Entertainment

သည်းထိတ်ရင်ဖို ကြည့်ရမယ့် ကိုရီးယားဇာတ်လမ်းတွဲ (၇) ခု

6 Breathtaking Survival Korean Series

ဒီတစ်ပတ်တော့ ရိုတာ၊ လောင်တာ၊ ကလဲ့စားချေတာတွေ ကြည့်ရတာ ရိုးအီလာပြီဆိုတဲ့ K-Drama ဖန်တွေအတွက် လတ်တလာမှာ Hot ဖြစ်နေတဲ့ Duty After School အပါအဝင် သည်းထိတ်ရင်ဖို ကြည့်ရမယ့် ကိုရီးယားဇာတ်လမ်းတွဲ (၇) ခုကို မျှဝေပေးလိုက်ပါတယ်။

အသက်ရှင်ကျန်ရစ်ဖို့ ကြိုးစားရုန်းကန်ကြရတဲ့ Survival ရုပ်ရှင်အမျိုးအစားကိုမှ ထူးထူးခြားခြား ကြိုက်တဲ့သူတွေအတွက်တော့ အခုရွေးချယ်ပေးထားတဲ့ ဇာတ်လမ်းတွဲ (၇) ခုလုံးဟာ လုံး၀လက်လွှတ်မခံဘဲ ကြည့်သင့်တဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။

၁။ Duty After School (2023)

ဒီကားလေးကတော့ Tving ကနေ အသစ်ထွက်ရှိထားတဲ့ Student Action ကားအသစ်လေး ဖြစ်ပါတယ်။ Part - 1၊ Part - 2 နှစ်ပိုင်းခွဲထားပြီးတော့ Part - 1 (၆) ပိုင်းကိုတော့ မတ်လ (၃၁) ရက်နေ့က ထုတ်လွှင့်ပြသခဲ့ပြီး Part - 2 (၄) ပိုင်းကိုတော့ ဧပြီ (၂၈) ရက်နေ့မှ ပြသသွားမှာ ဖြစ်ပါတယ်။ ဒီစီးရီးမှာ Shin Hyun Soo၊ Moon Sang Min၊ Kwon EunBin နဲ့ Im Se Mi တို့အပြင် တခြားမျက်နှာသစ် သရုပ်ဆောင်များလည်း ပါဝင်ရိုက်ကူးထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ကိုရီးယားအစိုးရဟာ ကောင်းကင်ပေါ်ကနေ ကျရောက်လာမယ့် ဂြိုဟ်သားတွေကို နှိမ်နင်းဖို့အတွက် စစ်တပ်အင်အား ဖြည့်တင်းဖို့ တက္ကသိုလ်တိုင်း၊ အထက်တန်းကျောင်းတိုင်းက ကျောင်းသား/သူတိုင်းကို စစ်လေ့ကျင့်ရေးတွေ လုပ်ဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ 

ဒါပေမဲ့ အထက်တန်းကျောင်း တတိယနှစ်၊ အခန်း ၂ က ကျောင်းသားတွေကတော့ ဂရုမစိုက်ဘဲ​ တက္ကသိုလ်ဝင်ခွင့်ရရန်အတွက် စာကြိုးစားနေကြတုန်းပါ။ ကံဆိုးချင်တော့ အဲ့ဒီနှစ်မှာပဲ စာမေးပွဲတွေ မကျင်းပဖြစ်တဲ့အခါ ကျောင်းသားတွေက စာလုပ်ရမယ့်အစား စစ်လေ့ကျင့်ရေးတွေကို လေ့ကျင့်ရပါတော့တယ်။ 

ကျောင်းသားတွေအပေါ် စည်းကမ်းတင်းကြပ်ပေမယ့် ဂရုစိုက်တဲ့ တပ်ကြပ်ကြီး၊  ကျောင်းသားတွေရဲ့ ဘေးကင်းမှုကို ဦးစားပေးတဲ့ အတန်းပိုင်ဆရာမနဲ့အတူ ကျောင်းသားတွေက ဂြိုဟ်သားတွေကို ဘယ်လိုနှိမ်နင်းပြီး အသက်ရှင်ဖို့ ကြိုးစားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာ ဖြစ်ပါတယ်။

