Travel

ရန်ကုန်မြို့က အကောင်းဆုံး လည်ပတ်စရာနေရာ (၁၀) ခု

Top 10 Places in Yangon

ရန်ကုန်သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့်အပြင် အကြီးဆုံးမြို့လည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ လည်ပတ်စရာ အကောင်းဆုံး မြို့တွေအနက် ရန်ကုန်မြို့သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ရန်ကုန်မြို့ကို ရောက်ဖြစ်သည့်အခါ မဖြစ်မနေ သွားရောက်လည်ပတ်သင့်သည့် နေရာ (၁၀) ခုကို မျှဝေပေးလိုက်ပါသည်။

(၁) ရွှေတိဂုံဘုရား

မြန်မာနိုင်ငံကိုရောက်ပြီး ရန်ကုန်မြို့က နှစ်ပေါင်း ၂၅၀၀ သက်တမ်းရှိသော ရွှေတိဂုံဘုရားကို ဖူးမျှော်ခွင့်မရခဲ့ဘူးဆိုရင် သင့်လည်ပတ်ခြင်းက ပြည့်စုံမှာ မဟုတ်ပါဘူး။ 

ရွှေတိဂုံဘုရားသည် ကန်တော်ကြီးကန် (Kandawgyi Lake) ၏ အနောက်ဘက် ၁၄၄ ဧက ကျယ်ဝန်သော သိင်္ဂုတရတောင်ကုန်းပေါ်တွင် တည်ရှိပါသည်။ ဘုရားအတွင်း ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်နှင့် ဓာတ်တော်မြတ်များကို ဌာပနာထားသောကြောင့် မြန်မာလူမျိုးတို့၏ ဘာသာရေးဆိုင်ရာ အထွတ်အမြတ်ထားရာနေရာ ဖြစ်ပါသည်။

ရွှေတိဂုံဘုရားကို ရာနှင့်ချီသော ရွှေဆိုင်းများဖြင့် ဖုံးအုပ်ထားပြီး စေတီတော်၏ ထိပ်ကို စိန် ၄၅၃၁ လုံးဖြင့် စီခြယ်ထားသည်။ ရွှေတိဂုံဘုရားသည် မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ရှေးခေတ်ဗိသုကာလက်ရာများ၊ ပန်းပုနှင့် အခြားအနုပညာလက်ရာများကို သိုလှောင်ရာနေရာလည်းဖြစ်သည်။

(၂) ဗိုလ်ချုပ်အောင်ဆန်းစျေး

ဗိုလ်ချုပ်အောင်ဆန်းဈေးသည် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်တွင် တည်ရှိပြီး ခရီးသွားဧည့်သည်များ အလွန်သဘောကျနှစ်သက်သည့် စျေးဖြစ်ပါသည်။။ ကိုလိုနီခေတ် ဗိသုကာလက်ရာများနှင့် အတွင်းပိုင်းကျောက်စရစ်ကျောက်လမ်းများကြောင့် လူသိများသော ထိုဈေးတွင် ရှေးဟောင်းပစ္စည်းများ၊ မြန်မာ့လက်မှုပညာနှင့် လက်ဝတ်ရတနာဆိုင်များ၊ အနုပညာပြခန်းများနှင့် အထည်ဆိုင်များ ရှိပါသည်။ 

(၃) ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

Yangon Zoological Gardens | Chatrium Royal Lake Yangon

ရန်ကုန်တိရစ္ဆာန်ဥယျာဉ် (Yangon Zoo) သည် မြန်မာနိုင်ငံတွင် ရှေးအကျဆုံးနှင့် ဒုတိယအကြီးဆုံး တိရစ္ဆာန်ဥယျာဉ်ဖြစ်သည်။ ကန်တော်ကြီးကန် မြောက်ဘက်တွင် တည်ရှိပြီး ဧက ၇၀ ကျယ်ဝန်းသော ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် သဘာ၀သမိုင်းပြတိုက်၊ ငါးပြတိုက်နှင့် အပန်းဖြေဥယျာဉ်တို့လည်း ပါဝင်သည်။

မျိုးစိတ် ၂၀၀ နီးပါးနှင့် တိရစ္ဆာန် ၁၁၀၀ စုဆောင်းမှုဖြင့် တည်ရှိနေသည့် ရန်ကုန်တိရစ္ဆာန်ရုံသည် နှစ်စဉ်လာရောက်လည်ပတ်သူ ၂.၂ သန်းနီးပါးရှိသည်။ အဆိုပါတိရစ္ဆာန်ရုံကို သစ်တောရေးရာဝန်ကြီးဌာနလက်အောက်ရှိ သစ်တောဦးစီးဌာနက ၂၀၁၁ ခုနှစ် ဧပြီလအထိ တာဝန်ယူလည်ပတ်ခဲ့ပြီး ယခုအခါ ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ လည်ပတ်လျက်ရှိသည်။

