Entertainment

ကျောင်းတွင်းအကြမ်းဖက်မှုကို အကောင်းဆုံး မီးမောင်းထိုးပြနိုင်ခဲ့တဲ့ ကိုရီးယားဇာတ်ကား (၅) ကား

5 Best Korean Dramas About Bullying at School

ကိုရီးယားဇာတ်လမ်းတွဲတွေက အပြင်လောကမှာ ဖြစ်တတ်တဲ့ လူမှုရေးပြသနာတွေကို ပညာပေးအဖြစ် ရိုက်ကူးကြတာ များပါတယ်။ ဒီထဲကမှ ကိုရီးယားလို့ ပြောလိုက်ရင် အရင်ဆုံး တွေးမိတာက ကျောင်းတွင်းအကြမ်းဖက်မှု ကိစ္စပါ။ 

အခုမှမဟုတ်ဘဲ ကျောင်းတွင်းအကြမ်းဖက်မှု၊ အုပ်စုဖွဲ့ အနိုင်ကျင့်မှုနဲ့ ပတ်သတ်ပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေက ဟိုးအရင်ကတည်းက ရှိခဲ့ပေမဲ့ အခုနောက်ပိုင်းမှ တော်တော်များများက Victim အပေါ်မှာ Awareness ဖြစ်လာကြတာပါ။ ဒါကြောင့် ဒီတစ်ပတ်မှာ ကျောင်းတွင်းအကြမ်းဖက်မှုကို အကောင်းဆုံး မီးမောင်းထိုးပြနိုင်ခဲ့တဲ့ ကိုရီးယားဇာတ်ကားကောင်း (၅) ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

(၁) The King of Pigs (2022) 

Korean dramas about bullying

ကာတွန်းစီးရီးတစ်ခုဖြစ်တဲ့ King Of Pigs ကို ပြန်လည်ရိုက်ကူးထားတဲ့ Thriller ကားကောင်းလေး ဖြစ်ပါတယ်။ Hwang Kyung Min (Kim Dong Wook) ဟာ လွန်ခဲ့တဲ့ နှစ် (၂၀) က ကျောင်းတွင်းအကြမ်းဖက်မှုကြောင့် စိတ်ဒဏ်ရာ ခံစားနေခဲ့ရပြီး အဲဒီခံစားချက်တွေကို ဖုံးကွယ် မျိုသိပ်ထားတတ်သူပါ။ ဇနီးဖြစ်သူနဲ့ ဘဝကို ပျော်ပျော်နေတတ်သူလိုမျိုး ဟန်ဆောင်ထားပါတယ်။ ဒါပေမဲ့ မမျှော်လင့်ထားတဲ့ ကိစ္စတွေကြောင့် အတိတ်က ခံစားချက်တွေ ပြန်လည် ပေါ်ပေါက်လာခဲ့ပါတယ်။  

အဲဒီအချိန်မှာပဲ စုံထောက် Jung Jong Suk (Kim Sung Kyu) ဟာ လွန်ခဲ့တဲ့ နှစ် (၂၀) က သူငယ်ချင်းဖြစ်သူထံမှ ထူးဆန်းတဲ့ စာတစ်စောင်ကို လက်ခံခဲ့ရပါတယ်။ အဲဒီစာကြောင့်ပဲ အတိတ်က ကျောင်းတွင်းအကြမ်းဖက်မှုကို ပြန်လည်မှတ်မိလာခဲ့ပြီး ဖြစ်ပေါ်လာမယ့် လူသတ်မှုတွေကို တားဆီးဖို့ ကြိုးစားပါတော့တယ်။ 

သူ့ကို ကူညီပေးမယ့်သူကတော့ ဆွဲဆောင်မှုနဲ့ အလုပ်အပေါ် စိတ်အားထက်သန်မှု အပြည့်ရှိတဲ့ စုံထောက် Kang Jin Ah (Chae Jung An) ဖြစ်ပါတယ်။ ဝမ်းနည်းဖွယ် ကံကြမ္မာနဲ့ ဒီကာရိုက်‌တာတွေကနေတဆင့် ကျောင်းတွင်းအကြမ်းဖက်မှုတွေ၊ အနိုင်ကျင့်မှုတွေ ပြည့်နှက်နေတဲ့ လူ့အဖွဲ့အစည်းကို မြင်ရမယ့် ဇာတ်ကားဖြစ်ပါတယ်။

၂။ Revenge Of Others (2022)