၂။ All of Us Are Dead (2022)

IMDb Rating 7.5 ရရှိထားတဲ့ Netflix ရဲ့ Original Series တစ်ခုဖြစ်တဲ့ All of Us Are Dead ဟာ ကိုရီးယားဇွန်ဘီဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေအနေနဲ့ Park Solomon၊ Yoon Chan Young၊ Cho Yi Hyun၊ Park Ji Hoo၊ Lee Yoo Mi တို့အပြင် တခြားနာမည်ကြီး သရုပ်ဆောင်တွေလည်း ပါဝင် ရိုက်ကူးပေးထားပါတယ်။ 

ကိုယ်ချစ်ခင်ရတဲ့ သူငယ်ချင်းတွေ၊ တစ်ဖက်သက် သဘောကျနေရတဲ့ သူတွေ၊ ချစ်သူရည်းစားတွေ စသဖြင့် အထက်တန်းကျောင်းသားဘ၀ရဲ့ ရင်ခုန်ပျော်ရွှင်စရာကောင်းလှတဲ့ ကျောင်းတော်ကြီးဟာ တစ်နေ့မှာတော့ သွေးပျက် ကြောက်မက်ဖွယ်ကောင်းလှတဲ့ ဇွန်ဘီကပ်ဆိုးကြီးကြောင့် စစ်မြေပြင်တစ်ခုသဖွယ် သွေးချောင်းစီးခဲ့ရပါတယ်။

ကျောင်းသားအများစုဟာလည်း ဇွန်ဘီဗိုင်းရပ်စ် ကူးစက်ခံရပြီး မကောင်းဆိုးဝါး ဇွန်ဘီအဖြစ် ပြောင်းလဲသွားကြပါတယ်။ ဒီလိုနဲ့ ကျောင်းအတွင်းမှာ ပိတ်မိနေတဲ့ အသက်ရှင်ကျန်ရစ်သူ ကျောင်းသားတစ်စုဟာ ကယ်တင်မယ့်သူမရှိဘဲ ဆိုးဝါးကြောက်လန့်စရာ အခြေအနေနဲ့ ရင်ဆိုင်လာရတဲ့အခါ တစ်ကိုယ်ကောင်း ဆန်ပုံတွေ၊ ကိုယ့်အားကိုယ်ကိုးပြီး ဇွန်ဘီတွေ လက်က လွတ်မြောက်အောင် ကြိုးစားပုံတွေ၊ ပြန်လည်တိုက်ခိုက်ပုံတွေ၊ အန္တရာယ်ကျရောက်လာတဲ့အချိန်မှာ သူငယ်ချင်းအချင်းချင်း ပူးပေါင်း ဆောင်ရွက်ကြပုံတွေကို ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။

၃။ Squid Game (2021)

Netflix ရဲ့ လူကြည့်အများဆုံး စီးရီးတစ်ခုဖြစ်ခဲ့တဲ့ Squid Game ကတော့ Survival Game Theme ရုပ်ရှင်အမျိုးအစား ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Lee Jung Jae၊ Ho Yeon Jung၊ Park Hae Soo နဲ့ Wi Ha Joon တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ 

ဇာတ်လမ်းပုံစံကတော့ အကြောင်းအမျိူးမျိုးကြောင့် ငွေကြေးလိုအပ်နေကြတဲ့ လူတွေက ဒေါ်လာသန်း (၄၀) ဆုကြေး ရရှိနိုင်တဲ့ အခွင့်အရေးအတွက် အသက်ကို လောင်းကြေးထပ်ကာ ပြိုင်ပွဲဝင်ကြရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ Game Level တစ်ခုချင်းစီတိုင်းမှာ အမှားအယွင်း တစ်စုံတစ်ရာ ဖြစ်ခဲ့ရင် အသတ်ခံရမှာဖြစ်ပြီးတော့ နောက်ဆုံးအသက်ရှင်ကျန်ရစ်သူကသာ ဆုကြေးကို ရရှိမှာ ဖြစ်ပါတယ်။ နောက်ဆုံးဘယ်သူက အသက်ရှင်ကျန်ရစ်မလဲ၊ မတော်လောဘတက်ပြီး ပြိုင်ပွဲဝင်အချင်းချင်း သတ်ဖို့ ကြိုးစားကြပုံတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။

