Travel

မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ် နယ်စပ်နားက Pan Laung Eco Lodge

 Pan Laung Eco Lodge

မြေပြန့်အညာဒေသနဲ့ တောင်ပေါ်‌ဒေသ နှစ်ခု ပေါင်းဆုံရာ နေရာလေးမှာ တောတောင်ရေမြေသဘာ၀ရဲ့ အငွေ့အသက်ကို အနီးကပ် ထိတွေ့ခံစားရမယ့် အပန်းဖြေစခန်းလေးတစ်ခုအကြောင်း မျှဝေပေးချင်ပါတယ်။ ဒီအပန်းဖြေစခန်းလေးရဲ့ နာမည်ကတော့ Pan Laung Eco Lodge ဖြစ်ပြီး အညာဒေရဲ့ အလှနဲ့ တောင်ပေါ်ဒေသရဲ့ စိမ်းစိမ်းစိုစို ရှုခင်း နှစ်ခုစလုံးကို မြင်တွေ့ခံစားရစေပါတယ်။

ပန်းလောင်မြစ်ကို စိမ်းညို့ညို့ တောင်စဉ်တောင်တန်းတွေ ပတ်ရံထားတဲ့ အနေအထားရှိတာကြောင့် ရုတ်တရက်ကြည့်လိုက်ရင် ရှမ်းပြည်နယ်လိုလို၊ ကချင်ပြည်နယ်လိုလို ထင်ရပါတယ်။ နိုင်ငံခြားနဲ့ ယှဉ်ပြောရရင် ထိုင်းနိုင်ငံက ကန်ချနာဘူရီလိုလို ဆွစ်ဇလန်လိုလို အောက်မေ့ရပါတယ်။ တကယ်က ဒီနေရာဟာ မန္တလေးတိုင်းထဲမှာပဲ တည်ရှိတာပါ။ မန္တလေးက သူတွေဆို အဲ့နေရာကို နှစ်နာရီခွဲလောက်ပဲ ကားမောင်းရင် ရောက်တာကြောင့် နေ့ချင်းပြန်တောင် သွားလည်လို့ ရပါတယ်။ ရန်ကုန်က လူတွေကတော့ လည်မှာပတ်မှာနဲ့ဆို အနည်းဆုံး တစ်ညအိပ်လောက်မှ အဆင်ပြေပါလိမ့်မယ်။ 

Advertisement

Click Here >>> K & S PPE Supplier

သဘာဝ ဂေဟစနစ် မပျက်စီးသေးတဲ့ နေရာလေးတစ်ခုမှာ Camping သွားလုပ်ကြမလား? နှပ်ကော်ဖီလေး သောက်ရင်း သဘာဝ တောင်တန်းကြီးတွေရဲ့ ရှူခင်းတွေကို ထိုင်ငေးမလား? ပန်းလောင်မြစ်ရဲ့ အလှကို ခံစားရင်း အမောဖြေမလား? မြို့ပြရဲ့ မွန်းကြပ်မှုတွေ၊ ဆူညံသံတွေကနေ ရုန်းထွက်ပြီး ကျေးငှက်သံ၊ ရေကျသံတွေက လွဲလို့ တိတ်ဆိတ်အေးချမ်းနေတဲ့ တောတွင်းစခန်းလေးတစ်ခုမှာ အနားယူ အပန်းဖြေချင်တယ်ဆိုရင် Pan Laung Eco Lodge ရှိပါတယ်။ 

သူ့နေရာကို ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ကူမဲ-ကင်းတားဆည် လမ်း၊ မိုင်တိုင် ၁၄/၃ အထိ ကားနဲ့သွားပါ။ အရင်ဆုံး စက်လှေဆိပ်ကို တွေ့ရပါလိမ့်မယ်။ အဲ့မှာ ကားရပ်လို့ ရမယ့် ကားပါကင်လည်း ရှိပါတယ်။ ပြီးရင် လှေဆိပ်ကနေမှ စက်လှေ (၁၀) မိနစ်လောက် စီးပြီးရင် အပန်းဖြေစခန်း Pan Laung Eco Lodge ကို ရောက်ပါပြီ။

စရောက်တာနဲ့ ဖော်ရွေပျူငှာတဲ့ ကျေးလက်ဒေသခံ ဝန်ထမ်းလေးတွေက ခြံထဲမှာ စိုက်ထားတဲ့ အသီးကို ချက်ချင်းခူးပြီး ဖျော်ရည်တိုက်မှာဆိုတော့ လတ်လတ်ဆတ်ရှိလို့ လမ်းခရီးမှာ ပန်းလာသမျှ အမောပြေမှာပါ။ 

Pan Laung Eco Lodge မှာ -

Camping လုပ်မှာလား?

ကရက်လှေ လှော်မှာလား? 

ဝါးဖောင်စီးမှာလား?

စက်ဘီးစီးမှာလား? 

ရေတံခွန်ကို စက်လှေစီးပြီး သွားကြမှာလား? 

ချောင်းထဲမှာ ရေစိမ်၊ ရေဆော့မလား? 

