Entertainment

တရုတ်-မြန်မာ နယ်စပ်က ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်း ရိုက်ကူးထားတဲ့ No More Bets

Chinese Movie - No More Bets

No More Bets ရုပ်ရှင်ဟာ ဩဂုတ်လ (၈) ရက်နေ့မှာ စတင်ရုံတင်ပြသခဲ့တဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ လူကုန်ကူးမှုတွေအကြောင်း ရိုက်ကူးထားတဲ့ မှုခင်းဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ တရုတ်နိုင်ငံမှာ လက်ရှိအချိန်အထိ ကြည့်ရှုသူနှုန်း မြင့်တက်နေတဲ့အပြင် ရုံတင်ပြီး လေးပတ်မြောက်အကြာမှာ ပြည်တွင်းရုံတင်ဝင်ငွေ ၄၇၀ မီလီယံဒေါ်လာအထိ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်အောင်မြင်မှုရဲ့ နောက်ဆက်တွဲကတော့ တရုတ်ပြည်သူတွေ အရှေ့တောင်အာရှနိုင်ငံတွေကို အလည်အပတ် ခရီးသွားဖို့တောင် ကြောက်နေကြပြီဆိုတဲ့အကြောင်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အတွေ့များလာရတာပါပဲ။ ဒါ့အပြင် မြန်မာမြေမှာ အခြေစိုက် လုပ်ကိုင်နေတဲ့ ရာဇဝတ်မှုတွေအကြောင်း ရိုက်ပြထားတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံကို ဒုစရိုက်မှုတွေ ကြီးစိုးတဲ့ နိုင်ငံအဖြစ် ဝါဒဖြန့်တဲ့ ရုပ်ရှင်ဆိုပြီး ဝေဖန်ပြောဆိုထားကြတာတွေလည်း ရှိပါတယ်။ 

ဇာတ်လမ်းကတော့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း မူဆယ်၊ လောက်ကိုင်တို့လို တရုတ်-မြန်မာနယ်စပ်မြို့တွေကနေ တာချီလိတ်၊ မြဝတီတို့လို ထိုင်း-မြန်မာနယ်စပ်မြို့တွေအထိ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းမှာ မတရား ခိုင်းစေခံရတဲ့ လူငယ်တွေရဲ့ ဘဝဇာတ်ကြောင်းပါ။ 

Advertisement

Click Here >  Hmwe

ဒီဇာတ်လမ်းရဲ့ မင်းသားနေရာကနေ ကိုရီးယား ပေါ့ပ်အဆိုတော်အဖွဲ့ Exo ရဲ့ အဖွဲ့ဝင်ဟောင်း Lay (Zang Yixing) က ကွန်ပျူတာ ပရိုဂရမ်မာ Pan Sheng အဖြစ် ပါဝင်ရိုက်ကူးထားပါတယ်။ ခေါင်းဆောင်မင်းသမီးအနေနဲ့ Gina Jin က မော်ဒယ် Liang Anna အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူတို့နှစ်ဦးဟာ ငွေမက်လုံးကြောင့် လူကုန်ကူးခံရပြီး ကံမကောင်းစွာနဲ့ဘဲ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်တဲ့ အဖွဲ့အစည်းအောက်ကို ရောက်သွားခဲ့ပြီး နှိပ်စက်ခံခဲ့ရပါတယ်။   

ဇာတ်လမ်းအကျဉ်းက တစ်နေ့ Pan Sheng အလုပ်လုပ်တဲ့ ကုမ္ပဏီမှာ ရာထူးတိုးပွဲ ရှိလာပါတယ်။ လူတိုင်းက Peng Sheng ကို သေချာပေါက် ရာထူးတိုးမယ်လို့ ထင်နေကြပေမဲ့ တခြားတစ်ယောက်က ရသွားပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး မကျေနပ်တဲ့ Peng Sheng က အဲ့ဒီကုမ္ပဏီကနေ အလုပ်ထွက်ခဲ့ပါတယ်။