ဒီဇာတ်ကားရဲ့ အောင်မြင်မှုကတော့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Emmy ဆုပေးပွဲမှာ မင်းသား Lee Jung Jae က အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုနဲ့ ဒါရိုက်တာ Hwang Dong Hyuk က အကောင်းဆုံး ဒါရိုက်တာဆုကို ဆွတ်ခူးခဲ့ပါတယ်။

Advertisement

Click Here > First National Insurance

၄။ Hellbound (2021)

နာမည်ကြီး Train to Busan ရုပ်ရှင်ရဲ့ ဒါရိုက်တာ ကိုယ်တိုင် ရိုက်ကူးပုံဖော်ပေးထားတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ Yoo Ah In၊ Woo Jin A၊ Kim Hyun Joo စတဲ့ နာမည်ကြီးမင်းသား၊ မင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတာမလို့ ပရိတ်သတ်အားလုံး အကြိုက်တွေ့စေမှာ သေချာပါတယ်။

ဇာတ်လမ်းအကြောင်းအရာလေးကတော့ လူတွေကို ကိုယ်ကျူးလွန်ခဲ့တဲ့ အပြစ်တွေ ပေးဆပ်ဖို့အတွက် ငရဲက ထူးဆန်းတဲ့ သတ္တဝါကြီးတွေ ရောက်လာပြီး အသက်ဝိဉာဉ်ကို နှုတ်ယူသွားတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ လူတစ်ယောက် ငရဲကို သွားရတော့မယ်ဆိုရင် အရင်ဆုံး သေမင်းတမန်ပေါ်လာပြီး သေဆုံးရမယ့်နေ့ကို ပြောပါလိမ့်မယ်။ ပြောသွားတဲ့ အချိန်အတိအကျမှာပဲ အပြစ်ကျူးလွန်ထားတဲ့သူဟာ သတ္တဝါကြီးရဲ့ ဆိုးဆိုးရွားရွား သတ်ဖြတ်ခြင်းကို ခံရမှာဖြစ်ပါတယ်။

စစချင်းတော့ လူတွေဟာ သိပ်မယုံကြည်ချင်ကြပေမယ့် သူတို့မျက်စိရှေ့မှာ ကိုယ်တိုင်တွေ့မြင်လာရတဲ့အခါမှာတော့ ကြောက်ရွံ့လာကြပါတော့တယ်။ ငရဲကနေ ရောက်လာတယ်လို့ဆိုတဲ့ သတ္တဝါကြီးတွေက တကယ်ပဲလား၊ ဘယ်လိုထူးခြားဆန်းကြယ်ဖြစ်ရပ်တွေကို မြင်ရဦးမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှုရမှာပါ။

၅။ Sweet Home (2020)

ဒီဇာတ်လမ်းတွဲလေးကတော့ Home ဆိုတဲ့ Webtoon ကို Sweet Home ဆိုပြီး Live Action အနေနဲ့ ပြန်လည် အသက်သွင်းခဲ့တဲ့ စီးရီးဖြစ်ပါတယ်။ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Song Kang၊ Lee Jin Wook၊ Lee Do Hyun နဲ့ Lee Shi Young တို့က အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်။

အက်စီးဒန့်တစ်ခုကြောင့် မိသားစုကို ဆုံးရှုံးလိုက်ရတဲ့ အထက်တန်းကျောင်းသားလေး Hyun Soo (Song Kang) ဟာ Green Home ဆိုတဲ့ တိုက်ခန်းဟောင်းတစ်ခုကို ရွှေ့ပြောင်းလာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ Green Home တိုက်ခန်းဟောင်းရဲ့ ထူးဆန်းမှုကို သိရှိသွားပြီး ထိုတိုက်ခန်းဟောင်းမှာ လူသားတွေက မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲနေတဲ့ ဖြစ်စဉ်ကို ရှာဖွေ တွေ့ရှိသွားပါတော့တယ်။

