Entertainment

မိုးသည်းနေ့တွေမှာ ကြည့်လို့ကောင်းမယ့် Horror ရုပ်ရှင်များ

Horror Movies Selection

မှောင်မည်းနေတဲ့ မိုးနေ့တွေနဲ့ ကြောက်မက်ဖွယ်ရာ သရဲကားတွေက တကယ်ကို လိုက်ဖက်ညီလွန်းပါတယ်။ ဒါကြောင့် မိုးရွာတဲ့နေ့တိုင်း အိမ်တွင်းအောင်းမယ့် ရုပ်ရုပ်ချစ်ပရိသတ်တွေအတွက် စောင်ခြုံကွေးရင်း အသဲတအေးအေး ကြည့်ရမယ့် Horror ဇာတ်ကားကောင်း (၅) ကားကို မျှဝေပေးလိုက်ပါတယ်။

၁။ The Exorcist (1973) 

ဒီဇာတ်ကားက IMDb Rating 8 အထိ ရထားပြီး နှစ်ပေါင်း (၅၀) ကြာပြီဖြစ်တာတောင် ကြောက်လန့်စရာ အကောင်းဆုံး ဂန္တဝင်သရဲကားကြီးတစ်ခုအဖြစ် ထိပ်ဆုံးမှာ ရှိနေဆဲဖြစ်ပါတယ်။ သရဲကားဆိုရင် ဝုန်းခနဲ ဒိုင်းခနဲနဲ့ လျှပ်တပြက်ဆန်တဲ့ ရိုက်ကွက်တွေ ကြည့်ချင်တဲ့သူတွေကိုရော၊ တစိမ့်စိမ့် တွေးရင်း ကြောက်လာရတဲ့ အရသာကိုမှ ခံစားချင်တဲ့သူတွေကိုရော ဘယ်ပရိသတ်ကိုမှ အလွတ်မပေးဘဲ ခြောက်လှန့်နိုင်ခဲ့တဲ့ “Old but Gold” ဇာတ်ကားလေးပါ။ The Exorcist- Believer ရုပ်ရှင်အသစ်ကလည်း ဒီနှစ် အောက်တိုဘာ (၁၃) ရက်နေ့မှာ ထပ်ထွက်ဖို့ ရှိလို့ ဒီအဟောင်းလေး အရင်ကြည့်ထားကြပါ။ 

ရီဂန်ဆိုတဲ့ ကလေးမလေးဟာ အကောင်းချည်းကနေ ရုတ်တရက် ထူးဆန်းတဲ့ အပြုအမူတွေ လုပ်လာတာကို အမေဖြစ်သူ ခရစ်က စသတိထားမိလာပါတယ်။ သူ့သမီးကို ဆရာဝန်ပြကြည့်ပေမဲ့ အကြောင်းထူးမလာဘဲ ပိုဆိုးလာပါတယ်။ မြို့ထဲက ဘုန်းတော်ကြီး ဖာသာကားရက်စ်က မကောင်းဆိုးဝါး ဝင်ပူးနေတယ်လို့ သံသယရှိလာတဲ့အခါ ပယောဂထုတ် ကျွမ်းကျင်တဲ့ ဖာသာမာရင်းကို အကူအညီ လှမ်းတောင်းရပါတော့တယ်။ ကလေးမလေး ကိုယ်ထဲ ဝင်ပူးနေတဲ့ မကောင်းဆိုးဝါးကို ဘယ်လို ကြိုးစားထုတ်ကြမလဲဆိုတာကို ခြောက်ခြားဖွယ် ကြည့်ရှုရမှာပါ။ 

၂။ The Ring (2002)

ဒီဇာတ်ကားကလည်း IMDb Rating မြင့်တဲ့ထဲမှာပါပြီး စိတ်ဝင်စားစရာကောင်းတဲ့ သရဲကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့  သတင်းထောက်မလေး ရေချယ်ကယ်လာဟာ လူတွေပြောနေကျ ထိတ်လန့်ခြောက်ခြားစရာ ပုံရိပ်တွေနဲ့ ပြည့်နေတဲ့ ဗီဒီယိုတိပ်ခွေတစ်ခုကို ကြည့်ပြီးရင် ဖုန်း၀င်လာပြီး ကြည့်ရှုသူကို ခုနှစ်ရက်ကြာရင် သေဆုံးမယ်လို့ ပြောတယ်ဆိုတဲ့အကြောင်းကို သာမန်ကောလဟာလလေးတစ်ခုလိုပဲ ထင်ခဲ့ပါတယ်။ 