ပြီးတော့ Peng Sheng ကို ပရိုဂရမ်မာတစ်ယောက်အနေနဲ့ တရုတ်နိုင်ငံမှာထက် စင်္ကာပူမှာ လုပ်ခလစာ ပိုကောင်းနိုင်တယ်လို့ သူ့သူငယ်ချင်းက ပြောလာတဲ့အတွက်ကြောင့် သူဟာ သူငယ်ချင်း ပြောစကားကို ယုံခဲ့ပြီး အလုပ်ကနေ ထွက်ခဲ့လိုက်ပါတယ်။ 

စင်္ကာပူကို သွားမယ်ဆိုပြီး Peng Sheng တစ်ယောက် သူငယ်ချင်းဖြစ်သူနဲ့အတူ လေယာဥ်စီးလာခဲ့ပါတယ်။ သူတို့ကို လာကြိုတဲ့ ကုမ္ပဏီက သူဌေးက လေဆိပ်မှာတင် Peng Sheng ရဲ့ Passport ကို ပျောက်ရှသွားမယ်လို့ အကြောင်းပြကာ သိမ်းယူလိုက်ပါတယ်။  ဒီလိုနဲ့ လမ်းကြား လမ်းကွေ့တွေဆီကနေ ခေါ်သွားတဲ့အခါမှာမှ Peng Sheng တစ်ယောက် သူရောက်နေတာ စင်္ကာပူမဟုတ်ဘဲ နယ်စပ်တစ်ခုဖြစ်နေတာကို သိရှိသွားခဲ့ပြီး ထွက်ပြေးတဲ့အခါမှာတော့ သူငယ်ချင်းဖြစ်သူရဲ့ လက်ချက်နဲ့ သတိလစ်သွားပါတော့တယ်။ 

သူသတိရတဲ့အခါမှာ သူဌေးက သူလုပ်ကိုင်ရမယ့် ကျဖြန့်လုပ်ငန်းခွင် (အွန်လိုင်းကနေ ငွေလိမ်လည်မှု) ထဲကို ခေါ်သွားပါတော့တယ်။ သူတို့ အပေါ်ထပ်ကို တက်လာချိန်မှာ ထွက်ပြေးလို့ လျှပ်စစ်နဲ့ တို့ခံနေရတဲ့ အလုပ်သမားတစ်ယောက်ကို ထိတ်လန့်စွာနဲ့ သူတွေ့လိုက်ရပါတယ်။ Peng Sheng ဟာ လုပ်ငန်းခွင်မှာ လောင်းကစားနဲ့ ပတ်သက်တဲ့ Computer Developing ပိုင်းကို လစာမဲ့ ဖိအားပေးလုပ်ခိုင်းခံရပါတော့တယ်။

ဒီလိုနဲ့ Peng Sheng လည်း မခံနိုင်တော့ဘဲ တခြားအလုပ်သမားတွေနည်းတူ ထွက်ပြေးတဲ့အခါမှာ ဘာတွေ ဆက်ဖြစ်မလဲ၊ ဘယ်လိုနှိပ်စက်ခံရမလဲ၊ ဒီငရဲတွင်းကနေ ဘယ်လိုလွတ်မြောက်အောင် ကြိုးစားရုန်းထွက်မလဲ၊ အွန်လိုင်းလောင်းကစားဂိမ်းတွေကြောင့် ဘယ်လို ဘ၀ပျက်ကြရလဲ ဆိုတာတွေကို ပညာပေးအနေနဲ့ ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။  

နယ်စပ်ဆိုတာ လုံခြုံရေး မတင်းကြပ်ရင် ဒုစရိုက်လုပ်ငန်းပေါင်းစုံ ကျင်လည်နိုင်တဲ့ နေရာမျိုးပါ။ ဒါကြောင့် No More Bets က ပေးတဲ့ သင်ခန်းစာကတော့ Peng Sheng လို လုပ်ခလစာကောင်းတယ်ဆိုပြီး မက်လုံးပေးတိုင်း ယုံကြည်မိရင် နယ်စပ်မှာ ရောင်းစားခံရနိုင်ကြောင်းနဲ့ ဘယ်လောက်ပဲ ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းက ပြောပြော အာမခံချက်ပြည့်ဝပြီး ယုံကြည်ရတဲ့ လုပ်ငန်းဖြစ်မှသာ သွားရောက်လုပ်ကိုင်ဖို့ သင့်ကြောင်း ပညာပေးထားပါတယ်။ 

⇐ Previous Next

Read 1969 times