Health & Beauty

ထောပတ်သီးနဲ့ အိမ်မှာအလွယ်တကူ ပြုလုပ်နိုင်တဲ့ Mask (၄)မျိုး

 4 Easy Homemade Masks with Avocado

ထောပတ်သီးက ဘယ်​လောက်အသုံးဝင်လဲဆိုရင် ​စားလို့လည်းရတဲ့အပြင်  ​ ထောပတ်သီးမှာ အသားအရေ လှပစေတဲ့ အကျိုးကျေးဇူးများစွာ ရှိပါတယ်။ဒီအသီးမှာ   ကျန်းမာစေတဲ့ အဆီ၊ ဗီတာမင်တွေ အပြင် ဓာတ်သတ္တုများစွာ ပါ၀င်တဲ့အတွက် အလှအပအတွက် အလွန်​ကို ကောင်းမွန်စေပါတယ်။

ဒါ့အပြင် ထောပတ်သီးဟာ အသားအရေကို ၀င်းလက်ကြည်လင်စေရုံမကပဲ ဝက်ခြံတွေကို ထပ်ပြီးဖြစ်မလာအောင်လည်း တားဆီးပေးပါတယ်။ခြောက်သွေ့နေတဲ့ အသားအရေကို အိစက်ညက်ညောစေတယ်။အရွယ်တင်နုပျိုစေပြီး အသားအရေအတွက် ဘေးထွက်ဆိုးကျိုးတွေလည်း မဖြစ်စေနိုင်ပါဘူး။

LaFlore Probiotic Skincare က သိပ္ပံပညာရှင်  Maya Ivanjesku ရဲ့ ပြောကြားချက်အရ  ထောပတ်သီးမှာ တွေ့ရှိရတဲ့ အဆီ၊ ဒြပ်ပေါင်းတွေနဲ့  ဗီတာမင် တွေဟာ အသားအရေကို ပိုမိုကောင်းမွန်စေပြီး  နှင်းခူနဲ့ ၀က်ခြံတွေကို လျှင်မြန်စွာ သက်သာစေနိုင်တယ်လို့ သိရပါတယ်။

ကဲဒါဆိုရင် ထောပတ်သီးကို အသားအရေအတွက် ဘယ်လိုအသုံးပြုကြမလဲ?အိမ်မှာပဲ အလွယ်တကူ အသားအရေ ထိန်းသိမ်းချင်တဲ့ သူတွေအတွက် ထောပတ်သီး Mask ပြုလုပ်နည်းတွေကို ပြောပြပေးပါမယ်နော်။

၁။ထောပတ်သီးနဲ့ ပျားရည် Mask

လိုအပ်တဲ့ ပစ္စည်းတွေကတော့ ထောပတ်သီးတစ်လုံး၊ ပျားရည်တစ်ဇွန်းနဲ့ ရေနွေး (၂)ဇွန်း ဖြစ်ပါတယ်။အရင်ဆုံး မှည့်နေတဲ့ ထောပတ်သီးတစ်လုံးကို ခက်ရင်းနဲ့ဖြစ်စေ၊ ဇွန်းနဲ့ဖြစ်စေ ညက်နေအောင် ခြေပါ။ ပျားရည်ကို ရေနွေးထဲမှာ ထည့်ဖျော်လိုက်ပါ။ ကြေနေတဲ့ ထောပတ်သီးထဲကို ပျားရည်ထည့်ပြီး သမအောင် မွှေပါ။ မျက်နှာပေါ်မှာ (၁၀) မိနစ်ခန့် ထားပြီးရင် ရေနွေးနဲ့ သေချာသန့်စင်ပေးပါ။

ဒီနည်းလမ်းက အသားအရေကို သဘာဝအတိုင်း အစိုဓါတ်ထိန်းပေးနိုင်ရုံမကပဲ အသားအရောင်မညီတာနဲ့ အသားအရေ မွဲခြောက်နေတာကို သက်သာစေပြီး ဝင်းပကြည်လင်စေပါတယ်။