ကိုယ်တိုင် စိုက်ပျိုးထားတဲ့ အေးရိပ်မွန် Organic Farm က ခြံထွက်အသီးအနှံတွေကို ခူးဆွတ်ပြီး ချက်ပြုတ်ထားတဲ့ အညာကျေးလက် ထမင်းဝိုင်းလေး လွှေးချင်တာလား? Pan Laung Eco Lodge ကိုသာ သတိရလိုက်ပါ။ အညာဒေသဖြစ်တဲ့အတွက် ထန်းပင်ကျရည်စစ်စစ်လည်း ရပါသေးတယ်နော်။  

Pan Laung Eco Lodge မှာ သဘာဝ ဂေဟစနစ်နဲ့ ပတ်သက်တာ ဘာတွေ တွေ့ရမှာလဲ?

တောတွင်း တိရိစ္ဆာန်များ၊ ပုပ္ပါးမျောက်မြှီးရှည်များ၊ ပန်းလောင်မြစ်အတွင်းမှာ ကျက်စားနေထိုင်ကြသော ရှားပါးငှက်မျိုးစိတ်များ၊ လိပ်ပြာများ၊ သဘာဝ စမ်းချောင်းငယ်ကလေးများ၊ ရေစိမ်ကန်များ၊ မြေအောက်လှိုဏ်ဂူများ၊ နှစ်သန်းပေါင်းများစွာ သက်တမ်းရှိပြီဖြစ်တဲ့ သဘာဝ ထုံးကျောက်ဂူမှ ကျောက်ဆက်ပန်းဆွဲများ၊ သဘာဝ ရေတံခွန်များ စသဖြင့် တွေ့ရတတ်ပါတယ်။  ဒီလို အပန်းဖြေစခန်းတွေမှာ အနားယူတာက သစ်တော၊ သစ်ပင်၊ ရေပြင် သဘာဝကို ခံစားတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုကိုလည်း ရစေပါတယ်။  

Pan Laung Eco Lodge ရဲ့  ညပိုင်းမှာ ဘာတွေ မြင်တွေ့ ခံစားရမှာလဲ?

လူငယ်တွေကို မြစ်ကမ်းဘေးမှာ Tent တဲငယ်များ ကိုယ်တိုင်တပ်ဆင် တည်ဆောက်ခွင့်ပေးပြီး သဘာဝတရားကို အနီးကပ် ထိတွေ့ခံစားစေပါတယ်။ Tent နဲပဲ ညအိပ်ရင်း ကောင်းကင်မှာ ကြယ်တွေကို ရေတွက်နိုင်သလို မြို့ပြတွေမှာ မမြင်နိုင်တော့တဲ့ ပိုးစုန်းကြူးကောင်လေးများကို ကြည့်ရှုရင်း သဘာ၀ရဲ့ ညဘက်အလှကို ခံစားနိုင်ပါတယ်။    

Pan Laung Eco Lodge  အနီးနားမှာ ဘာတွေ လေ့လာစရာ ရှိလဲ?

၁။ မြန်မာပြည်ရဲ့ အကြီးဆုံးဂူ (သို့) ကျောက်ခေတ်လူသားတွေ နေထိုင်ခဲ့ရာ ပြဒါးလင်းဂူ

၂။ မြန်မာပြည်ရဲ့ အလယ်ဗဟို မှတ်တိုင်ရှိသော ပြက္ခရွေတောင်တော်

၃။ ရှုခင်းများနဲ့ လှပနေတဲ့ ခင်လယ် ရှမ်းရွာ

၄။ သဘာ၀ ကျောက်ဆက်ပန်းဆွဲများနဲ့ လှပနေတဲ့ ဖို့အင်းလှိုဏ်ဂူ

၅။ ငှက်မျိုးစိတ်သစ်များ သောင်းချီ စုပေါင်း နေထိုင်ကြတဲ့ ငှက်တွင်း

၆။ ရှေးမြန်မာ ပျူလူမျိုးတွေ နေထိုင်ခဲ့တဲ့ မိုင်းမော ပျူမြို့ဟောင်း

၇။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က ရှေးမြန်မာလူကြီးများရဲ့ ဂူဗိမာန် 

၈။ Pan Laung Eco Lodge မှ စီစဉ်ပေးတဲ့ ရွာငံသို့ တောင်တွင်းလမ်းလျှောက်ခရီး 

၉။ သမိုင်းအစဉ်အလာကြီးတဲ့အပြင် နတ်လည်းကြီးတဲ့ နတ်ထိပ်တောင်နဲ့ နတ်ထိပ်တောင်ကြားလမ်း 

အထက်မှာ ပြောပြပေးထားတဲ့ နေရာတွေကို သွားရောက် လေ့လာချင်တယ်ဆိုရင် Pan Laung Eco Lodge ရဲ့ အနီးနားမှာပဲ ရှိပါတယ်။ 

နေ့ချင်းပြန် ခရီးစဉ်နဲ့ ညအိပ်ခရီးစဉ်က စျေးလည်း မတူသလို ပါဝင်တဲ့ ဝန်ဆောင်မှုတွေလည်း မတူပါဘူး။ အနည်းဆုံး လူ ၆ ဦး ပြည့်တယ်ဆို Pan Laung Eco Lodge က ခရီးစဉ် စီစဉ်ပေးပါတယ်။ 

