Technology

Creator (၃) ဦးနဲ့ ပူးပေါင်းပြီး Digital Literacy Hub ကို လုပ်ဆောင်သွားမယ့် TikTok

Digital Literacy Hub of TikTok in Myanmar

ကမ္ဘာ့ထိပ်တန်း Short Video ပလပ်ဖောင်းတစ်ခုဖြစ်သည့် TikTok မှ သုံးစွဲသူများအနေဖြင့် Digital ပတ်ဝန်းကျင်ကို အသုံးပြုရာတွင် အွန်လိုင်း ဘေးကင်းလုံခြုံရေးဆိုင်ရာ အသိပညာများ တိုးပွားလာစေရန်အတွက် ဒစ်ဂျစ်တယ်အသိပညာစင်တာ ( Digital Literacy Hub ) ကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

 

Digital Literacy Hub ကို ကျန်းမာရေးဆိုင်ရာ အကြံဉာဏ်များနှင့် အကြံပြုချက်များ အမြဲမျှဝေပေးသည့် မြန်မာနိုင်ငံရှိ TikTok Creators များဖြစ်သော နော်အေး၊ ဝေဖြိုးအောင်၊ T ဇော် တို့နှင့် ပူးပေါင်းကာ သုံးစွဲသူများကို ဒစ်ဂျစ်တယ်ကမ္ဘာ၏ အကျိုးကျေးဇူးများကို ခံစားစေရန်နှင့် အခြားအွန်လိုင်း အသုံးပြုသူများကို ကာကွယ်နိုင်ရန်အတွက် ဘေးကင်းလုံခြုံရေးဆိုင်ရာ Features များကို အသုံးချမှု အားသန်စေရန် ကူညီ လုပ်ဆောင်သွားမည် ဖြစ်သည်။

 

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ ဆိုက်ဘာကျန်းမာရေး၊ အသက်မပြည့်သေးသူများ လုံခြုံဘေးကင်းရေး၊ အန္တရာယ်ရှိသော အွန်လိုင်းစိန်ခေါ်မှုများ၊ အခြားဒစ်ဂျစ်တယ်ပိုင်းနှင့် သက်ဆိုင်သည့် ပညာပေးအကြောင်းအရာများ စသည့် TikTok ၏ ပညာပေးဆိုင်ရာ လုပ်ဆောင်ချက်အားလုံးကို  အဆိုပါ Digital Literacy Hub တွင် ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

ဒစ်ဂျစ်တယ်ပညာပေးဆိုင်ရာ အကြောင်းအရာများကို ဖော်ပြရာတွင် ဗီဒီယိုများ၊ ပဟေဋ္ဌိမေးခွန်းများနှင့် ဇာတ်လမ်းအခြေခံ သင်ယူမှုအကြောင်းအရာများကို အသုံးပြုသွားမည် ဖြစ်ကာ သုံးစွဲသူများက စိတ်ဝင်စားပြီး ကြည့်ရှုရန် ရွေးချယ်ထားသော အွန်လိုင်းအကြောင်းအရာ အမျိုးအစားများအကြောင်း ပိုမိုပိုင်းခြား သိမြင်လာစေရန် ကူညီပေးမည်ဖြစ်သည့်အပြင် မသင့်လျော်သော အကြောင်းအရာများ တွေ့ရှိပါကလည်း အသိအမှတ်ပြုနိုင်ရန်နှင့် သတင်းပေးပို့နိုင်ရန် ကူညီပေးမည့် နေရာတစ်ခု ဖြစ်သည်။   

 

" TikTok ဟာ စစ်မှန်တဲ့ ဒစ်ဂျစ်တယ် ပတ်ဝန်းကျင်တွေကို ဖန်တီးပေးဖို့ ရည်ရွယ်ချက်နဲ့ ကျွန်မတို့ရဲ့ ဘေးကင်း လုံခြုံရေးဆိုင်ရာ အထောက်အကူအရင်းအမြစ်တွေကို အမြဲ အားဖြည့်လုပ်ဆောင်နေပါတယ်။ “ ဟု TikTok ၏ Public Policy Manager, Myanmar ဖြစ်သူ မကြူကြူသိန်းက ပြောကြားခဲ့သည်။

 

သူမက “ အခု မိတ်ဆက်လိုက်တဲ့ ဒစ်ဂျစ်တယ် အသိပညာစင်တာဟာ အမြဲပြောင်းလဲနေတဲ့ Digital Landscape၊ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်တွေ၊ စိန်ခေါ်မှုတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် အရေးကြီးတဲ့ ဒစ်ဂျစ်တယ် အချက်အလက်တွေ၊ ကျန်းမာရေးဆိုင်ရာ အရင်းအမြစ်တွေကို Local Community နဲ့ ပိုမိုနီးစပ်သွားစေဖို့ Creators တွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ " ဟု ဆက်ပြောခဲ့သည်။

 

TikTok သည် ဒစ်ဂျစ်တယ်ပိုင်းနှင့် သက်ဆိုင်သည့် ပညာပေးအရင်းအမြစ်များကို နားလည်မှု အားကောင်းလာစေရန် အန္တရာယ်ရှိနိုင်သော အွန်လိုင်းစိန်ခေါ်မှုများကို ဆန့်ကျင်သည့် လုပ်ဆောင်ချက်များ၊ Community Guidelines ချိုးဖောက်မှု ရှိနိုင်သည့် Hashtags များကို ချက်ချင်း ထုတ်ဖော် အသိပေးနိုင်သည့် နည်းပညာများကို အားဖြည့်ထားပြီး အသက်အရွယ်အလိုက် သင့်လျော်သော အတွေ့အကြုံများ ရရှိနိုင်ရန်နှင့် အသက် (၁၆) နှစ်အောက် အသုံးပြုသူများကို ကန့်သတ်ထားသည့် Privacy-By-Design လုပ်ဆောင်ချက်များကိုလည်း တိုးမြှင့် လုပ်ဆောင်ထားကြောင်း သိရသည်။

 

မြန်မာနိုင်ငံအတွက် Tik Tok ၏ လက်ရှိဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များအကြောင်း ပိုမိုသိရှိရန် > https://bit.ly/3pG29U5

Next

Read 994 times