(၄) မဟာဗန္ဓုလပန်းခြံ 

မဟာဗန္ဓုလပန်းခြံသည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့လယ်တွင် တည်ရှိသော အများပြည်သူပိုင် ပန်းခြံဖြစ်ပါသည်။ ပန်းခြံသည် အရှေ့ဘက်ရှိ မဟာဗန္ဓုလပန်းခြံလမ်း၊ အနောက်ဘက်တွင် ဆူးလေဘုရားလမ်း၊ တောင်ဘက်တွင် ကုန်သည်လမ်းနှင့် မြောက်ဘက်တွင် မဟာဗန္ဓုလလမ်းတို့ဖြင့် ဝန်းရံထားပြီး ဆူးလေဘုရား၊ ရန်ကုန်မြို့တော် ခန်းမနှင့် အထက်တရားရုံး စသည့် အရေးပါသော အဆောက်အအုံတို့ဖြင့် ဝန်းရံထားသည်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ (1824-1826) တွင် ဗြိတိသျှတို့ကို တိုက်ခိုက်ခဲ့သော ဗိုလ်ချုပ်ကြီး မဟာဗန္ဓုလကို အစွဲပြု၍ မဟာဗန္ဓုလပန်းခြံဟု အမည်ပေးထားခဲ့သည်။

(၅) ဗိုလ်ချုပ်အောင်ဆန်းပြတိုက်

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သည် ခြံအမှတ် ၁၅၊ ဗိုလ်ချုပ်ပြတိုက်လမ်းသွယ်၊ ဗဟန်းမြို့နယ်တွင် တည်ရှိပါသည်။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ၁၉၆၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

ပြတိုက်သည် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမခံရမီက မိသားစုနှင့်အတူ ငြိမ်းချမ်းစွာ နေထိုင်ခဲ့သည့် နှစ်ထပ်တိုက် နေအိမ်ဖြစ်သည်။

ပြတိုက်တွင် ဗိုလ်ချုပ်သက်ရှိထင်ရှားရှိစဉ် အသုံးပြုခဲ့သော ပရိဘောဂများ၊ စာအုပ်များ၊ ဝတ်စုံများ၊ ကားနှင့် မိသားစုဓာတ်ပုံများကို အမှတ်ရစရာတို့အဖြစ် ပြသထားပါသည်။

(၆) Yangon Waterboom

Yangon Waterboom သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော ခေတ်မီရေကမ္ဘာဥယျာဉ်ဖြစ်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသည့်အပြင် ဆွဲဆောင်မှုရှိသော နေရာလည်းဖြစ်သည်။

ရန်ကုန်၊ သာကေတမြို့နယ်၊ ရှုခင်းသာတွင် တည်ရှိသည့် ထိုအပန်းဖြေနေရာတွင် ကမ္ဘာ့အဆင့်မီ ရေလွှာလျှောစီးမျိုးစုံရှိသောကြောင့် ရေကြိုက်သည့် ကလေးနှင့် လူငယ်များအတွက် အပန်းဖြေရေကစားစရာနေရာလည်းဖြစ်ပါသည်။ 

(၇) တိုင်းရင်းသားကျေးရွာ

တိုင်းရင်းသားကျေးရွာသည် သံလျင်တံတားအနီး၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။  

တိုင်းရင်းသားကျေးရွာကိုသွားလည်သည့်အခါ ပဲခူးမြစ်က ဖြတ်သန်းလာသော လတ်ဆတ်သည့် လေနုအေးကို ခံစားနိုင်မည့်အပြင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ပြည်ထောင်စုစိတ်ဓာတ်ကိုလည်း အထင်အရှားတွေ့နိုင်မည်ဖြစ်ပါသည်။ 

ပြည်ထောင်စုမြန်မာနိုင်ငံတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်းလူမျိုးတို့ အတူတကွနေထိုင်ကြသည်။ နိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများကို ကိုယ်စားပြုသည့် ထင်ရှားသော သင်္ကေတများပါသည့် အဆောက်အအုံများကို သင်တွေ့မြင်နိုင်မှာဖြစ်ပြီး အဆောက်အအုံထဲသို့ ဝင်ရောက်၍ ထိုတိုင်ရင်းသားလူမျိုးတစ်ခုချင်းစီ၏ မတူညီသည့် လူနေမှုဘ၀ပုံစံနှင့် ဝတ်စားဆင်ယင်မှုတို့ကို လေ့လာနိုင်ပါသည်။

