Things To Do

အလုပ်ရှင်တိုင်း စိတ်ဝင်စားမယ့် CV တစ်စောင် ဖန်တီးနည်း (၇)နည်း

Tips For Impressive CV

အလုပ်လျှောက်တော့မယ်ဆိုရင် လုပ်ငန်းရှင်ဘက်က တောင်းလေ့ရှိတာက CV Form ဖြစ်ပါတယ်။ CV Form တင်တဲ့သူတိုင်းကိုလည်း လုပ်ငန်းရှင်ဘက်က အလုပ်ခန့်ဖို့ အဆင်မပြေနိုင်ပါဘူး။

ဒီတော့ လုပ်ငန်းရှင်တွေက အလုပ်လျှောက်သူတွေရဲ့  First Impression ဖြစ်တဲ့ CV Form ကို သေချာလေးပြင်ဆင်ထားတဲ့သူကိုပဲ စိတ်ဝင်စားပြီး အလုပ်အင်တာဗျူးအတွက် အခွင့်အရေးပေးမှာဖြစ်ပါတယ်။

ဒါကြောင့် အလုပ်ရှင်တွေ သဘောကျမယ့်၊ စိတ်ဝင်စားမယ့်၊ အထင်ကြီးသွားစေမယ့် CV တစ်စောင် ဘယ်လိုဖန်တီးရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

(၁) ကိုယ်ရေးကိုယ်တာအချက်အလက်

CV Form မှာ သင့်ရဲ့  အဓိကကျတဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ကိုသာ ထည့်သွင်းဖြည့်စွက်ပါ။ CV Form တစ်ခုမှာ အမည်၊ အသက်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ Email ကိုသာ မှန်မှန်ကန်ကန်ဖြည့်စွက်နိုင်ရင် လုံလောက်ပါပြီ။

အလုပ်ရှင် သိဖို့မလိုတဲ့ သင့်ကိုယ်အလေးချိန်၊ အရပ်အမြင့်၊ သွေးအမျိုးအစားတွေကို CV Form ထဲ ထည့်မဖြည့်ပါနှင့်။ အလုပ်ရှင်သိချင်တာက သင်အလုပ်ပေါ် ဘယ်လောက်စိတ်ဝင်စားမှုရှိလဲနဲ့ သင်အလုပ်ကောင်းကောင်းလုပ်နိုင်ပါ့မလားဆိုတာကိုပဲ ဖြစ်ပါတယ်။ 

(၂) လုပ်ငန်းအတွေ့အကြုံနှင့် အရည်အချင်း

CV Form ထဲမှာ မပါမဖြစ် အရေးကြီးတာက သင့်မှာရှိတဲ့ Soft Skills တွေ၊ Hard Skills တွေ၊ လုပ်ငန်းအတွေ့အကြုံတွေ ဖြစ်ပါတယ်။

သင်အရင်က ဘယ်ကုမ္ပဏီ၊ ဘယ်အဖွဲ့အစည်းမှာ လုပ်ခဲ့ဖူးလဲ၊ ဘယ်ရာထူးနဲ့ ဘယ်လိုတာဝန်တွေယူခဲ့လဲ၊ အတွေ့အကြုံသက်တမ်းကရောဘယ်လောက်ရှိလဲ၊ ဘယ်လိုနေရာမျိုးမှာ ကျွမ်းကျင်လဲ၊ ဘယ်အလုပ်ဆို သင်အကောင်းဆုံးလုပ်နိုင်လဲဆိုတာ CV ထဲ ဖော်ပြဖို့လိုပါမယ်။

(၃) ရာထူးနေရာ

သင်အလုပ်လျှောက်မယ့်ကုမ္ပဏီက လစ်လပ်ရာထူး သုံး၊ လေးခုလောက်ကို တစ်ပြိုင်တည်း ခေါ်ထားတာဆိုရင် သင်လုပ်ချင်တဲ့ ရာထူးတစ်ခုကိုသာ သေချာဆုံးဖြတ်ရွေးချယ်ပြီး CV Form ထဲ ထည့်သွင်းဖြည့်စွက်ပါ။ 

သင်က ဘယ်ရာထူး ရွေးထားလဲဆိုတာ CV Form ထဲ ရှင်းရှင်းလင်းလင်းမဖော်ပြထားရင် အလုပ်ရှင်ဘက်က ဇဝေဇဝါဖြစ်ပြီး ပယ်တဲ့စရင်းထဲပါသွားပါလိမ့်မယ်။

