Health & Beauty

Hangover ဖြစ်တာကို အမြန်ဆုံးသက်သာစေနိုင်မယ့် နည်းလမ်း (၈) ခု

8 Tips To Prevent Hangover

Hangover (အရက်နာကျခြင်း) ဆိုတာက ညဘက်သောက်တာ များသွားပြီး မနက်ဘက်မှာ ခေါင်းကိုက်တာ၊ မအီမသာဖြစ်ပြီး ပျို့အန်ချင်တာ၊ ခြေကုန်လက်ပန်းကျတာ၊ ခန္ဓာကိုယ်မှာ ရေဓာတ်ကုန်ခန်းသလို ဖြစ်တာတွေကို ဆိုလိုပါတယ်။ 

အရက်နာကျရတဲ့ အဓိကအကြောင်းအရင်းကတော့ အရက်ထဲမှာပါတဲ့ အီသနောက အဆိပ်ရှိတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး ဆီးခဏခဏသွားစေတာကြောင့် ခန္ဓာကိုယ်ထဲက ရေဓာတ်ကို ဆုံးရှုံးစေပါတယ်။ ခန္ဓာကိုယ်ထဲက ရေဓာတ်ဆုံးရှုံးတဲ့အခါ အာရုံစိုက်ဖို့ မလွယ်တာမျိုး၊ စိတ်ထဲ မကြည်လင်တာမျိုး ဖြစ်တတ်ပါတယ်။ 

ဒါဆို အရက်နာကျနေတာကို သက်သာအောင် ဘယ်လိုလုပ်မလဲ?

(၁) ရေသောက်ပါ

ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်ဖို့ ရေသောက်ပေးဖို့ လိုပါမယ်။ ရေများများသောက်ပေးလေ ခန္ဓာကိုယ်ထဲက အဆိပ်ဖြစ်စေတဲ့ အရာတွေကို သန့်စင်နိုင်လေပါ။ ဖြစ်နိုင်ရင် အရက်သောက်နေချိန်မှာကိုက ရေသောက်ပေးသင့်တာပါ။

(၂) ဖျော်ရည်တွေ သောက်ပေးပါ

ရေသောက်ပေးရုံနဲ့ ရေဓာတ် ကုန်ခန်းသွားတာတွေကို ဖြည့်နိုင်ပြီလို့ မဆိုနိုင်ပါဘူး။ ဒါကြောင့် အရက်နာကျနေချိန်မှာ ဗီတာမင်စီပါတဲ့ အချိုရည်တွေ၊ အုန်းရည် သောက်လို့ ရသလို စွပ်ပြုတ်တစ်ခုခုကို သောက်ပေးလို့လည်း ရပါတယ်။

(၃) ဥ (သို့) ကညွတ် စားပါ

ဥနဲ့ ကညွတ်မှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဓာတ်က ခန္ဓာကိုယ်အတွင်းက အယ်လ်ကိုဟောကို ချေဖျက်နိုင်စွမ်း ရှိပါတယ်။ ဥစားပေးမယ်ဆိုရင် ချွေးထွက်များခြင်း၊ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်းစတဲ့ အရက်နာကျတဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။ ကညွတ်က အရက်နာကျတာကို သက်သာစေနိုင်သလို အရက်ကြောင့် အသည်း ထိခိုက်ပျက်စီးတာကိုလည်း ကာကွယ်ပေးပါတယ်။

     Advertisement

Click Here > Mahmood & Sons

(၄) ငှက်ပျောသီး စားပါ

အရက်နာကျတဲ့အခါ ခန္ဓာကိုယ်မှာ ပိုတက်ဆီယမ်ဓာတ် လျော့ကျနေတတ်ပါတယ်။ ငှက်ပျောသီးက ပိုတက်စီယမ် ကြွယ်ဝတဲ့ အသီးအနှံတစ်မျိုးဖြစ်ပြီး ငှက်ပျောသီးတစ်လုံးမှာ ပိုတက်စီယမ်ပမာဏ (၄၂၂) မီလီဂရမ် ပါဝင်ပါတယ်။ ငှက်ပျောသီး စားပေးတဲ့အတွက် ခန္ဓာကိုယ်မှာ ခံစားရတဲ့ ညောင်းညာကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာ၊ ကြွက်တက်တာတွေကို  သက်သာစေပါတယ်။

(၅) အငန်ဓာတ်ပါတဲ့ မုန့်စားပါ

အရက်သောက်တာ များသွားရင် ဆိုဒီယမ်ဓာတ် ပြန်ဖြည့်ဖို့ လိုပါတယ်။ ဆိုဒီယမ်ဓာတ် ကြွယ်၀တဲ့ အစားအသောက်တွေကို ညွှန်းပေးရမယ်ဆိုရင် ဟင်းနုနွယ်၊ မုန်လာဥနဲ့ ကြက်သား ခေါက်ဆွဲပြုတ်တို့ကို စားပေးသင့်ပါတယ်။ အငန်ဓာတ်ပါတဲ့  မုန့်ကြွပ်လေးတွေ စားပေးလို့လည်း ရပါတယ်။ 

(၆) ချင်းစားပါ

ချင်းက အရက်နာကျရင် ဖြစ်တတ်တဲ့ မအီမသာဖြစ်တာနဲ့ အော့အန်တာကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ အရက်သောက်တာ များသွားတဲ့အခါ ရေနွေးပူပူထဲကို ချင်းတစ်ပြားလောက် ထည့်သောက်တာမျိုးဖြစ်ဖြစ်၊ ချင်းကို ပါးပါးလေးလွှာပြီး ဝါးစားတာမျိုးဖြစ်ဖြစ် လုပ်ပေးပါ။

(၇) ပျားရည်

အရက်အလွန်အကျွံ သောက်မိသွားရင် သွေးအတွင်း သကြားဓာတ် လျော့နည်းသွားတဲ့အတွက် မောပန်းနွမ်းနယ်နေတတ်ပါတယ်။ ပျားရည်ကတော့ မနက်ခင်းမှာ မျက်လုံးမဖွင့်နိုင်တဲ့ အခြေအနေမျိုးနဲ့ ကြုံခဲ့ရင်တောင် အားအင်ဖြစ်အောင် တွန်းအားပေးနိုင်ပါတယ်။

(၈) ကော်ဖီသောက်ပါ

အရက်နာကျပြီး ပင်ပန်းနွမ်းနယ်နေချိန်မှာ ကော်ဖီပူပူလေး သောက်ပေးလိုက်တာက ပိုမိုကောင်းမွန်တဲ့ ခံစားချက်ကို ရစေပါတယ်။ ကော်ဖီမှာ ပါတဲ့ ကဖင်းဓာတ်က ခေါင်းကိုက်တဲ့ဝေဒနာကို သက်သာစေပြီး လန်းဆန်းစေပါတယ်။ သတိပြုရမှာက ကော်ဖီသောက်တာများရင် ခဏခဏဆီးသွားပြီး ခန္ဓာကိုယ်ရေဓာတ် ခန်းခြောက်ခြင်းကို ဖြစ်စေတာကြောင့် အများကြီး မသောက်သင့်ပါဘူး။  

⇐ Previous Next

Read 1106 times