(၈) ကန်တော်ကြီးဥယျာဉ်

ကန်တော်ကြီး သဘာဝဥယျာဉ်သည် ကမ္ဘာလှည့်ခရီးသည်များ အလည်ပတ်ဆုံးနေရာတွေအနက် တစ်ခုဖြစ်သည်။ ကန်တော်ကြီးဥယျာဉ်သည် ရန်ကုန်မြို့တွင် ရေပန်းစားသော အပန်းဖြေစခန်းတစ်ခုဖြစ်သည်။

ကန်တော်ကြီးဥယျာဉ်သည် ဧက ၂၆၀ ကျယ်ဝန်းပြီး (ပန်းခြံကုန်ပိုင်းအကျယ်အဝန်းမှာ ဧက ၁၁၀ နှင့် ရေဧရိယာ ၁၅၀ ဧက) ကျယ်ဝန်းသည်။ 

အရိပ်ရအပင်များနှင့် လှပသော ပန်းမျိုးစုံ၊ သစ်ခွဥယျာဉ်၊ ကလေးကစားကွင်း၊ Mini Zoo၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များနှင့် ပန်းခြံအတွင်းရှိ စားသောက်ဆိုင်များစွာလည်း ရှိပါသည်။ 

ကန်တော်ကြီးပန်းခြံသည် ရန်ကုန်မြို့၏ အကောင်းဆုံး Picnic ဧရိယာများထဲမှ တစ်ခုဖြစ်သည်။ ကရဝိတ်နန်းတော်၏ အလှသည် ကန်တော်ကြီးကန်၏ အလယ်ဗဟိုတွင် တည်ရှိပြီး နန်းတော်ထဲတွင် ထူးခြားသော အနုပညာလက်ရာများကို ပြသထားသည်။

(၉) အမျိုးသားပြတိုက်

အမျိုးသားပြတိုက်သည် အမှတ် ၆၆/၇၄၊ ပြည်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်တွင် တည်ရှိသည်။  မြန်မာနိုင်ငံ အမျိုးသားပြတိုက်ကို ၁၉၅၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ 

အမျိုးသားပြတိုက်သည် ကျယ်ဝန်းပြီး ရှုခင်းကောင်းမွန်စေရန် ရည်ရွယ်၍ တည်ဆောက်ထားသော ခမ်းနားလှပသည့် ငါးထပ်အဆောက်အအုံတစ်ခုဖြစ်သည်။

အဖိုးမဖြတ်နိုင်သော ရှေးဟောင်းပစ္စည်းများ၊ အနုပညာလက်ရာများနှင့် သမိုင်းဝင်အမှတ်တရပစ္စည်းများကို အထပ်လေးထပ်ရှိ ခန်းမ (၁၄) ခန်းတွင် ခင်းကျင်းပြသထားသည်။ 

ပြတိုက်၏ မြေညီထပ်တွင် မြန်မာအက္ခရာနှင့် အက္ခရာများ ဆင့်ကဲပြောင်းလဲမှုဆိုင်ရာပြခန်း၊ သီဟာသနပလ္လင်ပြခန်းနှင့် ရတနာပုံခေတ် အပိုင်းအစများ ထားရှိရာ ပြခန်းတို့ ရှိပါသည်။ 

(၁၀) ထောက်ကြန့်စစ်သင်္ချိုင်း

မြန်မာနိုင်ငံတွင် ထောက်ကြန့်၊ သံဖြူဇရပ်နှင့် ရန်ကုန်စစ်သင်္ချိုင်းဟူ၍ မဟာမိတ်စစ်သင်္ချိုင်း (၃) ခုရှိပါသည်။ 

မြန်မာ့စစ်ဆင်ရေးတွင် ကျဆုံးသွားသော မဟာမိတ်တပ်မှ စစ်သားများ၏ သင်္ချိုင်း ၂၇,၀၀၀ ကို ဂုဏ်ပြုသိမ်းဆည်းခဲ့သည့် နေရာသည် ထောက်ကြန့်စစ်သင်္ချိုင်းဖြစ်ပါသည်။ မင်္ဂလာဒုံမြို့နယ်တွင် တည်ရှိပြီး ရန်ကုန်မှ ၃၂ ကီလိုမီတာခန့် ကွာဝေးပါသည်။ 

ကမ္ဘာတဝှမ်းရှိ မဟာမိတ်တပ်မှ ကျဆုံးသွားသော စစ်သည်များ၏ ဆွေမျိုးများသည် မြန်မာနိုင်ငံရှိ စစ်သင်္ချိုင်းများတွင် နှစ်စဉ် လာရောက်ဂါရဝပြုလေ့ရှိကြသည်။ 

⇐ Previous Next

Read 12661 times