မင်းသမီး Shin Ye Eun က ဒီကားထဲမှာ Ok Chan Mi ဆိုတဲ့ (၁၉) နှစ်အရွယ် ကျောင်းသူလေးဖြစ်ပြီးတော့ အထက်တန်းကျောင်းရဲ့ သေနတ်ပစ်အသင်းက ကစားသမားတစ်ဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။ All of Us are Dead ထဲက အားလုံးရဲ့ အချစ်တော် Park Solomon ကတော့ မိခင်ဖြစ်သူကို တစ်ကိုယ်တည်း စောင့်ရှောက်နေရတဲ့ အထက်တန်းကျောင်းသားလေး Ji Soo Heon အဖြစ် ပါဝင်ထားပါတယ်။

Ok Chan Mi ဟာ သံသယဖြစ်ဖွယ်ကောင်းတဲ့ အမွှာအစ်ကိုဖြစ်သူရဲ့ သေဆုံးမှု နောက်ကွယ်က တရားခံနဲ့ အမှန်တရားကို ရှာဖွေဖို့ ကြိုးစားနေခဲ့ပြီး Ji Soo Heon ကတော့ အနိုင်ကျင့်ခံရတဲ့ ကျောင်းသားတွေကိုယ်စား အပြစ်ရှိသူတွေကို ကလဲ့စားချေသွားမှာပါ။ ရည်ရွယ်ချက်ချင်း မကွာကြတဲ့ သူတို့နှစ်ယောက် တွေ့ဆုံပြီး အမှန်တရားကို ရှာဖွေသွားကြမှာဆိုတော့ School Drama ကို Thriller ဆန်ဆန် ကြည့်ချင်သူတွေအတွက်ကတော့ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးပါပဲ။


     Advertisement

Click Here > Great Modern

 

၃။ Weak Hero Class 1 (2022)

Korean dramas about bullying

ကျောင်းတစ်ကျောင်းမှာ ခန္ဓာကိုယ်အားနည်းပြီး စိတ်ဓာတ်မာကျောတဲ့ Yeon Si Eun (Park Ji Hoon)၊ ကျောင်းတွင်းဖိုက်တာတစ်ယောက်ဖြစ်တဲ့ Ahn Su Ho (Choi Hyun Wook) နဲ့ အနိုင်ကျင့်ခံရပြီး ကြောက်စိတ်ပြည့်နေတဲ့ Oh Bum Seok (Kyung Hong) တို့ သုံးယောက် ဘယ်လိုပေါင်းစည်းပြီး သူငယ်ချင်းတွေ ဖြစ်သွားကြမလဲ။

Yeon Si Eun ဟာ အမြဲတမ်း တစ်​ကျောင်းလုံး အဆင့် ၁ ရ​နေကျဆိုပေမဲ့ သက်လုံပိုင်း​ရော၊ ကိုယ်ကာယပိုင်းမှာပါ အားနည်းလို့ အနိုင်ကျင့်ချင်စရာ​လေး ဖြစ်​နေပါတယ်။ ဒါ​ပေမဲ့ သူဟာ သူ့ရဲ့ ထက်မြက်မှု​တွေ၊ ဖြတ်ထိုးဥာဏ်​တွေနဲ့ ​ကျောင်းတွင်းမှာ​ရော၊ ​ကျောင်းပြင်မှာ​ပါ ဆရာတစ်ဆူဖြစ်​အောင် ဘယ်လိုတွေ လေ့ကျင့်သွားမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမှာ ဖြစ်ပါတယ်။

၄။ The Glory (2022)

Song Hye Kyo And “The Glory” Writer Kim Eun Sook Share Intriguing Insights  Into Part 2 Ahead Of Premiere | Soompi

The Glory ကတော့ တောင်ကိုရီးယားမှာတင် မဟုတ်ဘဲ နိုင်ငံတော်တော်များများမှာပါ Rating အမြင့်ဆုံးရနေတဲ့ ဇာတ်ကားတစ်ကားပါပဲ။ The Glory (Part - 2) က ထုတ်လွှင့်ပြသနေဆဲမှာ ကြည့်ရှုသူတွေ အရမ်းများသွားတဲ့အတွက် Netflix မှာ ၁ မိနစ်ခန့် Server ကျခဲ့ရတဲ့ အထိ အားပေးကြမ်းခဲ့ကြတာပါ။ 

