Entertainment

အူတက်အောင်ရီရမယ့် ဟာသရုပ်ရှင် (၅) ကား

5 Best Comedy Movies

တစ်ခါပြုံးရင် တစ်ရက် အသက်ပိုရှည်မယ်ဆိုတော့ ဒီတစ်ပတ်ပိတ်ရက်မှာ ရယ်မောပျော်ရွှင်နိုင်ဖို့ ဟာသဇာတ်ကားကောင်း (၅) ကားကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ စိတ်ညစ်နေချိန်မှာဖြစ်ဖြစ်၊ ပင်ပန်းနွမ်းနယ်နေချိန်မှာဖြစ်ဖြစ်၊ အားငယ်ဝမ်းနည်းနေရချိန်မှာဖြစ်ဖြစ် ဟာသကားကောင်းကောင်းလေး တစ်ကားကို ကြည့်ပြီး စိတ်လွတ်လက်လွတ် ရယ်မောလိုက်ရတာဟာ အရမ်းကောင်းတဲ့ ဆေးတစ်ခွက်ပါပဲ။

(၁) The Gods Must Be Crazy (1980)

ဒီကားလေးကို မြန်မာပရိသတ်တွေကတော့ ပုလင်းပြသနာ ဟာသကားလို့ သိကြပါလိမ့်မယ်။ ဒီရုပ်ရှင်ထဲက ဇာတ်လိုက် “စီ” ရဲ့ မူရင်းနာမည်ကတော့ Nǃxau Toma ဖြစ်ပါတယ်။ သူက တောင်အာဖရိကတိုက် နမီးဘီးယားနိုင်ငံ၊ ကာလာဟာရီ သဲကန္တာရမှာ နေထိုင်တဲ့ လူရိုင်းလူမျိုးစုတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ဇာတ်ကားကတော့ လေယာဉ်ပေါ်မှ ပြုတ်ကျလာတဲ့ ကိုကာကိုလာ ပုလင်းကနေ စတာဖြစ်ပါတယ်။ 

အဲ့ပုလင်းကို ဘုရားပေးတဲ့ လက်ဆောင်လို့ ထင်ပြီး လူရိုင်းတွေ လုယူကြပုံ၊ ပုလင်းက ရွာသားတွေ တစ်ခါမှမဖြစ်ဖူးတဲ့ လောဘ၊ ဒေါသ၊ မောဟတွေကို ဖြစ်စေတယ်လို့ ရွာလူကြီးက ဆုံးဖြတ်ပြီး “စီ” ကို ပုလင်းစွန့်ပစ်ခိုင်းပုံတွေကို အလွဲလေးတွေနဲ့ ကြည့်ရမှာဖြစ်လို့ ဝပ်ဝပ်ကွဲအောင် ရီရမှာပါ။ ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် The Gods Must Be Crazy (2) ကတော့ ၁၉၈၉ ခုနှစ်မှာ ထပ်ပြီး ထွက်ရှိခဲ့ပါတယ်။  

(၂) The Hangover (2009)

Comedy ဇာတ်ကားတွေဟာ Rating မြင့်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် Hangover ဇာတ်ကားကတော့ Comedy အမျိုးအစားဖြစ်ပေမယ့် Rating ၇.၇ အထိ ရရှိခဲ့ပါတယ်။ အမေရိကန် ဟာသသရုပ်ဆောင် (၃) ဦး ပါဝင် ရိုက်ကူးထားတာဖြစ်ပြီး Part (1/2/3) ထိ (၃) ကား ထွက်ရှိခဲ့ပါတယ်။ ပရိတ်သတ်အားပေးမှု များစွာ ရရှိခဲ့ပြီး ထိုဇာတ်ကား (၃) ကားမှ စုစုပေါင်းဝင်ငွေ ၁.၄ ဘီလီယံထိ ရရှိခဲ့ပါတယ်။ 

ဇာတ်လမ်းကတော့ ဒေါ့ဆိုတဲ့ လူမှာ အချစ်ဆုံး သူငယ်ချင်းနှစ်ယောက် ရှိပါတယ်။ ဒေါ့ဟာ မင်္ဂလာဆောင်ခါနီးမှာ လူပျိုညပါတီအတွက် သူ့သူငယ်ချင်းနှစ်ယောက်ရယ်၊ သူ့ကောင်မလေး အစ်ကိုရယ်နဲ့ လေးယောက်ပေါင်းပြီး လက်စ်ဗီးဂတ်စ်ကို သွားကြပါတယ်။ လေးယောက်စလုံး ညဘက် မူးအောင်သောက်ပြီး ကမ်းကုန်အောင် လွဲကြပါတော့တယ်။ 

မနက်ဘက် သူတို့ နိုးလာတဲ့အခါမှာလည်း ညက ကိစ္စတွေကို ဘာတစ်ခုမှ မမှတ်မိတော့တဲ့အပြင် သတို့သားလောင်း ဒေါ့ဟာ ပျောက်ဆုံးနေခဲ့ပါတယ်။ ဒီတော့ သုံးယောက်ပေါင်းပြီး ဒေါ့ကို အပူတပြင်း လိုက်ရှာရပါတော့တယ်။ သူတို့ ညတုန်းက ဘာတွေဖြစ်ခဲ့ကြလဲ၊ သုံးယောက်ပေါင်းပြီး ဘယ်လိုတွေ လွဲကြမလဲ၊ သတို့သားလောင်း ဒေါ့ကိုရော မင်္ဂလာပွဲအမှီ ရှာနိုင်ပါ့မလားဆိုတာကို ရီမောရင်း ကြည့်ရမှာပါ။

     Advertisement

Click Here > Min Han Terrazzo

(၃) Baby’s Day Out (1994)

