Best Domestic Travel

ဇန်နဝါရီလထဲ ခရီးသွားမယ်ဆိုရင် ရွေးချယ်သင့်တဲ့ နေရာ (၃) နေရာ

Destinations for January

ဒီလထဲမှာ ခရီးသွားချင်တဲ့သူတွေအတွက် ဇန်နဝါရီလအတွင်း လုပ်လေ့ရှိတဲ့ ပွဲတော်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ခရီးလည်းသွားရင်း တိုင်းရင်းသားတွေရဲ့ ရိုးရာ၊ ဓလေ့စရိုက်နဲ့ ယဉ်ကျေးမှု ပုံစံတွေကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

၁။ နာဂနှစ်သစ်ကူးပွဲတော်

နှစ်စဉ် ဇန်နဝါရီလ (၁၄) ကနေ (၁၆) ရက်နေ့ထိ နာဂနှစ်သစ်ကူးပွဲတော်ကို (၃) ရက်တိုင် ကျင်းပ ပြုလုပ်လေ့ ရှိပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ လေရှီးမြို့နယ်ရှိ လေရှီး၊ လဟယ်နဲ့ နန်းယွန်း မြို့တွေမှာ အလှည့်ကျ ကျင်းပပါတယ်။

မျိုးနွယ်စုပေါင်း ၄၉ စုကျော်က သူတို့ရဲ့ ထူးခြားတဲ့ ရိုးရာအဝတ်အစားတွေကို ဝတ်ဆင်ပြီး နှစ်သစ်ကို ကြိုဆိုကြပါတယ်။ မိသားစု၊ မိတ်ဆွေတွေနဲ့အတူ နှစ်သစ်ဆုမွန်ကောင်းများ တောင်းကြပြီး နှစ်ရက်တာ ရိုးရာသီချင်းများ သီဆို ကပြကြပါတယ်။ 

ခရီးသွားတွေအနေနဲ့ နာဂလူမျိုးတွေရဲ့ ရိုးရာဓလေ့ထုံးတမ်းများကို လေ့လာနိုင်ပြီး ဒေသခံ တိုင်းရင်းသားတွေနဲ့အတူ နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။

၂။ ကချင်မနောပွဲတော်

နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီလ ပထမပတ်တိုင်းမှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမှာ မနောပွဲတော်ကို ကျင်းပလေ့ ရှိပါတယ်။ ပွဲတော်ရက်ကို တစ်ရက်ထဲသာ ကျင်းပ ပြုလုပ်ပြီး ကချင်မျိုးနွယ်စုတွေက မနောအကများနဲ့ ကပြကြပါတယ်။

နိုင်ငံအနှံ့အပြားကို ရောက်နေတဲ့ ကချင်လူမျိုးတွေဟာ မနောပွဲတော် ကျင်းပရက်မှာ မြန်မာနိုင်ငံကို ပြန်လာကြပြီး ပွဲတော်ကို မိသားစု၊ မိတ်ဆွေတွေနဲ့ အတူတူ ဆင်နွှဲကြပါတယ်။ 

ပွဲတော်ရက်အတွင်းမှာ အနုစိတ်ဒီဇိုင်းတွေနဲ့ အလှဆင်ထားတဲ့ မနောတိုင်များကို ပွဲတော်ကျင်းပရာ နေရာရဲ့ အလယ်တွင် ထားရှိကြပါတယ်။ မနောတိုင်ပတ်ပတ်လည်မှာ ရောင်စုံရိုးရာဝတ်စုံတွေ ဝတ်ဆင် ကပြကြပြီး နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲတာ ဖြစ်ပါတယ်။  

ခရီးသွားဧည့်သည်တွေအနေနဲ့လည်း ကချင်မနောပွဲတော်မှာ တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဝင်ရောက် ကနိုင်ပါတယ်။ 

၃။ အာနန္ဒာဘုရားပွဲတော်

ပုဂံက အာနန္ဒာဘုရားပွဲတော်ကို ဇန်နဝါရီလ (၁၂) ရက်နေ (၂၄) ရက်အထိ ( ပြာသိုလပြည့်နေ့ကနေ လဆန်း ၁၅ ရက်နေ့အထိ ) ၁၂ ရက်တိုင်တိုင် ကျင်းပ ပြုလုပ်လေ့ ရှိပါတယ်။ 

ဘုရားပွဲတော်ကို ပုဂံခေတ်အစထဲက ကျင်းပခဲ့ပြီး လက်ရှိအချိန်အထိ ပွဲတော်ဓလေ့ မပျောက်ပျက်သွားအောင် ဒေသခံတွေက ဆက်လက် ထိန်းသိမ်းလာကြတာ ဖြစ်ပါတယ်။ 

လပြည့်နေ့က အစည်ကားဆုံးဖြစ်ပြီး နီးစပ်ရာဒေသတွေနဲ့ ရပ်ဝေးဒေသ အသီးသီးက အာနန္ဒဘုရားကို လာရောက် ဖူးမျှော်ရင်း ပွဲတော်ရက် ကာလအတွင် ဒေသထွက် အစားအသောက်များကို မြည်းစမ်းကာ ပွဲတော်ကို ဆင်နွှဲကြပါတယ်။

အပေါ်မှာ ဖော်ပြခဲ့တဲ့ ပွဲတော် (၃) ခုထဲက ရောက်ဖူးပြီးတဲ့‌ နေရာတွေရှိရင် ကိုယ့်ရဲ့ အတွေ့အကြုံလေးတွေကို Sharing လုပ်ပေးသွားကြဦးနော်။ မရောက်ဖူးသေးတဲ့ သူတွေကလည်း ကြုံတောင့်ကြုံခဲ ရှားပါးတဲ့ ပွဲတော်လေးတွေမို့ မိသားစု၊ သူငယ်ချင်း၊ ချစ်ရသူတွေနဲ့အတူ အရောက်သွားကြဖို့ တိုက်တွန်းပါတယ်နော်။

⇐ Previous Next

Read 1027 times