Travel

UNESCO ဝင်ခဲ့တဲ့ ရှေးပုဂံမြေက ရွှေစည်းခုံဘုရားရဲ့ ထူးခြားဆန်းကြယ်မှု (၁၈) ခု

18 Wonders of Shwe See Gone Pagoda

ပုဂံမြေဟာ မြန်မာပြည်ရဲ့ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်များစွာ စုဝေးတဲ့ နယ်မြေတစ်ခု ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက ကမ္ဘာလှည့်ခရီးသွားတွေရဲ့ စိတ်ဝင်စားဖွယ်ရာ ဒေသတစ်ခုဖြစ်သလို၊ မြန်မာ့သမိုင်းကို စိတ်ဝင်စားသူတိုင်း လေ့လာသင့်တဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ်မှာ ပုဂံမြေဟာ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် နယ်မြေတစ်ခုအဖြစ် UNESCO မှာ မှတ်တမ်းတင်ခံခဲ့ရပါတယ်။ ဒါဟာ မြန်မာနိုင်ငံသားတိုင်းရဲ့ ဂုဏ်ယူစရာ ပြယုဂ်တစ်ခု ဖြစ်သလို၊ တန်ဖိုးထား ထိန်းသိမ်းရမယ့် မြန်မာ့အမွေအနှစ်တစ်ခုဆိုရင်လည်း မမှားပါဘူး။ 

ဒီလိုမျိုး ဂုဏ်ယူဖွယ်ရာ ပြည့်နှက်နေတဲ့ ပုဂံမြေထဲက အထင်ကရ ဘုရားတစ်ဆူဖြစ်တဲ့‌ ရွှေစည်းခုံး ဘုရားရဲ့ ထူးခြားဆန်းကြယ် အံ့ဖွယ် (၁၈)မျိုးရဲ့ အကြောင်းကိုလည်း ဗဟုသုတရဖွယ် တင်ဆက်ပေးလိုက်ချင်ပါတယ်။ ရွှေစည်းခုံဘုရားဟာ  အတွင်းအံ့ကိုးပါး၊ အပြင်အံ့ကိုးပါးနဲ့ ပြည့်စုံတယ်လို့ ယုံကြည်ကြားသိရပါတယ်။ 

အတွင်းအံ့ကိုးပါး

  • ထီးတော်အလွန်ကြီးသော်လည်း သံကြိုးမဆိုင်းရခြင်း။
  • စေတီ၏အရိပ်သည် တံတိုင်းအပြင်သို့ မရောက်ခြင်း။
  • စေတီ၏ထိပ်မှ ရွှေစက္ကူပစ်ချလျှင် အပြင်သို့မရောက်ခြင်း။
  • စေတီ၏ မဟာရံတံတိုင်းအတွင်း လူမည်မျှများများ ပြည့်ကျပ်မနေခြင်း။
  • တန်ဆောင်မုန်း လပြည့်ပွဲတော်တွင် ပထမသပိတ်တော်၌ မည်သူမျှ ဆွမ်းဦးမတင်နိုင်ခြင်း။
  • အဝေးကကြည့်လျှင် ကုန်း၊ အတွင်းမှကြည့်လျှင် ကျင်းသဖွယ် ထင်ရခြင်း။
  • စေတီ၏တစ်ဖက်မှ တီးသောစည်သံကို အခြားတစ်ဖက်မှ မကြားရခြင်း။
  • မိုးသည်းထန်စွာ ရွာသော်လည်း စေတီရင်ပြင်၌ ရေမတင်ခြင်း။
  • စေတီတော် အရှေ့တောင်ထောင့်ရှိ ခရေပင်သည် ၁၂ ရာသီ ပွင့်ခြင်းတို့ ဖြစ်ပါတယ်။ 

အပြင်အံ့ကိုးပါး

  • ဧရာဝတီမြစ်ကမ်းစပ် ရေစီးအတွင်း စွယ်တော်တင်လာသည့် ဆင်ဖြူတော် ဝပ်သည့်နေရာ သောင်ဖြစ်လာခြင်း။
  • ထိုသဲသောင်တို့သည် ကျောက်ဖြစ်လာခြင်း။
  • ဧရာဝတီမြစ်ရေသည် စေတီတော်ကို ဦးခိုက်ရစ်ဝဲ စီးဆင်းခြင်း။
  • မဟာရံတံတိုင်းသည် ရှစ်ပယ် (၁၄.၁၆)ဧက ကျယ်ဝန်းခြင်း။
  • စေတီတည်ရာတွင် တုရင်းတောင်မှ ကျောက်များကို ပုဂံပြည်သူတို့ လက်ဆင့်ကမ်းသယ်ခြင်း။
  • ကျောက်သယ်ယူသူများ အရိပ်ရရန် မန်ကျည်းပင်များ ချက်ချင်းပေါက်ခြင်း။
  • ကျောက်သယ်အပြီး မန်ကျည်းပင်များ ပျောက်ခြင်း။
  • ရွှေစည်းခုံစေတီ အရှေ့မျက်နှာစာ လှေကားအနီးရှိ ရေမှန်အတွင်း၌ စေတီအရိပ်ထင်ခြင်း။
  • စေတီကို အဝေးမှကြည့်ပါက ကုန်းမြင့်ပေါ်တွင် တည်ထားသည်ဟု ထင်ရခြင်း စတာတွေပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် ရှေးမှယနေ့တိုင် အစဉ်အဆက် သတ်မှတ်ခဲ့ကြတာကတော့ - “ တန်ခိုးမှာ ရွှေစည်းခုံ၊ အနုမှာ အာနန္ဒာ၊ ထုမှာ ဓမ္မရံ၊ အမြင့်မှာ သဗ္ဗညု “ ဆိုပြီး ဖြစ်ပါတယ်။ 

 

⇐ Previous Next

Read 2412 times