၂။ထောပတ်သီးနဲ့ ဒိန်ချဉ် Mask

လိုအပ်တဲ့ပစ္စည်းတွေကတော့ ထောပတ်သီးတစ်စိတ်နဲ့ ဒိန်ချဉ် (၁)ဇွန်းဖြစ်ပါတယ်။ထောပတ်သီးကို သေချာကြေညက်အောင် ချေပါ။ ပြီးရင် ဒိန်ချဉ်တစ်ဇွန်းနဲ့ သမအောင် မွှေပါ။ ပျားရည်တစ်ဇွန်းလောက် ထည့်ချင်ရင်လည်း ထည့်လို့ရပါတယ်။ မျက်နှာပေါ်မှာ (၁၀)မိနစ်ခန့် ထားပြီးသွားရင်တော့ ရေနွေးနဲ့ ပြန်လည်သန့်စင်ပေးပါ။

ဒီနည်းလမ်းကို ပုံမှန်လုပ်ပေးသွားမယ်ဆိုရင် ဝက်ခြံနဲ့ အမာရွတ်တွေကို သက်သာပျောက်ကင်းစေတဲ့အပြင် ဘက်တီးရီးယားပိုးတွေကိုလည်း သေစေနိုင်တဲ့အတွက်  ဝက်ခြံထပ်မပေါက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေခြောက်သူတွေလည်း  အသုံးပြုလို့ ရပါတယ်။

၃။ထောပတ်သီးနဲ့ ငှက်ပျောသီး Mask

ဒီ Mask ကို ပြုလုပ်ဖို့အတွက် မှည့်နေတဲ့ ထောပတ်သီးတစ်လုံး၊ ငှက်ပျောသီးတစ်လုံးနဲ့ ကြက်ဥအနှစ်တစ်လုံး လိုအပ်ပါတယ်။ပထမဆုံး ထောပတ်သီးနဲ့ ငှက်ပျောသီးကို သေချာကြေညက်အောင် ချေပါ။ ပြီးရင်တော့  ကြက်ဥအနှစ်နဲ့ သေချာမွှေပြီး ရလာတဲ့ အနှစ်ကို မျက်နှာနေရာအနှံ့မှာ သုတ်လိမ်းပြီး ထားထားလိုက်ပါ။ (၁၅) မိနစ်ခန့်နေရင် ရေနွေးနဲ့ သန့်စင်အောင် ဆေးကြောပေးလိုက်ရုံပါပဲ။

အဆီပြန်တဲ့ မျက်နှာပိုင်ရှင်တွေအတွက် အထူးသင့်လျော်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ချွေးပေါက်ထဲမှာ ပိတ်ဆို့နေတဲ့ အဆီအညစ်အကြေးတွေ၊ ဖုန်မှုန့်တွေကို သန့်စင်ပေးနိုင်ပြီး အသားအရေကို ဝင်းပကြည်လင်စေပါတယ်။

၄။ထောပတ်သီးနဲ့ ရှားစောင်းလက်ပတ် Hair Mask

ပါ၀င်ပစ္စည်းကတော့ ထောပတ်သီး တစ်လုံး၊ ရှားစောင်းလက်ပတ် အနည်းငယ်နဲ့ အုန်းဆီတို့ပဲ ဖြစ်ပါတယ်။ပါ၀င်ပစ္စည်း(၃)မျိုးကို သမအောင်ရောမွှေပါ။တကယ်လို့ ဆံပင်ရှည်တဲ့သူအသုံးပြုမယ်ဆိုရင်တော့ အုန်းဆီ အနည်းငယ် ထပ်ထည့်ပေးပါ။

ထောပတ်သီးနဲ့ ရှားစောင်းလက်ပက်မှာ ပါ၀င်တဲ့ ဗီတာမင်ပါဝင်မှုဟာ  ဆံပင်ကို ပိုမိုပျော့ပြောင်းပြီး ဆံပင်ကိုပိုမိုနက်မှောင် တောက်ပြောင်နိုင်စေတဲ့ အပြင် ဆံပင်ရှည် မြန်စေပါတယ်။ထောပတ်သီးဟာ အသားအရေတင်မကပဲ ဆံပင်ကိုပါ အကျိုးပြုစေတဲ့အတွက် ထောပတ်သီးတစ်လုံးရှိရုံနဲ့ အစစအဆင်ပြေနေပြီလေ။ကဲ အိမ်မှာ ထောပတ်သီးရှိတယ်ဆိုရင် အခုပဲ လှဖို့အတွက်သုံးလိုက်ပါတော့နော်။

 

⇐ Previous Next

Read 2381 times