Travel

ရေကူးကန်ပါတဲ့ ရန်ကုန်က ဟိုတယ် (၁၀) ခု

Yangon Hotels with Swimming Pools

အားလပ်ချိန်မှာ အနားယူဖို့ ခရီးဝေးတွေ မသွားချင်ဘူး။ Staycation သဘော ရန်ကုန်မြို့တွင်းက ဟိုတယ်မှာပဲ အချိန်ပိုင်း အနားယူချင်တယ်ဆိုရင် ရေကူးကန်ပါတဲ့ ဟိုတယ်တွေမှာ တည်းတာက အပန်းဖြေလို့ ပိုကောင်းတာပေါ့။ ဒါကြောင့် ရေကူးကန်ပါပြီး စျေးနှုန်းလည်း သင့်တင့်တဲ့ ဟိုတယ် (၁၀) ခုကို မျှဝေပေးချင်ပါတယ်။

(၁) Golden Yadanar Hotel

Golden Yadanar Hotel က တောင်ဥက္ကလာ ရတနာလမ်းမပေါ်က နာမည်ကြီး  Radio Bar နဲ့ တခြား Beer Bar တွေ၊ KTV တွေနဲ့ နီးတဲ့အပြင် ဈေးဝယ်ဖို့ဆိုလည်း City Mart က အနီးအနားမှာ ရှိပါတယ်။ ဒီဟိုတယ်မှာက ရေလည်းကူးလို့ရသလို  ရွှေရတနာဆိုတဲ့ Spa မှာ အကြောအချဉ်ပြေအောင် အနှိပ်ခံလို့လည်း ရပါသေးတယ်။ ဒါ့အပြင် နေ့လည်စာနဲ့ ညစာကိုလည်း ဟိုတယ်ကနေ မှာယူ သုံးဆောင်နိုင်ပါတယ်။

(၂) Super Hotel Thilawa

Super Hotel Thilawa ကတော့ သီလဝါမှာရှိတဲ့ ဂျပန်စတိုင် ဟိုတယ်လေးဖြစ်ပါတယ်။ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တွေမှာ Shuttle Bus အကြို/ အပို့ ဝန်ဆောင်မှု ရှိပါတယ်။ ဒီဟိုတယ်မှာကတော့ အပန်းဖြေ အနားယူစရာအနေနဲ့ ဂျပန်စတိုင် ရေပူစမ်းကန်၊ ကလေးရေကူးကန်၊ ကလေးကစားကွင်း၊ ကော်ဖီဘား၊ Gym၊ Spa၊ ကာရာအိုကေ၊ DAN DAN ဂျပန်စားသောက်ဆိုင်၊ ဘိလိယက်နဲ့ စားပွဲတင် ဘောလုံး ကစားခုံတို့ ရှိပါတယ်။

(၃)  Excel River View Hotel

Excel River View Hotel ကတော့ လေလေးတဖြူးဖြူးနဲ့ ပဲခူးမြစ်အလှကို တ၀ကြီး ရှုစားလို့ရတဲ့ ဟိုတယ်ဖြစ်ပါတယ်။  ဟိုတယ်မှာ ကလေးကန်၊ လူကြီးကန်ဆိုပြီး ရေကူးကန် နှစ်ကန်ပေးထားပြီး စိတ်ကြိုက်ကူးနိုင်ပါတယ်။ ကလေးတွေပါတဲ့ မိသားစုဝင်တွေအတွက်ဆိုရင်လည်း ကလေးတွေ ကစားလို့ရအောင် ကစားကွင်းလေး လုပ်ပေးထားပါတယ်။ ရိုချင်တဲ့ အတွဲတွေအတွက် အတူလက်တွဲပြီး လျှောက်လှမ်းလို့ရတဲ့ ထီးလမ်းလေးပါ ရှိနေပါသေးတယ်။ အခန်းမငှားဘဲ ရေပဲကူးချင်တယ်ဆိုရင်လည်း လူကြီးတစ်ယောက်ကို ၇,၀၀၀ ကျပ်နှုန်းနဲ့ သွားကူးလို့ ရပါတယ်။ 

(၄) Myanmar Life

Myanmar Life ဟိုတယ်က ရန်ကုန်လေဆိပ်ရဲ့ အနီးမှာရှိပြီး ခြံဝန်းကျယ်ကြီးထဲမှာမို့ နားအေးပါအေး တိတ်တိတ်ဆိတ်ဆိတ် အနားယူလို့ရပါတယ်။ ခြံဝန်းက ကျယ်တော့ ကားပါကင်အတွက်လည်း ပူစရာမလိုတော့ပါဘူး။ ဟိုတယ်မှာ ရေကူးကန်နဲ့ Gym ရှိပြီး ၂၄ နာရီ ဝန်ဆောင်မှုရှိတဲ့ ဟိုတယ်စားသောက်ဆိုင်ကနေ နေ့လည်စာ၊ ညစာ မှာယူ သုံးဆောင်နိုင်ပါတယ်။ မနက်စာကိုတော့ ဘူဖေး စီစဉ်ပေးပါတယ်။

(၅) Jardin Boutique

ဒီဟိုတယ်က ဗဟန်းမြို့နယ်မှာ တည်ရှိပြီး Overnight Stay ဖြစ်ဖြစ်၊ Daycation ဖြစ်ဖြစ် အဆင်ပြေတဲ့ ဟိုတယ်လေးဖြစ်ပါတယ်။  ဝန်ဆောင်မှုအနေနဲ့ ပတ်ကေ့ချ်တစ်ခုမှာ အခန်းခအပါအဝင် À la Carte မနက်စာ၊ ရေကူးကန်သုံးခ၊ ဝိုင်ဖိုင်၊ ကားပါကင်တို့ ပါဝင်ပြီး စျေးနှုန်းကလည်း ပရိုမိုးရှင်းချထားလို့ ၃၀,၀၀၀ ကျော် ၄၀,၀၀၀ ဝန်းကျင်လောက်ပဲ ရှိပါတယ်။

