမှတ် ၈၀၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်း၊ ရန်ကုန်

ဖုန်း - 09 791 845 419

(၉) Violet Garden

ခြံဝန်းထဲမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်လေးဖြစ်ပါတယ်။ အာရှနဲ့ တရုတ်စာတွေ အဓိကရပါတယ်။ ဆိုင်နေရာလေးက လှလည်းလှသလို အစားအသောက်တွေကလည်း ဈေးတော်တော်တန်ပါတယ်။ ဆိုင်ထဲမှာလည်း ထိုင်လို့ရပေမယ့် နေအေးတဲ့ အချိန်လေးသွားပြီး ခြံထဲမှာ ထိုင်ရင် ပိုမိုက်ပါတယ်။

လိပ်စာ - အမှတ် ၂၇၆ (ခ)၊ ဝေဇယန္တာလမ်း၊ ၆-ရပ်ကွက်၊ တောင်ဥက္ကလာ၊ ရန်ကုန်

ဖုန်း - 09 443 124 560

(၁၀) L’opera

အင်းယားကန် ဘေးက ခြံဝင်းလေးထဲမှာ ဖွင့်ထားတဲ့ ဒီဆိုင်လေးကတော့ အီတလီအစားအသောက်တွေနဲ့ နာမည်ကြီးပါတယ်။ ခြံဝင်းထဲမှာ စားမယ်ဆိုရင် စိမ်းစိုလှပနေတဲ့ အပင်တွေကြားမှာ ထိုင်ပြီး အင်းယာကန်အလှကို ခံစားနိုင်ပါတယ်။ ဆိုင်ထဲမှာ စားမယ်ဆိုရင်လည်း ခမ်းနားတဲ့ အိမ်ကြီးရဲ့ အပြင်အဆင်က ဆွဲဆောင်နိုင်မှာပါ။ ထင်းမီးနဲ့ ဖုတ်တဲ့ ပီဇာစစ်စစ်အပြင် အီတလီ ဟင်းလျာတွေကိုလည်း ရရှိနိုင်ပါတယ်။

လိပ်စာ - အမှတ် ၆၂ (ဃ)၊ ဦးထွန်းငြိမ်းလမ်း၊ မရန်းကုန်း၊ ရန်ကုန်

ဖုန်း - 09 42103 4875

Source - Myanmore Plus

⇐ Previous Next

Read 1758 times