Entertainment

ဟောင်းပေမဲ့ ကောင်းနေဆဲဖြစ်တဲ့ ဇာတ်ကား (၅) ကား

5 "Old but Gold" Movies Recommendation

တချို့ကားဟောင်းတွေက ကြည့်ပြီးသားဆိုပေမဲ့လည်း ဇာတ်လမ်း၊ ဇာတ်ကွက်၊ ပေးချင်တဲ့ မတ်ဆေ့ချ်တွေက ပရိသတ်ရင်ထဲ ထိခဲ့တဲ့အတွက် နောက်ထပ်တစ်ကြိမ် ပြန်ကြည့်ဖို့ လုံး၀ ထိုက်တန်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ပိတ်ရက်မှာ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ထွက်ထားတာ ကြာနေပြီဆိုပေမဲ့ ဘယ်အချိန် ပြန်ကြည့်ကြည့် မရိုးနိုင်မယ့် ဇာတ်ကားကောင်း (၅) ကားကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

၁။ The Shawshank Redemption (၁၉၉၄)

IMDb Rating ၉.၃ ထိ ရရှိခဲ့တဲ့ ဒီဇာတ်ကားလေးကတော့ ကြည့်ရှုသူတွေကို မျက်ရည်ချူမယ့် ဒရမ်မာဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဖောက်ပြန်နေတဲ ဇနီးဖြစ်သူနဲ့ သူမ ဖောက်ပြန်နေတဲ့ သူကို လုပ်ကြံတဲ့အမှုနဲ့ Shawshank ပြည်နယ် အကျဥ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ဘဏ်စီးပွားရေးသမား Andy (Tim Robbins) နဲ့ တစ်ကျွန်းသမားဟောင်းကြီး Red (Morgan Freeman) တို့ရဲ့ ထောင်ထဲက အခက်အခဲတွေ၊ သူတို့နှစ်ယောက်ကြားက မိတ်ဆွေသံယောဇဉ်၊  အန်ဒီရဲ့ ငရဲလို မျှော်လင့်ချက်မရှိတဲ့ နေရာမှာ ကိုယ့်ကိုကိုယ် ဘယ်လိုတည်ဆောက်ပြီး နေထိုင်သွားလဲ၊ လွတ်မြောက်မှုကို ဘယ်လိုရှာဖွေသွားလဲ ဆိုတဲ့ အကြောင်းကို ရသမြောက်အောင် ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

၂။ Forrest Gump (၁၉၉၄)

အချစ်၊ အလွမ်း၊ ဟာသ၊ စစ်ပွဲ၊ အက်ရှင် ရသအစုံ ပါဝင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆုတွေ အပါအဝင် အော်စကာဆု ခြောက်ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Forrest Gump (Tom Hanks) ဟာ မွေးရာပါ ဉာဏ်ရည်ချို့တဲ့ပြီး ကြောရိုးစောင်းတဲ့ ရောဂါကြောင့် လမ်းကောင်းကောင်း မလျှောက်နိုင်တဲ့ ခြေထိန်းတွေ တပ်ထားရတဲ့ ကောင်လေးပါ။ ဉာဏ်ရည်နည်းပေမဲ့ Forrest Gump ဟာ ကြင်နာတတ်တဲ့ နှလုံးသားရှိသူတစ်ယောက်ဖြစ်ပြီး သူ့ဘဝမှာ ဘယ်သူ့ကိုမှ အကောက်မကြံဖူးပါဘူး။ သူကြွေရတဲ့ ကောင်မလေး ဂျင်းနီရယ်၊ သူ့အမေရယ်၊ သူ့ဘဝမှာ ကြုံတွေခဲ့ရတဲ့ သူတွေကို ချစ်ဖို့ပဲ သိသူတစ်ယောက်ပါ။ 

ဇာတ်လမ်းကတော့ ၂၀ ရာစုနှစ်တုန်းက သမိုင်းကြောင်း အဖြစ်အပျက်တွေနဲ့အတူ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Forrest ဖြတ်သန်းခဲ့ရတဲ့ အနိမ့်၊ အမြင့် ဘ၀ဇာတ်ကြောင်းကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ 

Advertisement

 

Click Here > Wun Yan Kha

၃။ The Terminal (၂၀၀၄)

မကြည့်ဖူးသူ မရှိလောက်အောင် နာမည်ကြီးခဲ့တဲ့ Tom Hanks ရဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ကား  ဖြစ်ပါတယ်။ အပြင်မှာတကယ်မရှိတဲ့ ခရာကိုရှားလို့ခေါ်တဲ့ နိုင်ငံမှာ နေထိုင်တဲ့ Viktor Navorski (Tom Hanks) က အမေရိကားကို ထွက်လာစဉ်က ဗီဇာပါလာပေမဲ့ နယူးယောက်လေဆိပ်ကို ရောက်ချိန်မှာ ပြည်ဝင်ခွင့် ငြင်းဆိုခံလိုက်ရပါတယ်။ 