Click Here - Great Star Enterprise

(၆) Hotel Sincere Smile

တိတ်ဆိတ်ငြိမ်သက် သီးသန့်ဆန်ပြီး အေးအေးဆေးဆေး အနားယူချင်တဲ့ သူတွေအတွက် Mya Yamon Riverbank Esplanade Villa ထဲမှာရှိတဲ့ Hotel Sincere Smile Yangon ရှိပါတယ်။ လာရောက်တည်းခိုတဲ့ သူတွေအတွက် ရွေးချယ်စရာအနေနဲ့ အခန်းအမျိုးအစား (၃) မျိုးရှိပြီး မနက်စာနဲ့ ရေကူးကန်  သုံးလို့ရမယ့်အပြင် အခန်းတွင်း ၀န်ဆောင်မှုအနေနဲ့ ရေပူရေအေး၊ ဝိုင်ဖိုင်၊ အဲယာကွန်း၊ တီဗီ၊ ရေခဲသေတ္တာတို့ ပါဝင်ပါတယ်။

(၇) 23 Hotel & Residence

23 Hotel Residence က  မေတ္တာညွန့် ဘူတာအရှေ့၊ တာမွေမြို့နယ်မှာ တည်ရှိပြီး တာမွေအခွန်လွတ်စျေး၊ အာယုဆေးရုံ၊ သုဝဏ္ဏ အားကစားကွင်းတို့နဲ့ နီးပါတယ်။ ဟိုတယ်မှာ နေ့ပိုင်းဖြစ်ဖြစ်၊ ညအိပ်ဖြစ်ဖြစ် ရွေးချယ်စရာ အခန်းအမျိုးအစား (၃) မျိုးရှိပြီး အခန်းခမှာ ရေကူးကန်နဲ့ Gym သုံးခွင့်၊ ကားပါကင် ပါဝင်ပါတယ်။ အခန်းတွင်း ဝန်ဆောင်မှုအနေနဲ့ ရေချိုးကန်၊ တီဗီ၊ အဲယာကွန်း၊ ရေခဲသေတ္တာတို့ ပါဝင်ပါတယ်။

(၈) Hotel Grand Vista

Hotel Grand Vista မှာ အပန်းဖြေအနားယူရင်း ရေကူးလို့လည်းရ၊  Tiki Bar မှာ အရောင်သွေးစုံတဲ့ ကော့တေးတွေကို မြည်းစမ်းရင်း Chill လို့လည်း ရပါတယ်။ Daycation ပတ်ကေ့ချ်မှာ အခန်းခနဲ့ ရေကူးကန် အသုံးပြုခွင့်အပြင် အခန်းထဲမှာ ၂၄ နာရီမီး၊ ဝိုင်ဖိုင်၊ အဲယာကွန်းတို့ ပါဝင်ပါတယ်။ ညအိပ်မယ်ဆိုရင်တော့ မနက်စာ ဘူဖေးပါ စီစဉ်ပေးပါတယ်။ 

(၉) Hotel 46

ဒီဟိုတယ်မှာ မြို့ပြရဲ့ မွန်းကြပ်မှုကနေ လွတ်မြောက်အနားယူ အပန်းဖြေနိုင်ရန် ပြုလုပ်ထားတဲ့ စိမ်းစိမ်းစိုစို မြက်ခင်းပြင်၊ လှလှပပ ပျိုးထောင်ထားတဲ့ ပန်းဥယျာဉ်၊ ကြာပန်းတွေနဲ့ အလှဆင်ထားတဲ့ ရေကန်၊ ရေကန်ရဲ့ အလှကို ရှူစားနိုင်ဖို့  လုပ်ထားတဲ့ နေရာထိုင်ခင်း၊ တံတားနဲ့ ရေကန်ပတ်လည်မှာ ဧည့်သည်တွေ  အပန်းဖြေ လမ်းလျှောက်ဖို့ လုပ်ထားတဲ့ ကန်ပတ်လမ်းလေးလည်း ရှိပါတယ်။ ဟိုတယ်က 46 Pool မှာ အချိန်အကန့်အသတ်ချက်မရှိ စိတ်ပြေလက်ပျောက် ရေကူးရင်း မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင် အနားယူ အပန်းဖြေနိုင်ပါတယ်။

(၁၀) YGC Hotel

YGC Hotel မှာ Daycation အတွက်ဆို ရွေးချယ်စရာ အခန်းအမျိုးအစား (၃) မျိုးရှိပြီး အခန်းခမှာ ရေကူးကန် အသုံးပြုခွင့်ပါ ပါဝင်ပြီးသား ဖြစ်ပါတယ်။ ညအိပ်မှာဆို မနက်စာပါ စီစဉ်ပေးပါတယ်။ အခန်းမငှားဘဲ သီးသန့်ရေသွားကူးချင်တဲ့ သူတွေအတွက် တစ်နာရီကို စျေးဘယ်လောက်ဆိုပြီး သတ်မှတ်ထားပါတယ်။ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေရင်လည်း YGC Hotel ရဲ့ Yangon Spa မှာ အကြောလျှော့ အနှိပ်ခံနိုင်ပါတယ်။

 

⇐ Previous Next

Read 4679 times