နေ့ချင်းပြန်ခရီးစဉ်အတွက် တစ်ဦးကို ၅၀,၀၀၀ ကျပ် ကျသင့်ပါတယ်။ ပါဝင်တဲ့ ဝန်ဆောင်မှုတွေကတော့ - 

- စက်လှေဝန်ဆောင်မှု 

- နားနေရန် ဘန်ဂလိုနေရာ စီစဉ်ပေးခြင်း

- အဆာပြေမုန့် အပါအဝင် နေ့လည်စာ ပါဝင်ခြင်း

- ဒေသခံလမ်းပြတစ်ယောက် ထည့်ပေးခြင်း

- ရေလမ်းခရီးအတွက် အသက်ကယ်အင်္ကျီ

- ရေတံခွန်တွေကို စက်လှေနဲ့ ပို့ပေးတဲ့ ဝန်ဆောင်မှု 

- တောင်ပေါ် ရေတံခွန်ကို Trekking ပို့ပေးတဲ့ ဝန်ဆောင်မှုတွေလည်း ပါဝင်ပါတယ်။

အချိန်ကတော့ မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ သတ်မှတ်ထားပါတယ်။ 

ညအိပ်ခရီးစဉ်ဆို တစ်ဦးကို ၉၀,၀၀၀ ကျပ် ရှိပါတယ်။ ပါဝင်တဲ့ ဝန်ဆောင်မှုတွေကတော့ -

- ရေတံခွန်ကို စက်လှေနဲ့ ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှု

- တောင်ပေါ် ရေတံခွန်ကို Trekking ပို့ပေးတဲ့ ဝန်ဆောင်မှု

- ဒေသခံ လမ်းပြ ဝန်ဆောင်မှု

- ရေလမ်းခရီးအတွက် အသက်ကယ်အင်္ကျီ

- Tent ဝန်ဆောင်မှု

- နှစ်ဦးစာ စောင်၊ မွေ့ယာ၊ ခေါင်းအုံး

- မနက်စာ၊ နေ့လည်စာ၊ အဆာပြေချိန်၊ ညစာ၊ အချိုပွဲ

- အပြန် လှေဆိပ်ကို ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုတို့ ပါဝင်ပါတယ်။ 

ညအိပ်ခရီးအတွက် သတ်မှတ်ချိန်ကတော့ နေ့လယ် ၁၂ နာရီကနေ နောက်တစ်နေ့ နေ့လယ် ၁၂ နာရီအထိ ဖြစ်ပါတယ်။ 

အိပ်ရမှာကတော့ Tent လေးတွေ ထိုးပြီး အိပ်ရမှာပါ။ ဘန်ဂလို အဖွင့်တဲလေးထဲမှာလည်း Tent ထိုးပြီး အိပ်လို့ရသလို မြစ်ရှုခင်းဘေး ဒါမှမဟုတ် အပန်းဖြေဝန်းထဲက တခြားကိုယ်ကြိုက်တဲ့ နေရာလေးတွေမှာ Tent ထိုးပြီး အိပ်လို့လည်း ရပါတယ်။ အောက်ကို ကြွေပြားကပ်ထားပြီး ဘေးအကာတွေကို ဝါးကပ်လေးနဲ့ ခြံရံဆောက်ထားတဲ့ Toilet (၆) လုံး ရှိပါတယ်။ 

ယူဆောင်သွားသင့်တဲ့ ပစ္စည်းတွေ -

- ဓာတ်မီး

- မီးခြစ်

- ခြင်ဆေးဖျန်းဆေး

- Personal Water Bottle

- Trekking Shoes (or) Walking Shoes

- အင်္ကျီအပို

- ဦးထုပ်

- Sun Block Cream အစရှိတာလေးတွေ ယူလာဖို့ လိုအပ်ပါမယ်။ 

သတိပေးချက်

အင်တာနက်နဲ့ ဖုန်းလိုင်းကတော့ MPT နဲ့ Ooredoo တော့ မိပါတယ်။ မမိတဲ့ နေရာကျရင်လည်း လုံး၀ လိုင်းမမိတာမျိုး ဖြစ်ပါတယ်။ သတိပေးချင်တာကတော့ ဂေဟစနစ် တောတွင်းစခန်းဖြစ်တဲ့အတွက် ပလတ်စတစ်အမှိုက်တွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ညစ်နွမ်းစေမယ့် စွန့်ပစ်ပစ္စည်းတွေကိုတော့ မပစ်ခဲ့​ကြပါနဲ့နော်။ 

လိပ်စာ

ရန်ကုန်-မန္တလေး လမ်းဟောင်း 

ကူမဲ-ကင်းတားဆည် လမ်း မိုင်တိုင် ၁၄/၃ 

အသေးစိတ် သိလိုပါက ဖုန်း 09-983888721 , 09444763856 , 09940405888 တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

⇐ Previous Next

Read 1310 times