Part 1 မှာတော့ မွန်းဒုံအွန်းရဲ့ ကျောင်းတွင်းနှိပ်စက်ခံရမှုတွေကြားက သူမရဲ့ ဇာတ်ကြောင်း နဲ့ သူမကို Bully လုပ်ခဲ့တဲ့ ယွန်းဂျင်တို့အဖွဲ့ကို ပြန်ပြီး ဂလဲ့စားချေဖို့အတွက် ပြင်ဆင်တာတွေကို အခြေခံထားပြီးတော့ Part-1 မှာ မပြီးပြတ်ခဲ့တဲ့ သူမရဲ့ ဂလဲ့စားချေမှုတွေကို Part 2 မှာ ဘယ်လိုတွေ ဆက်လုပ်မလဲဆိုတာကို ဇာတ်ရှိန်မြင့်မြင့်နဲ့ ကြည့်ရမှာပါ။ နောက်တစ်ခုကတော့ ဒီလိုမျိုး ပူလောင်နေရတဲ့ ကြားထဲကနေ ပရိသတ်တွေအတွက် စိတ်ချမ်းသာစရာဖြစ်တဲ့ ဒုံအွန်းနဲ့ ဂျူယောလ်တို့ နှစ်ယောက်ကြားက Love Line ကလည်း ချိုမြိန်လွန်းပါတယ်။ 

၅။ Class Of Lies (2019)

ချွန်းမြောင်းအထက်တန်းကျောင်းမှာ လူသတ်မှုဖြစ်ပွားပုံနဲ့ ဇာတ်အိမ်တည်ထားပါတယ်။ ချွန်းမြောင်းအထက်တန်းကျောင်းကတော့ လူကုံထံတွေရဲ့ သားသမီးတွေ၊ အာဏာပိုင်တွေရဲ့ သားသမီးတွေနဲ့ စာအရမ်းတော်တဲ့ကလေးတွေ၊ အနုပညာအသိုင်းဝိုင်းက ကလေးတွေ အများစုတက်ကြတဲ့ လူချမ်းသာ အထက်တန်းကျောင်းတစ်ခုပါ။

ဒီကျောင်းမှာ ကျောင်းရဲ့ မော်ဒယ် Jeong Soo Ah ကို သတ်တဲ့ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အမှုရဲ့ တရားခံအဖြစ် စွဲချက်တင်ခံထားရတဲ့ Kim Han Soo က အမှုရုံးတင်နေချိန်အတွင်း ကိုယ့်ကိုကိုယ် သေကြောင်းကြံခဲ့တာကြောင့် သူသတိပြန်မရခင်အထိ အမှုကို ဆိုင်းငံ့ထားခဲ့ရပါတယ်။

ဒီအမှုကို တာဝန်ယူ ရှေ့နေလိုက်ပေးရတဲ့ ရှေ့နေ Gi Moo Hyeok ကလည်း အထက်လူကြီးရဲ့ အမိန့်ကိုဆန့်ကျင်ပြီး သူ့ရဲ့ အမှုသည်မှာ အပြစ်မရှိကြောင်း တရားရုံးမှာ လျှောက်ထားလိုက်တဲ့အတွက် အလုပ်ကနေ ထုတ်ခံခဲ့ရပါတယ်။ ပြီးတော့ လာဘ်စားမှုတွေနဲ့ ထောင်ချောက်ဆင်ခံရပြီး ရှေ့နေလိုင်စင် အသိမ်းခံခဲ့ရပါတယ်။ အဲ့အတွက်ကြောင့် သူဟာ ဒီအမှုကို အမှန်တိုင်း ပေါ်ပေါက်အောင် ဖော်ထုတ်ဖို့အတွက် အမှုဖြစ်ခဲ့တဲ့ ချွန်းမြောင်းအထက်တန်းကျောင်းမှာ လက်ထောက်ကျောင်းဆရာအဖြစ် အလုပ်ဝင်ခဲ့ပါတယ်။ 

Jeong Soo Ah ကို သတ်တဲ့ တရားခံအစစ်က ဘယ်သူဖြစ်မလဲ? ချွန်းမြောင်းအထက်တန်းကျောင်းမှာ နောက်ထပ် ကျောင်းသားချင်း အနိုင်ကျင့်မှုတွေ ရှိနေဦးမှာလား? ကျောင်းသားတွေရဲ့ လျှို့ဝှက်ချက်ကရော ဘာလဲ? ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရမှာပါ။

အပေါ်မှာ ဖော်ပြခဲ့တဲ့ ဇာတ်ကား (၅) ကားလုံးဟာ အပိုင်းအရမ်းမများတဲ့ ဇာတ်လမ်းတွဲတွေဖြစ်ပြီး ပရိသတ်တွေကြား Hit ဖြစ်ခဲ့တဲ့ ဇာတ်ကားတွေမို့ လက်လွှတ်မခံဘဲ ကြည့်သင့်ပါတယ်။ 

⇐ Previous Next

Read 1588 times