(၄) လုပ်ငန်းအကြောင်း 

သင်လျှောက်မယ့် လုပ်ငန်းအကြောင်းကို သေချာသိထားဖို့ လိုပါလိမ့်မယ်။ CV Form ထဲမှာ သင်ဟာ ဒီအလုပ်ကို ဘယ်လိုအချက်တွေကြောင့်စိတ်ဝင်စားတာ၊ ဘာကြောင့်ရွေးချယ်ဖြစ်ခဲ့လဲဆိုတာနဲ့ ဒီလုပ်ငန်းအပေါ်မှာရှိတဲ့ သင့်ရဲ့ အမြင်တွေကို ထည့်သွင်းဖော်ပြနိုင်ရင် အလုပ်ရှင်က အရမ်းသဘောကျမှာပါ။ ဘယ်အလုပ်ရှင်မျိုးမဆို သူရဲ့ လုပ်ငန်းကို စိတ်ဝင်စားတဲ့သူကို ပိုရွေးချယ်ချင်ကြပါတယ်။

(၅) ရိုးရှင်းပါ

CV Form တစ်ခုမှာ Font Style၊ Font Size၊ Template၊ Color စတဲ့ ရွေးချယ်မှုတွေ မှန်ကန်ဖို့လိုပါတယ်။

CV မှာ အသုံးပြုရေးသားမယ့် Font Style က လှစရာမလိုပါဘူး။ ကြည့်လိုက်တာနဲ့ ရှင်းလင်းသပ်ရပ်နေဖို့ကသာ အဓိကပါ။ Font Size ကိုလည်း ခေါင်းစဉ်တွေမှလွဲ၍ ကျန်တာအကုန် တသမတ်တည်းရှိပါစေ။

CV Template ရွေးချယ်တဲ့အခါမှာလည်း ပုံတွေပါနေတာမျိုး၊ အရောင်အတောက်တွေပါနေတာမျိုးတွေ ရှောင်ပါ။ သင့် CV Form က အမြင်ရှုပ်နေရင် လုပ်ငန်းရှင်က မဖတ်တော့ဘဲ ကျော်သွားနိုင်ပါတယ်။

(၆) လိုတိုရှင်းရေးပါ

CV Form ထဲမှာ အချက်အလက်တွေ စုံပြုံပြီး ရေးတာထက် အချက်လေးတွေထုတ်ပြီး Bullet Points တွေနဲ့ လိုတိုရှင်းရေးတာ ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။

အလုပ်လျှောက်စာကို A4 စာမျက်နှာ (၂) မျက်နှာထက် မပိုအောင်ရေးပါ။ လိုအပ်တဲ့ အချက်အလက်တွေကိုသာ Highlight လုပ်ပြီး လိုတိုရှင်း ရေးသားပါ။

(၇) စာလုံးပေါင်းသတ်ပုံ

CV Form ရေးတဲ့အခါ ကိုယ်က Professional တစ်ယောက်ဆိုတာကို ပြသဖို့ အသေးစိတ်ကအစ ဂရုစိုက်ရပါမယ်။ စိတ်လောနေတဲ့အခါမှာ သင်တောင်မသိလိုက်တဲ့ အမှားမျိုး ကျူးလွန်မိတတ်လို့ CV Form ပြင်ဆင်ပြီးတိုင်း စာလုံးပေါင်းသတ်ပုံ မှန်၊ မမှန်စစ်ဆေးပါ။ ကိုယ်က စကားလုံးတွေကို သေချာပေါင်းတတ်ရက်သားနဲ့ အလုပ်ရှင်တွေဘက်က အဲ့အမှားကိုမြင်ပြီး အထင်သေးသွားနိုင်ပါတယ်။

အလုပ်တစ်ခုရဖို့ ခက်ခဲနေတဲ့ ဒီကာလကြီးမှာ အလုပ်ရှင်တိုင်း အထင်ကြီးသွားစေမယ့် CV တစ်စောင်တော့ လိုပါမယ်။ အပေါ်မှာ ပြောပြခဲ့တဲ့ အကြောင်းအရာများကို သတိထားပြင်ဆင်ပြီး CV Form ပြင်ဆင်မယ်ဆိုရင် အလုပ်ရနိုင်ခြေများနိုင်ပါတယ်။

 

⇐ Previous Next

Read 1099 times