Travel

ပြင်ဦးလွင်မြို့က တောင်ပုလစေတီတော်တွင် ဒူးရင်းသီးစတုဒီသာပွဲ ကျင်းပမည်

Durian Satuditha Festival in Pyin Oo Lwin

တောင်ပုလဆရာတော်မှ ဦးစီးပြီး ဒူရင်းသီးစတုဒီသာပွဲကို ပြင်ဦးလွင်မြို့၊ ပိတ်ချင်းမြှောင်လိုဏ်ဂူအနီး၊ တောင်ပုလစေတီတော်တွင် ကျင်းပသွားဖို့ရှိကြောင်း သိရပါတယ်။ ဒူးရင်းသီးလှိုင်လှိုင်ပေါတဲ့ ဒီရာသီမှာ ဘုရားဖူးသွားရောက်သူတွေအနေနဲ့ ဒူးရင်းသီး အ၀စားနိုင်ဖို့ ဒူးရင်းသီး အလုံးရေ (၃၀၀၀) ကျော်ကို ကျွေးမွေးလှူဒါန်းသွားမှာ ဖြစ်ပါတယ်။

 

ဒူးရင်းသီးစတုဒိသာအလှူကို အရင်နှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး အခုနှစ်ကျင်းပတာနဲ့ ဆိုရင်(၂)ကြိမ် မြောက် ရှိပြီဖြစ်ပါတယ်။ ဒူးရင်းသီးစတုဒိသာပွဲကို မေလ (၂၅) ရက်နေ့ စနေနေ့၊ မနက်ပိုင်း ၉ နာရီခွဲမှာ စတင်ကုသိုလ်ဒါနပြုမှာဖြစ်ပြီး  အခုနှစ်မှာတော့ ထူးထူးခြားခြားဖြစ်သွားအောင် သစ်ပင်စိုက်ပျိုးပွဲပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

 

တောင်ပုလသစ်ပင်စိုက်ပျိုးပွဲတော်အတွက် သစ်တောဦးစီးဌာန၊ ဝန်ကြီးရုံးမှ ခရေ (၅၀၀)ပင်၊ ကံကော် (၇၀၀)ပင်၊ ငုဝါ(၅၀၀)ပင်၊ သစ်ပိတောက် (၅၀၀)ပင်၊ ထောက်ကြံ့(၅၀၀)ပင်၊ ကညင် (၁၀၀၀)ပင်၊ အင်ကြင်း (၁၅၀၀)ပင်၊ မဟော်ဂနီ (၁၅၀၀)ပင် လှူဒါန်းထားပါတယ်။ ဒူးရင်းသီးစတုဒိသာပွဲတော်မှာ နိုင်ငံကျော် တေးသံရှင်တွေမှ တေးသီချင်းများနဲ့ သီဆိုဖျော်ဖြေသွားမယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။ 

 

တောင်ပုလတောင်တော်ဟာ ပြည်တွင်း/ပြည်ပခရီးသွားတွေကို ဆွဲဆောင်ထားနိုင်တဲ့ ပြင်ဦးလွင်မြို့ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်ပြီး လက်ရှိအချိန်မှာ သဘာ၀တောတောင်အလှအပတွေနဲ့ တိမ်ပင်လယ်ကို လှပစွာခံစားနိုင်စေဖို့အတွက်လည်း အပန်းဖြေနေရာ များစွာကို ဖော်ဆောင်ထားတယ်လို့လည်း သိရပါတယ်။

⇐ Previous Next

Read 1050 times