မြန်မာနိုင်ငံမှာ တော်တော်လေးကို ပေါက်ခဲ့တဲ့ ကားဖြစ်ပြီး မသိသူလည်း မရှိသလောက်ပါပဲ။ ရုပ်ရှင်သိပ်မကြည့်ဖြစ်တဲ့သူတွေတောင်မှ Baby's Day Out ကို ရုပ်ရှင်နာမည် မသိရင်နေ ဇာတ်ကားကိုတော့ သိကြပါတယ်။ ဟာသဆန်တဲ့ ဇာတ်ကွက်တွေကြောင့် လုံးဝကို စိတ်ဖိစီးမှုတွေ ဖြေလျှော့ ပေးနိုင်တဲ့ကားပါ။ ချမ်းသာတဲ့ စုံတွဲတစ်တွဲရဲ့ ကလေးကို ပြန်ပေးဆွဲဖို့ ကြိုးစားတဲ့ ခပ်အအ လူသုံးယောက်ကို ကလေးက ပညာပြန်ပေးပုံကို အူတက်အောင် ရိုက်ပြထားပါတယ်။ ဇာတ်လမ်းလေးက ရိုးစင်းပေမယ့် အဖြစ်အပျက်တွေက ဆန်းပြားလွန်းတော့ တကယ်ကို ကြည့်လို့ကောင်းပါတယ်။ 

(၄) Due Date (2010)

အဓိက ဇာတ်ဆောင်မင်းသားတွေကတော့ Iron Man ထဲက စွယ်စုံရမင်းသား Robert Downey Jr နဲ့ Hangover ထဲက ငကြောင်ဇာတ်ရုပ်ကို ပိုင်နိုင်တဲ့ Zach Galifianakis တို့ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန် အရှေ့ပိုင်းဒေသကို အလုပ်ကိစ္စနဲ့ ရောက်နေတဲ့ ပီတာ (Robert Downey Jr) ဟာ မိန်းမမီးဖွားချိန် မှီအောင်လို့ အမေရိကန်အနောက်ပိုင်းကို လေယာဉ်နဲ့ ပြန်ချိန်မှာ အီသန် (Zach Galifianakis) နဲ့ စတွေ့ခဲ့ပါတယ်။ 

အီသန်ကြောင့် လေယာဉ်စီးခွင့် အပိတ်ခံရပြီး ပိုက်ဆံလည်းမရှိ မှတ်ပုံတင်လည်းမရှိ ဒုက္ခရောက်ခဲ့ရပါတယ်။ နောက်မှာတော့ အီသန်ရဲ့ ဖိတ်ခေါ်ချက်အရ ကားနဲ့ မိုင် ၂,၀၀၀ လောက် ခရီးအတူ ထွက်လာခဲ့ပြီး လမ်းမှာ အီသန်ကြောင့် ပီတာ ဒုက္ခရောက်ရပုံတွေကို ဟာသဖောက်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။

(၅) We are the Millers (2013)

IMDb Rating 7 ရရှိထားတဲ့ Crime/Comedy အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆေးခြောက်ကို ကိုယ်စားလှယ်ယူပြီး ရောင်းတဲ့ ဒေးဗစ်တစ်ယောက် တစ်နေ့မှာ ဓားပြတိုက်ခံရပြီး ရှိသမျှ ပိုက်ဆံတွေရော ဆေးခြောက်တွေပါ အကုန်ပါသွားပါတယ်။

ဒီအခါမှာ ပိုက်ဆံတွေ ပြန်မလျော်နိုင်တဲ့ ဒေးဗစ်ကို သူ့ရဲ့ သူငယ်ချင်းလည်းဖြစ်၊ အလုပ်ရှင်လည်းဖြစ်သူက အလျော်အစားအနေနဲ့ အလုပ်တစ်ခု ကမ်းလှမ်းခဲ့ပါတယ်။ ဒီအလုပ်ကတော့ မက္ကစီကိုက ဆေးခြောက်တွေကို နယ်စပ်ကို ဖြတ်ပြီး အမေရိကန်ထဲ သယ်လာဖို့ပါ။ ရွေးစရာလမ်း မရှိတော့တဲ့ ဒေးဗစ်ဟာ နယ်စပ်ဖြတ်ပြီး ဆေးခြောက်တွေ သယ်ရမယ့် မူးယစ်ဆေးမှောင်ခိုအလုပ်ကို လက်ခံလိုက်ရပါတော့တယ်။ 

ဆေးခြောက်မှောင်ခိုသယ်မယ့် အလုပ်ကို ကူညီဖို့ အူကြောင်ကြောင်ကောင်လေးတစ်ယောက်ရယ်၊ အိမ်ခြေမဲ့ ကလေကချေမလေးတစ်ယောက်ရယ်၊ ကလပ်တစ်ခုက ဖော်ချွတ်မယ်တစ်ယောက်ရယ်ကို ပိုက်ဆံပေးမယ်ပြောကာ မိသားစုဟန်ဆောင်ပြီး အတူလိုက်ခဲ့ဖို့ ခေါ်လာခဲ့ပါတယ်။ ဒေးဗစ်တို့အဖွဲ့ အလွဲလွဲအချော်ချော်နဲ့ ဘာတွေဆက်ဖြစ်မလဲ၊ ဆေးခြောက်တွေ သယ်လာပြီး ငွေတွေပဲ ရမလား၊ အဖမ်းပဲခံရမလားဆိုတာကို ဒီဇာတ်ကားလေးမှာ တဝါးဝါး တဟားဟားရီရင်း ကြည့်ရမှာ ဖြစ်ပါတယ်။ 

⇐ Previous Next

Read 1933 times