ထိုမကောင်းဆိုးဝါးတွေကို သူအပါအဝင် တိုက်ခန်းမှာနေထိုင်သူတွေ စုပေါင်းပြီး တိုက်ခိုက်ကြရပါတော့တယ်။ လူသားတွေနဲ့ မကောင်းဆိုးဝါးသတ္တဝါတို့ တိုက်ခိုက်ကြရင်း ဘာတွေဖြစ်လာမလဲ၊ အသက်ရှင်ဖို့ ဘယ်လိုတွေ ကြိုးပမ်းရမလဲဆိုတာတွေကို သည်းထိတ်ရင်ဖို ခံစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

၆။ Train To Busan 1 (2016)

ဒီဇာတ်ကားဟာ ကိုရီးယားရုပ်ရှင်သမိုင်းမှာ Zombies တွေ အကြောင်းရိုက်တာ ပထမဆုံးဖြစ်ပြီး Baeksang Awards၊ Blue Dragon Awards စတဲ့ ဆုပေးပွဲကြီးတွေကနေ ဆုပေါင်းများစွာ ရရှိခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်‌ကားမှာဆိုရင် Gong Yoo၊ Ma Dong Seok၊ Choi Woo Shik နဲ့ Jung Yumi စတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင် ရိုက်ကူးထားပါတယ်။ 

ဇာတ်လမ်း အကျဉ်းလေးကတော့ Seok Woo (Gong Yoo) ဟာ သူ့သမီးလေးနဲ့အတူ ဘူဆန်မြို့ကို သွားဖို့အတွက် ရထားစီးပြီး ခရီးထွက်ခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာပဲ ကိုရီးယားရဲ့ တခြားနေရာတွေကတော့ အမျိုးအမည်မသိတဲ့ ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် ဆူပူမှုတွေ ဖြစ်ပေါ်နေတာပါ။ အဲ့ဒီဆူပူမှုတွေရဲ့ အရင်းခံဖြစ်တဲ့ ဇွန်ဘီဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ယောက် ရထားပေါ် ပါလာခဲ့တဲ့အခါမှာတော့ ရထားပေါ်က ခရီးသည်တွေ ဘေးကင်းနိုင်ပါ့မလား၊ သူတို့ သွားလိုတဲ့ ခရီးဖြစ်တဲ့ ဘူဆန်ကိုရော ရောက်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Seok Woo ရဲ့ သမီးလေးကို ကာကွယ်ဖို့ကြိုးစားတဲ့ ဖခင်မေတ္တာနဲ့ ကြိုးစားမှုတွေကို‌ ရင်နင့်ဖွယ် တွေ့မြင်ရမှာဖြစ်ပါတယ်။

၇။ D-Day (2015)

D-Day ကတော့ IMDb Rating 7.6 ထိ ရရှိထားပြီး အသက်အန္တရာယ်ကြားက ပြေးလွှား ရုန်းကန်ရတဲ့ ဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေအတွက် ရွေးချယ်စရာ ဇာတ်လမ်းတွဲကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Kim Young Kwang၊ Jung So Min၊ Ha Seok Jin နဲ့ Yoon Joo၀ Hee တို့က အဓိက ပါဝင် ရိုက်ကူးထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ သဘာဝဘေးအန္တရာယ်ကပ်ဆိုးကြီး ဆိုလ်းမြို့ကို ကျရောက်ပြီးနောက်မှာ မြို့သူ၊ မြို့သားတွေအတွက် အခက်အခဲဒုက္ခတွေ တလှေကြီး ကျရောက်လာပါတယ်။ ဒီတော့ ဆရာဝန်နဲ့ အရေးပေါ်လုပ်သားတစ်စုတို့ဟာ ကစဉ့်ကလျားဖြစ်နေတဲ့ မြို့သူ၊ မြို့သားတွေကို အန္တရာယ် ကင်းလွတ်ပြီး အသက်ရှင်ဖို့ ကျားကုတ်ကျားခဲ ကြိုးစားကယ်တင်ကြပုံတွေ၊ သဘာဝဘေးအန္တရာယ် ကပ်ဆိုးကြီးကြားက ဆရာဝန်တွေရဲ့ နှလုံးလှ စိတ်ထားနဲ့ အခက်အခဲတွေကို ရင်ဆိုင်အနိုင်ယူကြပုံကို ကြည့်ရှုခံစားရမှာပါ။

⇐ Previous Next

Read 1886 times