အဲ့ဒီဇာတ်လမ်းကို ကြည့်ပြီး လူငယ်လေးယောက် ခုနှစ်ရက်အကြာမှာ တကယ်သေဆုံးသွားပြီးတဲ့နောက်မှ သူမအထင်မှားကြောင်း ရေချယ်သိလိုက်ရပါတယ်။ သတင်းထောက်ပီပီ စူစမ်းချင်တဲ့ ဗီဇကြောင့် ရေချယ်ဟာ အဲ့ဒီဗီဒီယိုခွေကို ရအောင်လိုက်ရှာပြီး ကြည့်ဖြစ်ခဲ့ပါတယ်။ 

ဒီအခွေရဲ့ နောက်ကွယ်က လျှို့ဝှက်ဆန်းကြယ်တဲ့ ဇာတ်လမ်းအကြောင်းအရင်းကို ဖော်ထုတ်ဖို့ ရေချယ့်မှာ ခုနှစ်ရက်ပဲ အချိန်ရပါတော့တယ်။ အဲဒီ ဗီဒီယိုတိပ်ခွေကို ကြည့်သူတိုင်း သေဆုံးရတာဟာ လုပ်ကြံမှုလား၊ တိုက်ဆိုင်တာလားဆိုတာကိုတော့ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားရမှာပါ။

Advertisement

Click Here > KKK

၃။ In the Tall Grass (2019)

ဒီရုပ်ရှင်က Stephen King နဲ့ သူ့သား Joe Hill ရေးတဲ့ ဝတ္ထုတိုတပုဒ်ကို အခြေခံ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းက ကာလ်နဲ့ ဘက်ကီတို့ ဆန်ဒီရေးဂိုမြို့ကို ထွက်လာခဲ့ကြပါတယ်။ ဘက်ကီက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူ့ဘေးနားက ကားမောင်းနေတဲ့ ကာလ်က သူ့အကိုပါ။ ကားတောက်လျှောက် မောင်းလာရင်းနဲ့ လမ်းခုလတ်မှာ စကားပြောရင်း ခဏနားဖြစ်ကြပါတယ်။ 

ရှင်းလင်းနေတဲ့ လမ်းမကြီး အလယ်မှာ ကာလ်တို့ ကားလေးရယ်၊ ဘေးတစ်ဖက်မှာ ဘုရားကျောင်းတစ်ခုရယ် ရှိပါတယ်။ ကျန်တဲ့ ဘေးတစ်ဖက်မှာတော့ မျှော်မဆုံးအောင် ထူထပ်နေတဲ့ မြက်ရိုင်းရှည်တွေ ရှိပါတယ်။

အဲ့ဒီအချိန်မှာ မြက်တောထဲက ကလေးလေးတစ်ယောက် အော်ဟစ်အကူအညီတောင်းနေတာကို ကြားလိုက်ရပါတယ်။ ဘက်ကီရယ်၊ ကာလ်ရယ် နှစ်ယောက်စလုံး စိုးရိမ်ပူပန်မှုတွေနဲ့အတူ မြက်ရိုင်းတောထဲက ကလေးကို ကယ်ဆယ်ဖို့ မြက်ရိုင်းပင်ရှည်တွေကြားထဲကို တိုးဝင်သွားခဲ့ပါတယ်။

ဘက်ကီနဲ့ ကာလ်တို့ ကူညီဖို့ လိုက်ရှာနေတဲ့ ကလေးက တကယ်ပဲ အကူအညီလိုနေတာလား? ကူရောကူညီကယ်ဆယ်နိုင်ခဲ့လား? ဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပါ။ 

၄။ Evil Dead Rise (2023)

Evil Dead သရဲကားတွေကတော့ ထုံးစံအတိုင်း Horror ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့နေကျပဲ ဖြစ်ပါတယ်။ ရှေ့က လေးကားစလုံးလည်း ထိုက်သင့်သလောက် အောင်မြင်မှုရရှိခဲ့ပြီး ငါးကားမြောက် Evil Dead Rise ရုပ်ရှင်ဟာလည်း ၂၀၂၃ ထွက် Horror ရုပ်ရှင်တွေထဲမှာ တော်တော်လေး Rating ကောင်းခဲ့တဲ့ ကားပါ။ ဒါရိုက်တာ Lee Cronin ဟာ Evil Dead Rise ကို IMDb - 6.6/10 ရတဲ့အထိ လက်စွမ်းပြနိုင်ခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ အယ်လီဟာ ကလေးသုံးယောက်အမေ တက်တူးပညာရှင် Single Mother တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ညီမ ဘက်သ်ကတော့ ဂစ်တာပညာရှင်ဖြစ်ပြီး တစ်နေ့မှာ သူ့အစ်မအိမ်ကို လာလည်တဲ့အချိန် Evil Dead ရုပ်ရှင်တွေရဲ့ မပါမဖြစ် သေမင်းစာအုပ်ကြီးကို ကလေးတစ်ယောက် မတော်တဆ တွေ့သွားပြီး မိစ္ဆာတွေ လွတ်မြောက်လာတဲ့အခါ ဒီမိသားစု (၅) ယောက်မှာ ဘယ်သူတွေ သေပြီး ဘယ်သူတွေ ဘယ်လိုလွတ်မြောက်အောင် ရုန်းကန်ရမလဲဆိုတာ ရင်ထဲအေးခနဲ့၊ လှပ်ခနဲဖြစ်ဖြစ်နဲ့ ကြည့်ရမှာပါ။