အကြောင်းက သူ့တိုင်းပြည်မှာ စစ်အာဏာသိမ်းမှုဖြစ်လို့ အမေရိကားက သံတမန်ဆက်ဆံရေး၊ စီးပွားရေး အားလုံးကို ရုတ်တရက် ပိတ်ဆို့လိုက်လို့ပါ။ ဘယ်အချိန် ပြည်ဝင်ခွင့်ရမယ်ဆိုတာ မပြောနိုင်သလို သူ့ပတ်စပို့ကိုလည်း အမေရိကန် အကောက်ခွန်ရုံးက သိမ်းလိုက်တဲ့အတွက် သူ့နိုင်ငံကိုလည်း ပြန်လို့မရဘဲ လေဆိပ်မှာပဲ နေဖို့ ဖြစ်လာပါတယ်။ လေဆိပ်မှာ လပေါင်းများစွာ သူဘယ်လိုတွေ နေထိုင်ဖြတ်သန်းခဲ့ရတယ်ဆိုတာကို ရိုက်ကူးထားတဲ့ The Terminal ရုပ်ရှင်ကတော့ အချိန်ပေးရမှာ တန်တဲ့ ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။

၄။ Zodiac (၂၀၀၇)

ဒီရုပ်ရှင်က ကွင်းဆက်လူသတ်သမားအမှုကို စုံစမ်းတဲ့ ဇာတ်လမ်းမျိုးတွေကို ကြိုက်နှစ်သက်သူတစ်ယောက်ဆို ကြည့်ကို ကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။

Zodiac ဆိုတာကတော့ ၁၉၆၀ နှောင်းပိုင်းလောက်က ကယ်လီဖိုးနီးယားပြည်နယ် မြောက်ဘက်ပိုင်းမှာ  အကြမ်းဖက်၊ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒီလူသတ်သမားဟာ ဖြစ်ရိုးဖြစ်စဉ်အတိုင်း လူတွေ လျှောက်သတ်ရုံတင် မဟုတ်ဘဲ အဲဒီနယ်တစ်ဝိုက်က သတင်းဌာနတွေကို ခြိမ်းခြောက်စာတွေ၊ အပြစ်ဝန်ခံတဲ့ စာတွေ ပေးပို့ပြီး သူ့အမှုကို လိုက်နေတဲ့ ရဲတွေကိုပါ မထိတထိ လုပ်တတ်သူ ဖြစ်ပါတယ်။ 

Zodiac ကို ဖမ်းပြီး ထောင်ထဲထည့်ဖို့အတွက် စုံထောက်တွေနဲ့ သတင်းထောက်တွေ ပေါင်းပြီး စုံစမ်းကြတာကို စိတ်ဝင်စားဖွယ် ကြည့်ရမှာပါ။ ဒီကားမှာ Jake Gyllenhaal၊ Mark Ruffalo နဲ့ Robert Downey Jr. တို့က အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်။

၅။ Shutter Island (၂၀၁၀)

ဒီဇာတ်ကားကတော့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို Thrilling ဆန်ဆန် ရိုက်ကူးထားတဲ့ Director Martin Scorsese ရဲ့ လက်ရာကောင်းလေးတစ်ခု ဖြစ်ပါတယ်။ ယူအက်စ် ထိပ်တန်းအရာရှိ နှစ်ယောက်ဖြစ်တဲ့ Teddy Daniels (Leonardo DiCaprio) နဲ့ Chuck Aule (Mark Ruffalo) တို့ဟာ Shutter Island ဆိုတဲ့ ကျွန်းပေါ်မှာ တည်ထားတဲ့ စိတ်ကျန်းမာရေးဆေးရုံပေါ်က ရေချယ်ဆိုလန်ဒိုအမည်နဲ့ အကျဉ်းသူတစ်ယောက် ပျောက်ဆုံးသွားမှုကို စစ်ဆေးဖို့အတွက် ရောက်လာပါတယ်။

စစ်ဆေးမှုတစ်လျှောက် သဲလွန်စတစ်ခုကို လိုက်ရင်းလိုက်ရင်းနဲ့ စိတ်ကျန်းမာရေးဆေးရုံရဲ့ သံသယ၀င်စရာ အချက်တွေကို တွေ့ရှိလာရပါတယ်။ ထွက်ပေါက်မရှိတဲ့ အကျဉ်းခန်းက အမျိုးသမီးက ဘယ်လိုများ ထူးထူးဆန်းဆန်း လွတ်မြောက်သွားတာလဲ? ဆိုတာကလည်း စဉ်းစားစရာပါ။ 

⇐ Previous Next

Read 1112 times