၅။ A Quiet Place (2018)

ဒီဇာတ်ကားသည် အက်ရှင်ဇာတ်ကား Rampage ကို ကျော်တက်ပြီး မြောက်အမေရိကရဲ့ ဝင်ငွေအများဆုံး ရုပ်ရှင်စာရင်းရဲ့ ထိပ်ဆုံးနေရာကို ရောက်ရှိခဲ့ပါတယ်။ IMDb Rating 7.5 အထိ ရရှိထားပြီး နာမည်ကြီး Horror ရုပ်ရှင်တွေထဲကတစ်ခု အပါအဝင်ပါ။ ဒီဇာတ်ကားမှာ အီဗလင်းအဘော့အဖြစ် အမ်မလီဘလန့်၊ လီအဘော့အဖြစ် ဂျွန်ကရာဆင်စကီ၊ ရီဂန်အဘော့အဖြစ် မီလီဆန့်ဆင်မွန်၊ မားကက်စ်အဘော့အဖြစ် နိုအာဂျူတို့က သရုပ်ဆောင်ထားပါတယ်။ 

မျက်စိမမြင်ဘဲ အသံအာရုံခံပြီး တိုက်ခိုက်သတ်ဖြတ်တဲ့ သတ္တဝါတွေ ရန်ကနေ ကာကွယ်ဖို့ အသံမထွက်အောင် တိတ်တိတ်ဆိတ်ဆိတ် နေထိုင်နေရတဲ့ မိသားစုလေးရဲ့ ထိတ်လန့်စရာ အတွေ့အကြုံတွေကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ်ပါတယ်။ အီဗလင်းတို့ မိသားစုမှာ သမီးတစ်ယောက်၊ သားနှစ်ယောက်ရှိပြီး သမီးကြီးရီဂန်က နားမကြားသူလေးမို့ တခြားအိမ်သားတွေ အကုန်လုံးက လက်ဟန်ခြေဟန် အချက်ပြစကားနဲ့ပဲ အချင်းချင်း ပြောရပါတယ်။

မျက်စိကန်းနေတဲ့ သတ္တဝါတွေဟာ အသံကြားတာနဲ့ ရောက်လာပြီး အန္တရာယ်ပြုတာမို့ ဘာသံမှ မထွက်အောင် သတိထားပြီး နေနေရပါတယ်။ သူတို့နေထိုင်တဲ့ မြို့ဟာလည်း လူသူတစ်ယောက်မှ မရှိ၊ အသံဗလံတွေ တိတ်ဆိတ်နေတဲ့ မြို့ပျက်တစ်ခုလို ဖြစ်နေပါတယ်။ 

တစ်ရက်မှာတော့ မြို့ပျက်ထဲက ဆိုင်မှာ စားစရာတို့၊ အသုံးအဆောင်တို့ ယူပြီးအပြန် သားငယ်လေးက ဆိုင်က ယူလာတဲ့ ကစားစရာအရုပ်ကို ကစားလိုက်တဲ့အခါမှာ အသံမြည်သွားတာကြောင့် လီက တားဆီးဖို့ ကြံခဲ့ပေမယ့် အချိန်နှောင်းသွားပြီး သတ္တဝါကြီးတွေ လက်ချက်နဲ့ မျက်စိရှေ့တင် သားဖြစ်သူကို ဆုံးရှုံးခဲ့ရပါတယ်။

ဒီလိုနဲ့ ရက်တွေကြာလာပြီးတဲ့နောက် အီဗလင်းဟာ နောက်ထပ် ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားခဲ့ပါတယ်။ တစ်ရက်မှာတော့ အိမ်မှာ ခင်ပွန်းရော သားနဲ့သမီးရော မရှိချိန် အီဗလင်းဟာ ကိုယ်ဝန်အရင့်အမာနဲ့ အပြင်းအထန် ဗိုက်နာနေတဲ့အခါမှာ သတ္တဝါတွေကလည်း အသံကြားလို့ ရောက်လာတဲ့အချိန် ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။

⇐ Previous Next

Read 878 times